Editorial
ကာလတိုအတွင်း ပေးရတော့မည့် အဆုံးအဖြတ်
လွန်ခဲ့သော ၃ နှစ် က
ရွေးကောက်ပွဲကို ကျင်းပနိုင်ရန်သာ စစ်ကောင်စီသည် အားထုတ်လိမ့်မည်။ မည်သည့်နိုင်ငံတကာ အဖွဲ့အစည်း၊ မည်သည့်နိုင်ငံ၊ မည်သည့်အစုအဖွဲ့က ကန့်ကွက်သည်ဖြစ်စေ စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အားထုတ်ပေလိမ့်မည်။ ရွေးကောက်ပွဲသည် ယင်းတို့၏ နိုင်ငံရေး ထွက်ပေါက်ဖြစ်သကဲ့သို့ ယင်းတို့ လမ်းစဉ်၏ ပန်းတိုင်လည်း ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိသော ကာလအပိုင်းအခြားကို ယင်းတို့က ထုတ်ပြထားသလို လိုအပ်မည်ဟု ထင်ရ သော လုပ်ဆောင်မှုများကိုလည်း ဖော်ထုတ်ပြလျက်ရှိသည်။ ယင်းဖြစ်စဉ်များကို ဆန့်ကျင်ကန့်ကွက် တော်လှန် နေသည့် အကြားမှ စစ်ကောင်စီသည် ချနင်းရင်းနှီးသင့်သည်များကို ရက်စက်စွာ အမှီးပြု၍ ရွေးကောက်ပွဲကို ကျင်းပသွားလိုဟန်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စစ်ကောင်စီတို့၏ တူညီနေသော လိုအပ်ချက်မှာ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုခံရရေးဖြစ်သည်။ အသိအမှတ်ပြုခံရခြင်းဆိုရာတွင် အများပြည်သူ ထောက်ခံမှုကို ဆိုလိုရင်း မဟုတ်ပါ။ နိုင်ငံတကာနှင့် ဒေသအတွင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းနှင့် သံခင်းတမန်ခင်းအရ အစိုးရတစ်ရပ်အဖြစ် လက်ခံဆက်ဆံခြင်းကို ဆိုလိုသည်။
ပြည်သူလူထုထောက်ခံမှုအပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ရာခိုင်နှုန်းပြည့် ရရှိပြီး ဖြစ်သည်။ ယင်းတို့အား နိုင်ငံတကာက ထိတွေ့နေခြင်းသည် အစိုးရတစ်ရပ်အနေဖြင့် လက်ခံနေခြင်း မဟုတ်သေးပါ။
အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းရာတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နည်းဗျူဟာတစ်ခုဖြစ်သည်။ စစ်ကောင်စီသည် ယင်းတို့ အမည်ပေးထားသည့် ယာယီအစိုးရကို အသိအမှတ် ပြုရန် ကြိုးစားမည် မဟုတ်ပါဘဲ ရွေးကောက်ပွဲကြောင့် ဖွဲ့စည်းလာမည့် အစိုးရအဖွဲ့ကို ၂၀၂၃ ခုနှစ်အတွင်း အသိ အမှတ် ပြုနိုင်အောင်ကြိုးစားလာမည်ဖြစ်သည်။
ဘောင်းဘီဝတ်၍ အုပ်ချုပ်နေသည်မှ ပုဆိုးတိုက်ပုံဝတ်၊ ခေါင်းပေါင်း၍ အုပ်ချုပ်ခြင်းသို့ အရောင် ပြောင်းရန် ကြိုးပမ်းကြလိမ့်မည်။
ပါတီစုံပါဝင်ခြင်း၊ လွှတ်တော်ခေါ်ယူခြင်းနှင့် ဖွဲ့စည်းပုံပြည့်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတို့ဖြင့် အာဏာသိမ်း ခြင်းနှင့် စစ်ကောင်စီဖြင့် အုပ်ချုပ်ခြင်းများကို ပြည်ဖုံးကားချ စခန်းသိမ်းပေလိမ့်မည်။ ယင်းသို့ဖြင့် နိုင်ငံတကာ သည်လည်း သံတမန်ခင်းဖြင့် ချဉ်းကပ်ရင်း စစ်အာဏာရှင်၏ ကကြိုးကကွက်ထဲတွင် ယင်းတို့ ခင်းသည့် ဇာတ်ကြောင်းအတိုင်း ပါဝင်ကပြရပေလိမ့်မည်။
အလားတူ အခင်းအကျင်းများကို မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ခေတ်အဆက်ဆက်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၀-၂၀၂၀ နိုင်ငံရေးအခင်းအကျင်းတို့တွင် အထင်အရှား တွေ့ခဲ့ကြပြီးဖြစ်သည်။
ထို့ကြောင့် အများပြည်သူ၏ ထောက်ခံမှုကို အပြည့်အဝရထားသော၊ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း ခံထားရ သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်နေသည်သာမက ယင်းကာလအလွန် ဖြစ်လာနိုင်မည့် ဖြစ်တန်ချေများကိုပါ ထည့်သွင်း တွက်ချက်သင့်သည်။
ထိုဖြစ်တန်ချေများအရ ယင်းတို့အား တန်ပြန်နိုင်မည့် မဟာဗျူဟာများကို ချမှတ်သင့်သည်။ အစိုးရတစ်ရပ် အဖြစ် အသိအမှတ်ပြုမှု ရရှိလာစေရန် ပိုမိုလုံ့လစိုက်အား ထုတ်သင့်သည်။ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး၏ အဆုံးအဖြတ် ကာလဟု ဆိုထားသည်နှင့်အညီ ထိုကာလ၏ သက်တမ်းသည် အလွန်တိုတောင်းသော အချိန် အဖြစ်သာ ကျန်ရှိနေခြင်းကို သတိပြုသင့်သည်။
နောင်လာမည့် ၁၁ လတာကာလအတွင်း နွေဦးတော်လှန်ရေးရလဒ် အဆုံးအဖြတ်ကို ကတိကဝတ်အတိုင်း အဖြေ ပေးရတော့မည်ဖြစ်ကြောင်းနှင့် အချိန်မနှောင်းမီ ပြုသင့်ပြုအပ်သည်ကို အရှိန်မြှင့်၍ ပြုမူရန် လိုအပ်နေပြီ ဖြစ်ကြောင်း အလေးအနက်တင်ပြအပ်ပါသည်။
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က