bap-logo
Editorial

တစ်ခုတည်းသော လမ်း

QR9z-9TbZSQlIpZamhuJQ-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကောင်စီသည် အာဏာသိမ်းသက်တမ်းကို ထပ် မံတိုးလိုက်သည်။ ထိုသို့ တိုးလိုက်ခြင်းသည် ယင်းတို့ ကိုင်စွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပင် ကိုက်ညီမှုမရှိဘဲ ဥပဒေမဲ့လုပ်ရပ်သာ ဖြစ်သည်ဟု ဝေဖန်သုံးသပ် ကြသည်။

 

ရွေးကောက်ပွဲ မဲမသမာဟု အကြောင်းပြ၍ ယင်းတို့၏ အဆို "အာဏာထိန်းခြင်း" မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ညီသည်မဟုတ်ပါ။ တကယ်တော့ ယင်းသည် ဥပဒေ မလိုက်နာခြင်း၊ ဥပဒေမဲ့ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

 

စစ်ကောင်စီက ကျင့်သုံးသည်ဆိုသော တနည်း လိုက်နာသည်ဆိုသော ဥပဒေမှာလည်း ပြည်သူလူထုကို အာဏာ ရှင် ပီသစွာ ဖိနှိပ်ချုပ်ခြယ်ရန် ပြဌာန်းထားသော ဥပဒေအမည်ခံများသာဖြစ်သည်။

 

လူ့အခွင့်အရေးစံနှုန်း ကင်းမဲ့နေသော ဥပဒေများ၊ တန်းတူညီမျှမှု ကင်းမဲ့နေသော ဥပဒေများ၊ တရားမျှတမှု ကင်းမဲ့နေသော ဥပဒေများနှင့် အာဏာရှင်တည်မြဲရေး ကျားကန်ပေးနေသည့် ဥပဒေများသာ ဖြစ်သည်။

 

အာဏာသိမ်းခြင်း နှစ်အလွန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီ ဥက္ကဌအဖြစ် အာဏာကို ဆက်လက်ယူထားပြီး ယင်း၏ အဖွဲ့ကို ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့သည်။ လုပ်ပိုင်ခွင့် အာဏာများကို သူ့နောက် လိုက်များဆီ ပိုမိုတိုးပေးခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ခုရှိ မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

 

ထိုသို့ ကြေညာသည်နှင့်အတူ သက်ဆိုင်ရာဒေသ၏ တိုင်းမှူးများထံသို့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ များကို အပ်နှင်းခဲ့သည်။ တရားစီရင်ခြင်းကို စစ်ခုံရုံးဖြင့် စီရင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ‌၏ တရားစီရင်ရေးစနစ်တွင် အရပ်ဖက်ဆိုင်ရာ တရားရုံး၊ စစ်ဖက်ဆိုင်ရာ တရားရုံးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟူ၍ တရားစီရင်ရေးပုံစံများ ရှိသည်။ စစ်အုပ်ချုပ်ရေးကြေညာ၍ စစ်ခုံရုံးဖြင့် တရားစီရင် မည် ဆိုသည်မှာ အရပ်ဖက်ဆိုင်ရာ တရားစီရင်ရေးကို မကျင့်သုံးတော့ပါဘဲ စစ်ဖက်ဆိုင်ရာ တရားစီရင်ရေး ကိုသာ ကျင့်သုံးမည်ဟူသော သဘောဖြစ်သည်။

 

ထိုသို့ ကျင့်သုံးခြင်းသည့်အခါ ရှေ့နေငှားရမ်းခွင့် မရခြင်း၊ အကျဉ်းချုံးနည်းဖြင့် အမှုစစ်ဆေး၍ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံဝင်ခွင့် မရရှိခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်သည်။

 

ယင်းသို့ စစ်ကောင်စီဘက်တော်သားများ ထင်ရာပြုမူနိုင်သည့် တရားစီရင်ရေးအောက်တွင် တရားမျှတမှု ဆိုသည်မှာ အလွန်အလှမ်းဝေးသော ကိစ္စတစ်ရပ် ဖြစ်လာပြီး စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ကြတော့မည် ဖြစ်သည်။

 

နယ်မြေတည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် အသက်အိုးအိမ်စည်းစိမ်များကို ပျက်စီးအောင် ကျူးလွန်ကြတော့ မည်။ ထိုသို့ ကျူးလွန်မည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌမင်းအောင်လှိုင်က လူသိရှင်ကြား တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်အုပ်ချုပ်ရေးအတွက် အမြင့်ဆုံးသော အာဏာရှိသူသည် မင်းအောင်လှိုင်ဖြစ်သဖြင့် ကျူးလွန်ခဲ့သမျှသော ကျူးလွန်မှုများအားလုံး၊ စစ်ရာဇဝတ်မှုများအားလုံးကို မင်းအောင်လှိုင်က တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။

 

ဖော်ပြပါကိစ္စများကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်များသည် ဒီမိုကရေစီကို လူအထင်ကြီးရုံသက်သက် ပြောဆိုနေကြောင်းနှင့် ဖက်ဒရယ်စနစ်အပေါ် အလေးထားလိုခြင်း စိတ်ဆန္ဒမရှိ‌ကြောင်း သိသာထင်ရှားသည်။ ဒီမိုကရေစီစနစ်အတွက် အာမခံပေးခြင်းတစ်ရပ်သည် တရားဥပဒေစိုးမိုးခြင်း ဖြစ်သည်။ ယခုအခါ တရားဥပဒေ စိုးမိုးခြင်းသည် လုံးဝအလုံးစုံပျက်သုဉ်းသွားပြီဖြစ်သည်။

 

စစ်အုပ်ချုပ်ရေးသတ်မှတ်၍ စစ်ခုံရုံးစနစ်ကျင့်သုံးလာခြင်းသည် ဒီမိုကရေစီစနစ်ကို ကျောခိုင်းလာခြင်း ဖြစ်သည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျှခြင်းတို့ဖြင့် လမ်းခွဲ၍ ယင်းတို့၏ ဆန့်ကျင့်ရာလမ်းကို သိသာထင်ရှားစွာ အပြည့်အဝ လျှောက်လှမ်းလာခြင်းဖြစ်သည်။

 

အာဏာရှင်စနစ်တည်မြဲနိုင်ရေးအတွက် အားထုတ်ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်လိုသော စိတ်ဆန္ဒများ စစ်ကောင်စီတွင် လုံးဝ(လုံး၀) မရှိကြောင်း ပေါ်လွင်ထင်ရှားသည်။

 

ထို့ကြောင့် အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ပြတ်ရန်သာ အကြွင်းမဲ့အားထုတ်သင့်ပြီး စစ်ကောင်စီ ပြောသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေး စကားရပ်များသည် ခွေးပါးစပ်မှ နတ်စကား ထွက်ခြင်းသာဖြစ်သည်။ ထို့အတွက် အာဏာရှင်အား အမြစ်ပြတ်တိုက်ထုတ်ရုံမှတစ်ပါး အခြားရွေးချယ် စရာ မရှိတော့ပါ။

 

Burma Associated Press

စစ်ကောင်စီ
မြန်မာ
မင်းအောင်လှိုင်
စစ်အုပ်ချုပ်ရေး
ရွေးကောက်ပွဲ

Share With
bap-logo