bap-logo
Data

S.O.F အနေဖြင့် ၂ နှစ်အတွင်း စခန်းသိမ်းပွဲ ၄ ခုနှင့် စစ်ဆင်ရေး တစ်ရာကျော် ဖော်ဆောင်ခဲ့ဟု ဆို

xLDi9OJq6A3_yTIAlFA7X-image

လွန်ခဲ့သော တစ်နှစ် က

 ဇူလိုင် ၂၂။

 

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲ ၄ ခုနှင့် ကျေးလက်မြို့တွင်း စစ်ဆင်ရေး တစ်ရာကျော် ဖော်ဆောင်ခဲ့သည်ဟု တပ်ဖွဲ့တည်ထောင်ခြင်း (၂) နှစ်ပြည့်နေ့ ယမန်နေ့က ထုတ်ပြန်သည်။

 

ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်း၊ ကျိုက်မရောမြို့နယ် တောင်ကလေးစခန်း၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းနှင့် ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

ကျေးလက်စစ်ဆင်ရေးအနေဖြင့် အဆိုပါစခန်းသိမ်းပွဲများ အပါအဝင် တိုက်ပွဲပေါင်း ၃၉ ကြိမ်၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ပွဲပေါင်း ၁၆ ကြိမ် ဆင်နွှဲခဲ့သည်ဟု သိရသည်။

 

မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ဧရာဝတီတိုင်း၊ စစ်ကောင်စီဝန်ကြီးချုပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှု အပါအဝင် ရန်ကုန်မြို့ရှိ ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာနှင့် စစ်တပ်၏ စစ်ဆေးရေးဂိတ်များနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

၂ နှစ်အတွင်း ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေး တိုက်ပွဲ ၁၀၇ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၂၆၂ ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ထို့အပြင် လက်နက်ကြီး/ငယ် ၅၄ လက်သိမ်းဆည်းရမိခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားတချို့ သိမ်းဆည်းရမိဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

S.O.F အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ပေါက်သည်အထိ တော်လှန် တိုက်ပွဲ ဝင်သွားမည်ဟု အသိပေးထားသည်။

 

ဓာတ်ပုံ- S.O.F

ပုံစာ- ကြာအင်းဆိပ်ကြီးမြို့ တိုက်ပွဲအတွင်း တွေ့ရသည့် S.O.F ပူးပေါင်းတပ်ဖွဲ့ဝင်များ

 

Burma Associated Press

အာဏာသိမ်း
စစ်တပ်
အထူးစစ်ဆင်ရေးတပ်ဖွဲ့

Share With
bap-logo