bap-logo
Editorial

အကျိုးအကြောင်းများ

bRCogu1Z9hDG09t_BhYbh-image

လွန်ခဲ့သော ၂ နှစ် က

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက မြန်မာ ပြည်တွင်း ပဋိပက္ခများပြေလည်ရန် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ခြင်းကို ကြိုဆိုကြောင်း ပြီးခဲ့သည့် ရက် တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့၌ မတ်လ ၁၅ နှင့် ၁၆ ရက်တို့တွင် ပြုလုပ်ခဲ့သည် အစည်းအဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် ပြည်မနှင့် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ရန် လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဆိုထားခဲ့သည်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့အနက်မှ အချို့သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဇန်နဝါ ရီလ ရက်က တွေ့ဆုံထားခဲ့သည်။

 

တစ်ဖက်တွင် စစ်ကောင်စီသည် ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာကို အကြမ်းဖက်စီးနင်း၍ ဘုန်းကြီးကျောင်း အတွင်း ရှိနေသူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်အား ကာကွယ်ရေးတပ်ဖွဲ့ဝင် များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း စွပ်စွဲ ဝါဒဖြန့်ခဲ့သည်။

 

ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းတို့၏ လုပ်ရပ်မဟုတ်ကြောင်း ငြင်းဆိုပြီး တိုင်းရင်းသားများအကြား အတူတကွ နေထိုင်ရေး ပျက်ပြားစေရန်၊ ဘာသာရေးနှင့် လူမျိုးရေးတို့ကို သပ်လျှိုသွေးခွဲနေသည်ဟု မတ်လ ၁၆ ရက်တွင် ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီနှင့် ပအိုဝ်းကိုယ်စားပြုကောင်စီတို့၏ သတင်းစာ ရှင်းလင်းပွဲ ပြောကြားခဲ့သည်။

 

စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီဒေသသို့ သွား ရောက်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို ပြီးခဲ့သောရက်ပိုင်းက တွေ့ဆုံခဲ့သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရန် အရေး ကြီးသော အချိန်ဖြစ်ပြီဟု မတ်လ ၁၆ ရက်တွင် ကျင်းပသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ်ကာလအတွင်း ရှိတည်ခဲ့သော နိုင်ငံရေးပါတီများအနက် အချို့သောပါတီများသည် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်မှတ်ပုံတင်ခြင်း မရှိသော်လည်း အချို့သောပါတီများသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်။

 

အခင်းအကျင်းများသည် ကာလအလိုက်ရှုပ်ထွေးလာနေသည်။ နိုင်ငံရေးတိမ်တောင်တို့သည် ပိုမိုမင်းရေး ကျယ်လာနေခဲ့သည်။ ထိုသို့သော အကြားအလပ်တွင် စစ်ကောင်စီသည် ယင်းတို့ အသာရရှိရေးကိုသာ မုချ အလေးထားမည်သာဖြစ်သည်။ နိုင်ငံရေးနှင့် စစ်ရေးအရ ယင်းတို့ အသာရရှိရန် စစ်ကောင်စီသည် မည်သည့် နည်းလမ်းကို မဆို ကျင့်သုံးမည်ဖြစ်၏။

 

သွေးခွဲသပ်လျှိုခြင်း၊ တော်လှန်ရေးအင်အားစု အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် အားထုတ်ခြင်း၊ ပြည်သူ လူထုက တော်လှန်ရေးအပေါ် ထားရှိသည့် ယုံကြည်အားကိုးစိတ်များ လျော့ပါးအောင် ကြံဆောင်ခြင်းနှင့် အများ ပြည်သူ၏ နေ့စဉ်ဘဝနေထိုင်မှုများအား အထွေထွေအကျပ်အတည်းများကြားတွန်းပို့ရင်း ဖိနှိပ်ခံရမှု အလေ့အထ တွင် အသားကျသွားစေခြင်း စသည့် နည်းနာများကို ကြံဆောင်မည်သာဖြစ်သည်။

 

ထိုအခြေအနေအရပ်ရပ်ကို တော်လှန်ရေးအင်အားစုများသည် အရှိအတိုင်းသိမြင်ရန် လိုအပ်သည်။ သွေးခွဲ သပ်လျှိုခြင်း၊ ခွဲခြားအုပ်ချုပ်ခြင်းနှင့် မျက်နှာသာပေးဆက်ဆံခြင်းစသည့် အခြေအနေများကို သတိပြုသင့်သည်။ တော်လှန်ရေးအောင်ကြောင်း မဟုတ်သော တစ်နည်း တော်လှန်ရေးအတွက် အရေးမပါသော ကိစ္စရပ် အသီးသီးတွင် အချိန်အကုန်မခံသင့်ပါ။

 

၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်နေသည်နှင့်အညီ တော်လှန်ရေးသစ္စာအပေါ်သာ အလေးအနက်ပြုအပ်ပေသည်။ နို့မဟုတ်လျှင် ကုလားအုတ်သည် တဲအတွင်းဝင်ရုံမက တဲပိုင်ရှင်ကိုပါ ဝါးမြို ဖျက်ဆီးပေလိမ့်မည်။

Burma Associated Press

 

 

စစ်တပ်
အစုလိုက်အပြုံလိုက်သတ်ဖြတ်
အမျိုးသားညီညွတ်ရေးအစိုးရ
ရွေးကောက်ပွဲ
ပါတီ

Share With
bap-logo