Editorial
အမှားကြာ အမှန်မဖြစ်စေရန်
လွန်ခဲ့သော တစ်နှစ် က
နွေဦးတော်လှန်ရေး၏ ပန်းတိုင်သည် ဖက်ဒရယ်ဒီမိုကရေစီဖြစ်သည်။ ထိုနိုင်ငံရေးစနစ်တွင် လူ့အခွင့်အရေး လေး စားလိုက်နာသော လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းများ ပါဝင်မည်။ အနာဂတ်မြန်မာနိုင်ငံကို ထိုသို့နည်းအားဖြင့် တည်ဆောက်ကြရန် ရည်ရွယ်၍ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေကြခြင်းဖြစ်သည်။
တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ အာဏာရရှိရေးနှင့် အာဏာတည်မြဲရေးအတွက် အားထုတ်ကြိုးပမ်းနေကြခြင်း မဟုတ်ပါ။ ထိုသို့ ကြိုးပမ်းကြရာတွင် နွေဦးတော်လှန်ဦးဆောင်သူများသည် အများပြည်သူအပေါ် မှားယွင်းသော မျှော်လင့်ချက်များနှင့် အချက်အလက်မပြည့်စုံသော အကြောင်းချင်းရာများကို မပေးမိစေရန် အလွန်သတိထားသင့်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း ဖြစ်ခဲ့သည့် ဖြစ်စဉ်များတွင် ဆင်ခြင်သုံးသပ်၍ သတိမူရမည့်ကိစ္စများရှိနေသည်။ ထိုသို့ သောအခြေအနေများသည် နွေဦးတော်လှန်ရေးကာလအတွင်း မကြာခဏဆိုသလို ဖြစ်လေ့ကြုံလေ့ရှိသည်။
စစ်ရေးအရ အောင်နိုင်ရန်နှင့် တော်လှန်ရေးအတွက် စိတ်ဓာတ်အင်အားဖြစ်စေရန် ခွန်အားတက်ကြွစေမည့် နည်း နာများကို အသုံးပြရပါသည်ဟု အကြောင်းပြဆိုနိုင်သော်လည်း လက်တွေ့အမှန်တရားဖြင့် ဝေးကွာလွန်းခြင်း မှာ လူမှုအသိုင်းအဝိုင်းအတွက် အလွန်အန္တရာယ်များသည်။
ထိုသို့ မပြည့်စုံသော၊ မှားယွင်းသော သတင်းအချက်အလက်များ အများပြည်သူအကြား စီးဆင်းနေခြင်းကြောင့် အများပြည်သူ၏ ယုံကြည်မှု ယုတ်လျော့ခြင်း၊ ပျက်ယွင်းခြင်းနှင့် အများပြည်သူ၏ဆုံးဖြတ်နိုင်စွမ်း မှန်ကန်မှု အ တွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ယင်းကြောင့် လူမှုအဖွဲ့အစည်းအတွင်း သဟဇတပျက်စီးစေပြီး ရည်ရွယ် ရာပန်းတိုင်သို့ ရောက်ရှိရန် လွန်စွာအဟန့်အတားဖြစ်စေသည်။
အထူးသဖြင့် စစ်ကောင်စီကဲ့သို့ ရန်သူအဖွဲ့အစည်း၏ ကြားဝင်သပ်လျိုနိုင်ခြင်းကို အားပေးရာရောက်ပြီး မိမိတို့ တော်လှန်ရေးအင်အားစုများအပေါ် ယုတ်လျော့စေရန် အားထုတ်နိုင်မှုကို အားပေးရာရောက်စေသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် အများပြည်သူ၏ မှန်ကန်သောသတင်းအချက်အလက်သိပိုင်ခွင့် ကို လေးစားလိုက်နာပြီး အခြေအနေအမှန်များကို ထုတ်ပြန်တင်ပြနိုင်ရန် အားထုတ်သင့်ပါသည်။ ထိုသို့ တင်ပြခြင်း ဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲဆင်ရန်အထောက်အပံ့ကောင်းများ ရလာနိုင်မည်ဖြစ်ကြောင်း တင်ပြရပါသည်။
Burma Associated Press