bap-logo
Data

ကေအဲန်ယူ၊ တပ်မဟာ ၆ တွင် ဇွန်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှု များကြောင့် ပြည်သူ နှစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရရှိခဲ့

QzGBATsfho87AxqpCdbnG-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၁။

 

ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) တွင် ဇွန်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှုများကြောင့် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

 

ဇွန်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ကိုးဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ကျူးလွန်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDOနှင့် ပူးပေါင်းစစ်ကြောင်းများက စစ်ကောင်စီတပ်နှင့် တိုက်ပွဲကြီး ငါးကြိမ်၊ တိုက်ပွဲငယ် ၂၄ ကြိမ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

 

စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦးနှင့် နယ်ထိန်းရဲ အရာရှိ တစ်ဦး အပါအဝင် ၄၆ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

 

ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးထားသည်။

 

စစ်ကောင်စီက ပြည်သူနေကျေးရွာများသို့ လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီး/ငယ် ရမ်းသမ်း ပစ်ခတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူပိုင် လမ်းများအား ပိတ်ပင်ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဥ် ကျူးလွန်လျှက်ရှိကြောင်း ကေအဲန်ယူက ဆိုသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ

ပုံစာ- ဇူလိုင် ၂၀ ရက်က လက်နက်ကြီး ထိမှန်ခဲ့သည့် ကလေးတစ်ဦး

 

Burma Associated Press

 

ကေအဲန်ယူ
စစ်တပ်

Share With
bap-logo