bap-logo
Editorial

ရှေ့သို့သည်သာ

v__Ki6Gs5v0sPF-1bLIdb-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ပိုမိုဆိုးရွားလာခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သား ပစ်မှတ်များကိုပါ လေကြောင်းဖြင့် တိုက်ခိုက်သည့် ဖြစ်ရပ်များရှိနေသည်။ လေ‌ကြောင်း တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် တော်လှန်ရေးအင်အားစုများသည် အကျပ်အတည်းတွေ့နေပြီး နိုင်ငံတကာ၏ အကူအညီလည်း အလုံအလောက်မရရှိဘဲ ဖြစ်နေသည်။

 

ယင်းအခြေအနေကို တစ်စုံတရာ အဟန့်အတားဖြစ်စေရန်နှင့် လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင် သတိ ပေး ကာကွယ်နိုင်ရန်အတွက် လေကြောင်းကင်းထောက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၁၆ တွင် ဖိတ်ခေါ်ခဲ့သည်။

 

နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို မရရှိသော စစ်ကောင်စီသည်လည်း ရုရှားနိုင်ငံဖြင့် ဆက်ဆံရေးကို ပိုမိုပြသလာခဲ့သည်။ နျူကလီးယား ပိုင်ဆိုင်လိုမှု၊ ရုရှားနှင့် အနီးကပ်ဆက်ဆံရေးကို ပြသမှု၊ မြန်မာ စစ်တပ်၏ ရုရှားနှင့် နှစ်ကာလကြာရှည်စွာ ဆက်ဆံရေးအခြေအနေရှိ‌နေခဲ့မှု အစရှိသည်တို့မှာလည်း အာဆီယံနှင့် နိုင်ငံ တကာအပေါ် သံတမန်ရေးအရ ထုတ်ပြထားသော စစ်ကောင်စီ၏ ခြေလှမ်းများ ဖြစ်သည်။

 

လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ကို အကြောင်းပြု၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်တပ်ဆင်ကြောင်း သတင်းများထွက်ပေါ်လာသည်။ ထိုအခြေအနေသည် နိုင်ငံတစ်ခု၏ အသေးဆုံးယူနစ်တစ်ခုကို ကောင်းမွန်စွာ အုပ်ချုပ်မှု မပြုနိုင်ကြောင်း ပြသရာရောက်သကဲ့သို့ အာဏာတည်မြဲရေးနှင့် အကြောက်တရားဖြင့် အုပ်ချုပ်နိုင် ရန် အသေးဆုံးယူနစ်အထိ ရမ်းကားခွင့်ပေးလိုက်ရာသို့လည်း ရောက်သည်။

 

ရပ်ကွက်ကျေးရွာအတွင်း သေနတ်တရမ်းရမ်း၊ ဓားတဝင်းဝင်းဖြင့် အရပ်သားအချင်းချင်း ဖိနှိပ်အုပ်ချုပ်နိုင်ရန် ဟန်ပြင်လာခြင်းသာဖြစ်သည်။ တစ်ဖက်တွင်လည်း ယင်းအခြေအနေများကို ကျားကန်ပေးနိုင်မည့် စစ်အုပ်ချုပ် ရေးနှင့် စစ်ခုံရုံးတို့ကို ခွင့်ပြုပေးထားသည်။

 

ထို့ပြင် နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် ပြည်တွင်း စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာခဲ့သူများနှင့် ထွက်ခွာရန်ပြင်ဆင်နေသူများကို ထိန်းချုပ်နိုင်ရန် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုအား ကန့်သတ်ခြင်း၊ မြို့ပြ ဒေသများတွင် တည်ငြိမ်အေးချမ်းနေကြောင်း ပြသနိုင်ရန်ကြိုးပမ်းနေခြင်းနှင့် ရွေးကောက်ပွဲအတွက် ဟန်ရေးပြ နေခြင်းများသည် စစ်ကောင်စီ၏ ဗျူဟာကျကျ အခင်းအကျင်းများသာ ဖြစ်သည်။

 

အကျွတ်တရားရပြီး နောင်တကြီးစွာ နောက်ဆုတ်သွားကြမည့် ခြေလှမ်းတစ်လှမ်းမှ မရှိသည်ကို သတိပြုရမည်။

 

ထိုသို့နောက်ဆုတ်မရမည့် ခြေလှမ်းအသီးသီးအကြားတွင် ကာလအားဖြင့် အကန့်အသတ်သည် ၂၀၂၃ ခုနှစ်၊ နှစ် ဖြစ်သည်။ တော်လှန်ရေးကာလ အဆုံးအဖြတ်နှစ်ဟု ကြေညာထားသည်နှင့်အညီ ကုန်ဆုံးသွားခဲ့သည့် ကာလ ရှိခဲ့ပြီကို သတိပြုအပ်ပါသည်။

 

တစ်ဖက်၌ ထိုကာလအတွင်း လက်နက်ခဲယမ်းဖြည့်တင်းခြင်းနှင့် ရဲဘော်များ၏ စွမ်းရည်ပြည့်ဝရေး မွမ်းမံ သင်တန်းများ ပြုလုပ်သင်ကြားပေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များ ခပ်စိပ်စိပ် တွေ့လာရသည်။

 

ကော်ဘရာ၊ ဒေါန၊ ကျားသစ်နက်၊ တောင်ညို၊ နဂါးနီ၊ နဂါးဖြူနှင့် ကျားဖြူစစ်ကြောင်းများကို လက်နက်များ အသီးသီးတပ်ဆင်ပေးခဲ့ကြောင်း ထုတ်ပြန်လာသည်။

 

အခြေအနေများအပေါ် သုံးသပ်ကြည့်ပါက စစ်ရေးအရ တိုက်ပွဲခေါ်ခဲ့ပြီးချိန်တွင်၊ လက်နက်ကိုင် တော်လှန်ရေး ဖြင့် အာဏာရှင်ဖြုတ်ချနိုင်မည်ဟု ယုံကြည်၍ ထိုလမ်းကို ရွေးခဲ့ပြီးချိန်တွင် အပြောနှင့်အလုပ် ညီညွတ်‌စေရန် အကောင်အထည်ဖော်ခြင်း၊အစိုးရတစ်ရပ် ဆိုသည်ထက်ပိုသော တော်လှန်ရေးအစိုးရ ဖြစ်မှုဘက်ဆီသို့ အပီအပြင် ဦးလှည့်ရမည်ဖြစ်ခြင်းတွင် အခိုင်အမာရှိနေခဲ့ပြီဖြစ်သည်။

 

ထိုသို့ မဟုတ်ပါက အများပြည်သူက ယုံကြည်ကိုးစား၍ လုပ်ပိုင်ခွင့်အပ်နှင်းထားသည်များ အဟောသိကံအဖြစ် ရောက်ရှိသွားမည်ဖြစ်သည်။ မြန်မာ့အနာဂတ်နှင့် အများပြည်သူ့ လူမှုဘဝသည် အမှောင်အတိကျ၍ ဆင်းရဲ တွင်း၌ နလံထူနိုင်လိမ့်မည် မဟုတ်သည်ကို သတိပြုသင့်ပါသည်။

 

Burma Associated Press

 

 

အာဏာသိမ်း
အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာ
စစ်ကောင်စီ

Share With
bap-logo