Politics
နေရပ်ပြန် ဆီဆိုင်ဒေသခံတွေ လူတစ်ဦးကို စစ်မှုထမ်းစားရိတ် တလ ၁ သိန်းနဲ့ လေးနှစ်အထိပေးရဖို့ရှိနေ
လွန်ခဲ့သော ၈ လ က
ဇွန် ၁၅။
တိုက်ပွဲတွေငြိမ်သက်တာကြောင့် နေရပ်ပြန်လာတဲ့ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့ခံတွေ စစ်မှုထမ်းစားရိတ် လူတစ်ဦးကို တစ်လ ကျပ် ၁ သိန်းနဲ့ လေးနှစ်အထိပေးရမယ်လို့ စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ကြေညာနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
စစ်မှုထမ်းဖို့အကျုံးဝင်သူ အမျိုးသားတွေရှိတဲ့နေအိမ်တိုင်း တစ်လတစ်သိန်းနှုန်းနဲ့ကောက်ခံတဲ့ အစီစဥ်ကြောင့် နေရပ်ပြန်လည်နေထိုင်တဲ့ မိသားစုတွေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်မှုထမ်းစာရင်းပါဝင်နေတဲ့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
"ခုကတစ်လတစ်သိန်းနဲ့ လေးနှစ်လုံးပေးရမယ်ဆို ၄၈ သိန်းတောင်ကျမှာပေါ့၊ တစ်လချင်းပေးရမှာလား၊ တစ်နှစ်စာပေးရမှာလားတော့ မသိသေးဘူးလေ၊ သတင်းစကြားကတည်းက မိဘတွေသောကရောက်နေကြရတာ၊ နေစရာအိမ်တောင် မဆောက်ရသေး၊ သူတို့က ငွေစညစ်နေပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ဆီဆိုင်မြို့နယ်ကရွာအချို့ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အတင်းအကြပ် ခေါ်ယူနေသလို စစ်မှုထမ်းစားရိတ် အဓမ္မတောင်းယူနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေက စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ နေအိမ်ပြန်မလာပါက အိမ်ကို မီးရှို့မယ်၊ နေအိမ်ပြန်လာပါက တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်၊ စစ်လှုပ်ရှားစားရိတ် တစ်လ ၂ သိန်းထည့်ရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းယူနေကြတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အသိပေးထားပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ဘေးရှောင်နေတဲ့ နောင်ကျောကျေးရွာအုပ်စု ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဆီဆိုင်မြို့ပေါ်က ရပ်ကွက်တွေကိုပါ ကောက်ခံဖို့ စတင်စီစစဥ်နေတာကြောင့် မိဘတွေ ကြံရာမရ ဖြစ်နေရတာလို့ သားရှင်မိဘတွေက ပြောပါတယ်။
"စစ်ရှောင်ပြီးတော့ နေအိမ်ပြန်လာတယ်၊ အိမ်ကမီးထဲပါသွားတယ်၊ ခုစစ်သားမလုပ်ရင် တစ်ယောက်ကို တစ်လတစ်သိန်းနဲ့ ကောက်မယ်ဆိုတော့ ရက်စက်ယုတ်မာတယ်၊ မိဘတွေမျက်ရည်ကျနေရပြီ" လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
၄ လကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ဆီဆိုင်မှာ ပျက်စီးမှုများပြားခဲ့ပြီး လက်ရှိမှာ တိုက်ပွဲ ငြိမ်သက်နေတာကြောင့် ဆီဆိုင်မြို့ခံတွေဟာ နေအိမ်ပြန်ပြီး နေထိုင်တာ၊ ပစ္စည်းသိမ်းဆည်းတာ၊ အိမ်ပြန်လည်ပြုပြင်ဖို့ သွားရောက်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ခုလိုစစ်မှုထမ်းရမယ့် သတင်းကြောင့် ဆီဆိုင်မြို့ကနေ အခြားမြို့တွေကို စစ်ဘေးရှောင်နေရတဲ့ မြို့ခံတွေ ပြန်မလာရဲတာမျိူးရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဆီဆိုင်မြို့မှာ ပြန်လည်နေထိုင်ဖို့ အသိပေးထားပေမယ့် မိုင်းရှင်းလင်းပေးတာမျိုးတွေမလုပ်ပေးတဲ့အပြင် ပြည်သူတွေဆီက အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ဆီဆိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော် မီးလောင်ခံရတဲ့အပြင် လက်နက်ကြီးထိပြီး ပျက်စီးခဲ့တာကြောင့် ပြည်သူတွေ နေအိမ်ပြန်လည်ပြုပြင်တာတွေ လုပ်နေကြရတာဖြစ်ပါတယ်။
"နေအိမ်ပြန်လည်ရှင်းလင်းရေးလုပ်တဲ့ အဖွားတစ်ယောက်သေဆုံးခဲ့တယ်၊ အိမ်ပြင်ဖို့ ပစ္စည်းတင်လာတဲ့ ကားတွေကိုလဲ ငွေကောက်တဲ့အဖွဲ့တွေက တစ်လမ်းလုံးရှိနေတယ်၊ ကုန်ကျစားရိတ်တွေများနေရတဲ့အထဲ စစ်မှုထမ်းစရိတ်ပါ ထပ်ပေးရရင် ဘယ်လိုတတ်နိုင်ကြမှာလဲ"လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံစည်ပင်ဌာနနဲ့ လျှပ်စစ်ဌာနရုံးတွေတာ ပြန်လည်ဖွင့်လှစ်ထားပြီး ဌာနဆိုင်ရာ အများစုက ဟိုပုံးမြို့မှာ အထိုင်ချကာ ရုံးလုပ်ငန်းတွေ လုပ်နေကြတယ်လို့ ဝန်ထမ်းအချို့က ပြောပါတယ်။
ပုံစာ - ဆီဆိုင်မြို့ ဌာနဆိုင်ရာ ရုံးတစ်ခု
Burma Associated Press
Related Articles
- NUG အလုပ်သမားကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့တဲ့ ဒေါ်ဖြိုးစန္ဒာစိုး ILO ရဲ့ Worker Deputy Member အဖြစ် ရွေးကောက်ခံရ
- စစ်ကောင်စီက ကော့ကရိတ်တောင်ပိုင်း ကျေးရွာများ အတွင်းသို့ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်
- ဆေးရုံတွင် မြန်မာတစ်ဦးကို ပစ်ခတ်ခဲ့သည့် ထိုင်းရဲ အဖမ်းခံ
- PDF ရဲဘော်တွေဖန်တီးထားတဲ့ “စစ်သည်တော်တို့ တေးသွား” Music Album လက်မှတ်များရောင်းချ
Top News
လွန်ခဲ့သော ၁၄ နာရီ က
လွန်ခဲ့သော ၅ ရက် က