bap-logo
Editorial

မူး၍ရှုစရာမရှိသည်အား မမေ့နှင့်

m1rDBM-OR5ovCFzmgeiEE-image

လွန်ခဲ့သော ၃ နှစ် က

တော်လှန်ရေး၏ အဆုံးအဖြတ်ကို မကြာမီကာလတိုအတွင်း သိမြင်ရတော့မည်။ အာဏာရှင် သက်ဆိုးရှည်မည် လောနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် စတင်ထူထောင်နိုင်မည်လောဆိုသော အခြေအနေနှစ်ရပ် အနက် တစ်ရပ်ကို ရရှိကြလိမ့်မည်။ ယင်းသည် အရှိတရားဖြစ်သည်။

 

အများပြည်သူလိုလားတောင့်တသည်နှင့် အာဏာရှင်လိုချင်တက်မက်နေသည်များသည် အဖြူအမည်း အတိအကျ ကွဲပြားနေသလို လယ်ပြင်၌ ဆင်သွားနေသကဲ့သို့ ထင်ရှားလွန်းနေသည်။

 

ထိုသို့ ထင်ရှားနေသည်များထဲတွင် အာဏာရှင်သည် ယင်း၏ အာဏာတည်မြဲရေး၊ လာမည့် နိုင်ငံ အခင်းအကျင်း တွင် တရားဝင်စွက်ဖက်နေခွင့် ရနေရေးနှင့် ရင်ဘောင်တန်း ပုခုံးယှဉ်လာမည့် နိုင်ငံရေး အင်အားစုများ ခေါင်း မထောင်လာနိုင်ရန် ချိုးနှိမ်ထားနိုင်ရေး စသည်တို့ကို အကွက်ကျကျ၊ ကလိမ်ကျစ်စွာဖြင့် ပုံဖော်နေသည်။

 

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောနေချိန်တွင် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဇော်မင်းထွန်းက မတည်ငြိမ်သော နိုင်ငံအခြေအနေများကို လက်ညှိုးထိုး၍ ရွေးကောက်ပွဲ ကျင်းပ နိုင်ချေကို မယုတ်မလွန်ဆိုလာပြန်သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေသစ်ကို ထုတ်ဖော်လာပြီး အာဏာသိမ်းသက်တမ်း နှစ်ပြည့်မည့် ဖေဖော်ဝါရီ ရက်တွင် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ(ကာလုံ) အစည်းအဝေးကို ပြုလုပ်ရန် စီမံနေပြန်သည်။

 

ကာလုံအစည်းအဝေး ဆိုသည်မှာလည်း ဥပဒေအရ ပြုမူသည်ဟု အသံကောင်းထုတ်နိုင်ရန် ဤကို ကျွဲဖတ်၍ အာဏာထောက်တိုင် ထောင်ထားကြသည်ဖြစ်ခြင်း တစ်ဖုံ၊ တိကျရှင်းလင်းစွာ ပြဌာန်းထားသည် မဟုတ်သော ဥပဒေရေးရာပြဌာန်းချက်အရ တစ်ကြောင်း စစ်ကောင်စီသည် လိုရာဆွဲ၍ ဆုံးဖြတ်နိုင်နေသည်။ ထိုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု အကြောင်းပြ၍ နိုင်ငံ့အာဏာကို ကလိမ်ကျ သိမ်းထားနိုင်ပြန်သည်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို စစ်ကောင်စီအနေဖြင့် ဖေဖော်ဝါရီ ရက်မတိုင်မီ အတည်ပြုပြ ဌာန်း ခဲ့သည်။ ထိုသို့ ပြဌာန်းရာတွင်လည်း အာဏာရှင်သည် ယင်းတို့ အသာရနိုင်မည့် အခြေအနေများကိုသာ ထည့်သွင်းပြဌာန်းပြီး အခြားသော နိုင်ငံရေးပါတီများ၏ ပါဝင်ယှဉ်ပြိုင်ခွင့်ကို အကွက်ကျကျ ထိန်းသိမ်းကန့်သတ် ထားသည်။

 

ထိုသို့ ထိန်းသိမ်းကန့်သတ်လာသည်နှင့် လက်ရှိနိုင်ငံရေးပါတီများ ရပ်တည်နေမှုအခြေအနေအရ သုံးသပ်ကြည့် ပါက တစ်ပါတီစနစ်အခင်းအကျင်းကို ဦးတည်ထားသည်ကို မြင်ရသည်။ အားလုံး ပါဝင်နိုင်မှုကို ချေဖျက်ထားပြီး တရားမျှတခြင်း၊ တန်းတူညီခြင်းနှင့် မတူကွဲပြားခြင်းများကို လစ်လျူရှု့ထားသည်။

 

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုသော်လည်း အများပြည်သူ၏ ရွေးကောက်ပွဲအပေါ် ယုံကြည် မှု၊ မဲပေးလိုသည့် ဆန္ဒနှင့် မဲပေးနိုင်ချေရှိသည့် အခင်းအကျင်းများသည် အလွန်နည်းပါးနေလေသည်။ ရွေး ကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်အပေါ် အများပြည်သူ၏ ယုံကြည်မှု လုံးဝ မရရှိနိုင်သော အနေအထားလည်း ဖြစ်သည်။

 

အထက်ဖော်ပြပါ အကြောင်းအရင်းကို ကြည့်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးစိတ်ဆန္ဒကို အထင်အရှား သိမြင် နိုင်သည်။ ယင်းတို့ အာဏာရရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေးကိုသာ အလေးထားကြောင့် ပိုမိုရှင်းလင်း ထင်ရှားသည်။

 

ထို့ကြောင့် စစ်တပ်နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲ အခင်းအကျင်းဖြင့် မြန်မာ့နိုင်ငံရေး အဖြေရှာလိုသူ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးသမားများ အမြင်မှန် ရသင့်ပါပြီ။ နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့ဖူးသည့် စစ်တပ်ကျေးဇူး မူး၍ပင် ရှုစရာမရှိ ဆိုသောစကားကို အမှတ်ရသင့်ပါသည်။

 

အများပြည်သူ၏ အားပေးထောက်ခံမှုနှင့် လုပ်ပိုင်ခွင့်ကို အပ်နှင်းခံထားရသူများနှင့် နိုင်ငံရေး အင်အားများ အနေ ဖြင့် ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ်ပေးမည့်နှစ်ဟု ကြေညာထားသည်နှင့်အညီ စစ်ကောင်စီက ခင်းကျင်းလာ သည်များကို လိုက်လံ၍ ခုခံနေသည်ထက် လာမည့် ၁၁ လာတာ ကာလအတွင်း အရှိန်အဟုန်တင်၍ ပြုသင့် ပြုထိုက်သည်များကို အကွက်ကျကျ ပြုနိုင်ပါမှ ဆိုသည့်စကားမြဲမည်ကို သတိချပ်အပ်ပါသည်။

 

Burma Associated Press

မြန်မာ
အာဏာသိမ်း
ရွေးကောက်ပွဲ

Share With
bap-logo