bap-logo
Politics

တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ရန် ရုရှားနှင့်ယူကရိန်းကို တရုတ်တိုက်တွန်း

vH_4_1MxgIjk0t_VkQqHu-image

လွန်ခဲ့သော ၂ နှစ် က

 

ဖေဖော်ဝါရီ ၂၄

 

တရုတ်အစိုးရသည် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ယနေ့ ငြိမ်းချမ်းရေး အစီအစဉ် တစ်ခုကို ချပြ ခဲ့သည်။ သို့သော်လည်း အနောက်အင်အားကြီးနိုင်ငံများက ယခင်ထက်ပို လက်ပွန်းတတီး ရှိလာသည့် ပေကျင်း နှင့် မော်စကိုအစိုးရကြား ဆက်ဆံရေးကိုသတိပေးကာ တရုတ်အစိုးရ၏ ငြိမ်းချမ်းရေး အစီအစဉ်ပါ အဆိုပါ အကြံပြုချက်များကို မဆိုင်းမတွ ငြင်းဆိုလိုက်သည်။

 

'နိုင်ငံရေးအရအဖြေရှာရေး' တောင်းဆိုထားသည့် တရုတ်၏ ၁၂ ချက်ပါ အစီအစဉ်မှာ တရုတ်နိုင်ငံက ရုရှားကို လက်နက်ထောက်ပံ့ရန် ကြံစည်နေကြောင်း အနောက်နိုင်ငံများက စွပ်စွဲပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်တွင် ထုတ်ပြန်လာသည့် တရုတ်၏အစီအစဉ်တွင် ရုရှားနှင့် ယူကရိန်း ဦးတည် ချက်တစ်ခုတည်း လျှောက်လှမ်း၍ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြန်လည် စတင်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံများအားလုံးက ကူညီပံ့ပိုးကြရန် တောင်းဆိုထားသည်။

 

ထို့ပြင် နျူကလီးယားလက်နက် အသုံပြုမည့် ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း တရုတ်အနေဖြင့် ဆန့်ကျင် ကြောင်း ဖော်ပြထားသည်။

 

သို့သော် သမ္မတဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး 'ရုရှားတပ်တွေ ဆုတ်ခွာလိုက်ရင် ဒီစစ်ပွဲက မနက်ဖြန်လည်း ပြီးသွားနိုင်ပါတယ်' ဟု ပြောဆိုကာ တရုတ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

 

အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က 'တရုတ်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပထမဆုံး ပြောချင်တာကတော့ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာကို လေးစားရင် ဒီစစ်ပွဲ ရပ်သွားနိုင်တာပဲ။ ယူကရိန်းက ရုရှားကို စတိုက်ခဲ့တာမဟုတ်ဘူး။ နေတိုးကလည်း ရုရှားကို ဝင်မတိုက်ဘူး။ အမေရိကန်ကလည်း မတိုက်ဘူး။ အခုနေ ရုရှားက ဒီစစ်ပွဲမှာ ရှုံးနေပါပြီ' ဟု တုံ့ပြန်ခဲ့သည်။

 

ပေကျင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စစ်ရေးပဋိပက္ခအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံ အနေဖြင့် ပိုမိုဖိအားပေးလုပ်ဆောင်ရန် ပေကျင်း၊ ယူကရိန်းနှင့် ဥရောပသမဂ္ဂ သံတမန်များက တိုက်တွန်း ခဲ့ကြသည်။

 

ယူကရိန်းသံရုံးတာဝန်ခံ ဇန်နာ လက်ချင်ဆာ ( Zhanna Leshchynska ) က ပေကျင်းအစိုးရအနေဖြင့် ၎င်းတို့၏ 'ကြားနေရပ်တည်ချက်' ကို အသုံးချ၍ နှစ်နိုင်ငံစလုံးကို တွေ့ဆုံစကားပြောရန် တောင်းဆိုခဲ့သည်။

 

'တရုတ်နိုင်ငံအနေဖြင့် ဒီစစ်ပွဲအဆုံးသတ်ရေး၊ ယူကရိန်းငြိမ်းချမ်းရေးပြန်လည်ရရှိရေး၊ ရုရှားတပ်ဖွဲ့များ ပြန် လည်ဆုတ်ခွာရေးအတွက် ရှိသမျှ အာဏာကုန် ထုတ်သုံးသင့်တယ်။ ဒါပေမဲ့ တရုတ်အစိုးရဘက်က ရုရှားနဲ့သာ တွေ့ဆုံနေပြီး ယူကရိန်းနဲ့ တွေ့ဆုံပြောဆိုမှုမရှိဘူး'ဟု သူမက ပြောဆိုခဲ့သည်။

 

တရုတ်နိုင်ငံဆိုင်ရာ အီးယူသံအမတ် ဟော်ဂေ တိုလက်ဒို (Jorge Toledo) ကလည်း တရုတ်ဟာ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်အနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် အထူးတလည် တာဝန်ရှိကြောင်း ပြော ကြားခဲ့သည်။

 

လက်တွေ့တွင် တရုတ်သည် ကြားနေနိုင်ငံအဖြစ် ရပ်တည်နေသည်ဟု ဆိုသော်ငြားလည်း ၎င်းတို့၏ ဗျူဟာ မြောက်မဟာမိတ် ရုရှားနှင့် အနီးကပ်ဆက်ဆံရေး ရှိနေသည်။

 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း တရုတ်အစိုးရထိပ်တန်းသံမန် ဝမ်ယိသည် သမ္မတပူတင်၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်တို့နှင့် မော်စကိုတွင် တွေ့ဆုံခဲ့သေးသည်။ တွေ့ဆုံပြီးနောက် တရုတ်အနေဖြင့် ရုရှားနှင့် နိုင်ငံရေးယုံကြည်မှု ပိုမိုတည်ဆောက်၍ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

 

ဝမ်ယိ၏ မော်စကိုခရီးစဉ်အပြီး လက်ရှိမပဋိပက္ခအဆုံး သတ်ရေးအတွက် တရုတ်က မော်စကို အစိုးရအား ၎င်းတို့၏ 'နိုင်ငံရေးအရအဖြေရှာရေးအစီအစဉ်' ကို တင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇလန်းစကီးကမူ ၎င်းတို့အနေဖြင့် တရုတ်ငြိမ်မးချမ်းရေးအစီအစဉ် တစ်ခုမှ တွေ့မြင်မထားသေးကြောင်းနှင့် အဆိုပါငြိမ်းချမ်းရေးအစီအစဉ် မထုတ်ပြန်မီ ပေကျင်းနှင့် တွေ့ဆုံလိုခဲ့ကြောင်း ပြောကြားခဲ့သည်။

 

Source – CNA

ပုံစာ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်

 

Burma Associated Press

ရုရှား
တရုတ်
တိုက်ပွဲ
ယူကရိန်း
NATO

Share With
bap-logo