Editorial
နာရေး ရက်လည် နှစ်သစ်
လွန်ခဲ့သော ၂ နှစ် က
၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်သို့ ရောက်ခဲ့ပြီ။ ယနေ့ နှစ်ဆန်းတစ်ရက်နေ့သည် နာရေးဖြစ်နေသော မြန်မာ နိုင်ငံ၏ ရက်လည်နေ့လည်းဖြစ်သည်။
ဧပြီ ၁၁၊ သင်္ကြန်အကြိုနေ့ မတိုင်ခင် ၂ ရက်အလို၌ ဖြစ်ခဲ့သော ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရခြင်း သည် အလွန်ဆိုးဝါးသည့် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်ဘက်အခင်းအကျင်းကို တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ကလေး၊ အမျိုးသမီးနှင့် အရပ်သူအရပ်သားများစွာ သေဆုံးခဲ့ရသည်။ ၁၃၈၄ ခုနှစ် အတာသင်္ကြန်သည် သွေးစွန်းသင်္ကြန် ဖြစ်ခဲ့ရသည်။
မြန်မာ့ဓလေ့ထုံးစံအရ ကွယ်လွန်ခြင်း ၇ ရက်မြောက်နေ့သည် ရက်လည်ဆွမ်းသွပ်တရားနာ အမျှအတန်း ဝေရသော နေ့ဖြစ်သည်။ ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်သည် ပဇီကြီး အစုလိုက် အပြုံလိုက် အသတ်ခံရသူ များ၏ ရက်လည်နေ့လည်း ဖြစ်သည်။
တော်လှန်သင်္ကြန်၊ သွေးစွန်းသင်္ကြန် အသီးသီး ဖြတ်သန်းခဲ့ကြရသူများသည် ယနေ့ကဲ့သို့ မြန်မာနှစ်ဆန်းတစ်ရက် တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများထံပို့ ကုသိုလ်ပြု အမျှဝေအပ်ပါသည်။ စစ်တပ်၊ စစ်ကောင်စီနှင့် စာနာစိတ်မဲ့စွာ တစ်ကိုယ်ရည် လွတ်ကြောင်းရှာနေကြသူများကို အထင်အရှား သိမြင်၍ ယင်းတို့၏ တာဝန်မဲ့ စိတ်များကို သင်ခန်းစာယူသင့်လှပါသည်။
နှစ်ဆန်းတစ်ရက်မှအစပြု၍ ဓမ္မ၊ အဓမ္မ မကွဲပြားသူများကို ဓမ္မအကြောင်းပိုသိလာအောင် လမ်းပြအပ်ပါသည်။ ယင်းတို့အတွက် ထိုက်တန်သော ဥပေက္ခာတရားအား သိမြင်စေအပ်ပါသည်။ နှစ်ဆန်းတစ်ရက်မှအစပြု၍ နွေဦး တော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ အာဏာတည်မြဲရေးအတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးမဟုတ်ကြောင်း ပိုမိုထင်ရှားအပ်ပါသည်။
နှစ်ဆန်းတစ်ရက်မှအစပြု၍ အများပြည်သူ၏ လွတ်လပ်ခြင်း၊ တန်းတူညီခြင်းနှင့် တရားမျှတခြင်းများကို အာမခံ နိုင်သော စနစ်ကောင်းတစ်ခု ထွန်းကားရေးအတွက် ညီညွတ်အပ်ပါသည်။ နှစ်ဆန်းတစ်ရက်မှအစပြု၍ ပြစ်ဒဏ် မှ ကင်းလွတ်နေသူများ ထိုက်တန်သော အရေးယူမှုများရရှိ၍ တရားဥပဒေစိုးမိုးရေးအားကောင်းသော အခင်း အကျင်း ဖြစ်ပေါ်အပ်ပါသည်။
နှစ်ဆန်းတစ်ရက်မှအစပြု၍ လောကပါလတရား ထွန်းကားသော အလေ့အကျင့်များ အားကောင်းရန် အားထုတ် အပ်ပါသည်။ နှစ်ဆန်းတစ်ရက်မှအစပြု၍ နောင်လာမည့်နှစ်များတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားသော နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ် ပွဲလည်တင့်တယ်ပါစေကြောင်း တောင်းဆုပြုအပ်ပါသည်။
Burma Associated Press