Editorial
အယ်ဒီတာ့အာဘော်
လွန်ခဲ့သော ၂ နှစ် က
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို စစ်ကောင်စီက ထုတ်ပြန်လာသည်။ စစ်ကောင်စီအဖွဲ့၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ အစည်းအဝေးသဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ၌ ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့သည်။
ထို့အတူ စစ်အုပ်ချုပ်ရေးပြဌာန်းခဲ့သော ဒေသများတွင် ညမထွက်ရနှင့် လူစုလူဝေးမပြုလုပ်ရန်အမိန့်များကို ထုတ်ပြန်လာပြီး နယ်မြေအေးချမ်းရေးအကြောင်း ပြ၍ ဖိနှိပ်ချုပ်ချယ်ရန် ပြင်ဆင်လာသည်။
နိုင်ငံတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားသောမြို့နယ်များတွင် တိုက်ခိုက်မှုများ လျော့နည်းသွားရန် ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက် စစ်ကောင်စီအဖွဲ့ အစည်းအဝေး တွင် ပြောခဲ့သည်။
မကြာမီကာလက ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဖြင့် မှတ်ပုံတင်လာသော နိုင်ငံရေး ပါတီများရှိကြောင်း သတင်းများကို မီဒီယာအချို့တွင် မြင်လာရသည်။ ထို့အတူ ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစနစ်အသုံးပြုရန် ပြင်ဆင်လာသည်။
တစ်ဖက်တွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၃၂ မြို့ နယ် တွင် တည်ငြိမ်မှုမရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားခဲ့သည်။
နိုင်ငံတကာဖိအားဘက်တွင်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရေး ပြောဆိုလာကြပြီး အမျိုးသားညီညွတ်ရေးအစိုးရဖြင့် ထိတွေ့ဆက် ဆံရန် တိုက်တွန်းသည်များ ရှိခဲ့သည်။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းများအရ စစ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့်အလွန်တွင် စစ်ကောင်စီသည် အဘက် ဘက်မှ ထောင့်စေ့ရန် ပြင်ဆင်လာသည်ကို မြင်ရပြီး သူ့၏အစွယ်ကိုလည်း ထုတ်ပြတတ်ကြောင်း တွေ့လာ ရသည်။
အဖက်ဖက်က ရှုံးနိမ့်နေသော စစ်ကောင်စီသည် သက်တမ်းတိုး အာဏာသိမ်းကာလ ၆ လအတွင်း ယင်းတို့ လိုချင်သော အခြေအနေတစ်ခုကို ရရှိရန် အပြင်းအထန်အားထုတ်နေ သည်။
ပြည်သူလူထုကလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်ဖြင့် အာဏာရှင်မလိုလားကြောင်း ပြသ ပြီးဖြစ်သည်။ ထိုသို့ အားထုတ်သည့်နည်းတူ တော်လှန်ရေးအင်အားစုများကလည်း နွေဦးတော်လှန်ရေးအောင်ပွဲ အတွက် အရှိန်မြှင့်လာကြမည်။ စစ်ကောင်စီတပ်စခန်းများအား စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များ ပိုများလာခဲ့သည်။
ထိုသို့ဖြင့် ပြင်းထန်သော နွေဦးတော်လှန်ရေး လှိုင်းလုံးအရှိန်များဖြစ်ပေါ်လာပါက ယင်းကိုခံနိုင်ရန်နှင့် ထောက်ပံ့ နိုင်ရန် အစီအမံကောင်းများ လိုအပ်သည်။ ထိခိုက်၊ပျက်စီး၊ အား လျော့သွားသည်များကို အားပြန် ဖြည့်နိုင်ရန်လို အပ်မည်။
ပြည်သူလူထု၏ အဖက်ဖက်မှ အဆုံးအရှုံးများ၊ ခံနိုင်ရည်အားများနှင့် ကုန်ခမ်းသွားသော အင်အားများကို ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်သည်။
ပြင်းထန်နေသော၊ ပြင်းထန်လာနိုင်သော နွေဦးတော်လှန် ရေးအရှိန်အဟုန်များကြောင့် ဘေးသင့်လာနိုင်သည့် ပြည် သူများအတွက် လူသားချင်းစာနာထောက်ထားမှု အစီအမံများ ရရှိနိုင်ရေး အစီအစဉ်တကျ ကြိုတင်စီမံ ဆောင်ရွက်သင့်သည်။
ထိုသို့ စနစ်ကျစွာ အဖက်ဖက်မှ ဆောင်ရွက်စီမံထားနိုင်ခြင်းသည် နွေဦးတော်လှန်ရေးအပေါ် တန်ပြန်အကျိုး သက်ရောက်ကြောင်း သတိပြုအပ်သည်။ နိုင်ငံရေး၌ တိုက်ဆိုင် သည်ဟူသော အကြောင်းတရား မရှိကြောင်း ဆင်ခြင်အပ်သည်။ သို့မှသာ ၂၀၂၃ ခုနှစ် တော်လှန်ရေးအဆုံးအဖြတ်သည် ပြည်သူ့အောင်ပွဲဖြစ်လာမည်။
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က