bap-logo
Editorial

ပြည်သူ့ဆန္ဒကို ရှေးရှုပါ

6B14M3jjUpKiHeenrWYEw-image

လွန်ခဲ့သော ၂ နှစ် က

နွေဦးတော်လှန်ရေး၏ အဓိကအကျဆုံး လိုလားတောင့် တချက်သည် ဖက်ဒရယ်ဒီမိုကရေစီဖြစ်သည်။ ယင်းသည် နိုင်ငံတည်ဆောက်မည့် နည်းနာနှင့် မူစနစ်ဖြစ်သည်။ တော်လှန်ရေး၏ ဦးတည်ချက်နှင့် နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သည်။

 

နွေဦးတော်လှန်ရေးသည် လူပုဂ္ဂိုလ်တစ်ဦး၊ အင်အားစုတစ်ခု၊ တစ်ပါတီ၊ တစ်သင်းတစ်ဖွဲ့၏ ဩဇာအာဏာ ထူထောင်၊ တည်ဆောက်ရေးအတွက် ရုန်းကန်တွန်းလှန်နေသော တော်လှန်ရေးတစ်ရပ် မဟုတ်ပါ။ စနစ်ကောင်း တစ်ခု ပြုပြင်ပြောင်းလဲ ဖြစ်ထွန်းရန် အားထုတ်တိုက်ပွဲဝင်နေသော ကာလတစ်ခုဖြစ်သည်။

 

မြန်မာစစ်တပ်က အာဏာသိမ်းခြင်းသည် နိုင်ငံ၏ စနစ်တစ်ခု ယို့ယွင်းခြင်းကြောင့် မဟုတ်ဘဲ စစ်တပ်၊ စစ်တပ် အတွင်း အာဏာလက်ကိုင်ရထားသူများနှင့် စစ်တပ်က ဦးဆောင်တည်ထောင်ထားသည့် အစုအဖွဲ့များအကြားက အကျိုးစီးပွားကို ထိပါးလာခြင်းနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများကို ရှောင်လွှဲလိုခြင်း များကြောင့် ဖြစ်သည်။

 

စစ်ကောင်စီက ခင်းကျင်းလာသော ၂၀၂၃ ရွေးကောက်ပွဲဆိုသည်မှာလည်း နိုင်ငံရေးအရ တရားဝင်နိုင်ရန် တစ် ဖက်လှည့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းလမ်းသို့ လျှောက်ရန် ပြင်ဆင်သော အမည်ခံနိုင်ငံရေး ပါတီများ မှာလည်း နိုင်ငံရေးအရ အခွင့်အရေး၊ ဩဇာအာဏာ၊ လုပ်ပိုင်ခွင့် တစ်စုံတရာရရှိရေးနှင့် တစ်ကိုယ်ရေအကျိုးစီး ပွားကို ရှေ့ရှု့ခြင်းသာဖြစ်သည်။

 

ထိုသို့ သုံးသပ်ရခြင်းမှာ အထက်တွင် ဆိုခဲ့သော ပြည်သူလူထုနှင့် နိုင်ငံ၏ တကယ်လိုအပ်ချက်ဖြစ်သော ကြောင်းတရားများဖြင့် မအပ်စပ်သောကြောင့်ဖြစ်သည်။

 

ပြည်သူက အသိအမှတ်ပြုထားသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရွေးကောက်ခံအစုအဖွဲ့များသည်လည်း ပြည်သူ၏ အဓိကလိုလားချက်များကို သိပါသော်လည်း လုပ်ရည်ကိုင်ရည်ရှိခြင်းနှင့် သွက်လက်လျင် မြန်စွာ လုပ်ကိုင်နိုင်ခြင်း စွမ်းရည်အရာတွင် အားနည်း၊ အားပျော့လျက်ရှိသည်။

 

အင်အားကြီးပါတီ ဒီချုပ်၏ ကိုယ်စားပြု ကိုယ်စားလှယ်အများစု ပါဝင်နေခြင်းကို အကြောင်းပြု၍ ဩဇာ တည်ထောင်လိုခြင်းနှင့် ဩဇာခံဖြစ်စေလိုခြင်းများသည် နွေဦးတော်လှန်ရေးအောင်မြင်ကြောင်းကို ယုတ်လျော့ စေသည်။အခြားသော နိုင်ငံရေးအင်အားစုအသီးသီး‌နှင့် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော တိုင်းရင်းသားတော် လှန်ရေး အင်အားစုများ၏ ယုံကြည်နိုင်မှုကို ယုတ်လျော့စေသည်။

 

တိုင်းရင်းသား နိုင်ငံရေးအင်အားစုများအနေဖြင့်လည်း နှစ်ပေါင်းများစွာရှိခဲ့သော နိုင်ငံရေးခံစားချက်များနှင့် လူမျိုးကြီး ဝါဒကြီးစိုးခံရခြင်း‌ နာကျည်းချက် အခြေခံဖြင့် နိုင်ငံရေးအပေါ် သုံးသပ်ဆင်ခြင်နေကြပြီး အများ ပြည်သူက အမှန်တကယ်လိုအပ်နေသော စနစ်ကောင်းတစ်ခု ဖြစ်ထွန်းနိုင်ရန်တည်ဆောက်နိုင်မည့် နိုင်ငံရေး စိတ်ဆန္ဒအပိုင်းတွင် အားနည်းလျက်ရှိပြန်သည်။

 

အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆိုင်ရာအခန်းကဏ္ဍအလိုက်ရှိအပ်သော အင်စတီကျူးရှင်းအသီးသီးတို့မှာလည်း စံချိန်စံနှုန်းဖြင့် ကိုက်ညီ၍ ညီညွတ်မျှတသော နိုင်ငံ့တည်‌ဆောက်ရေးပေါ်တွင် အခိုင်အမာရပ်တည်ကြခြင်း မရှိဘဲ လုပ်ငန်းရပ်လည်ပတ်နိုင်ရေးနှင့် စီမံကိန်းပြီးမြောက်ရေး ဦးတည်ချက်များအပေါ်တွင်သာ အခြေတည် ဆောင်ရွက်ခဲ့ကြသည်။

 

စီးပွားရေးတွင်လည်း မှန်ကန်စွာ ဖွံ့ဖြိုးခြင်းမရှိဘဲ လက်သင့် နီးစပ်ရာနှင့် အခွင့်သာစေခြင်းနည်းလမ်းများဖြင့် လည်ပတ်နေကြသည်ဖြစ်၍ ကောင်းမွန်စွာ တိုးတက်နိုင်ခြင်း အလျင်းရှိမနေပါ။

 

ထိုသို့ အဖက်ဖက်က ယိုင်နဲ့ယုတ်လျော့နေသော အခြေ‌အနေအရပ်ရပ်အား ရှိသင့်ရှိအပ်သည့် အတိုင်းအတာ အခြေအနေတစ်ခုနှင့် စံနှုန်းတစ်ရပ်အထိ ရောက်ရှိအောင် မတည်ဆောက်နိုင်ပါက မြန်မာနိုင်ငံသည် ဆင်းရဲ သံသရာတွင် တဝဲလည်လည်ဖြစ်၍ ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် ကုန်းကောက်စရာမရှိအောင် မွဲတေစုတ် ပြတ်သော အခြေအနေသို့ ဆိုက်ရောက်တော့မည် ဖြစ်သည်။

 

ယင်းကြောင့် မိမိတို့၏ တစ်ကိုယ်ရည် နိုင်ငံရေးစိတ်ဆန္ဒများကို ရှေ့တန်းမတင်ပါဘဲ နိုင်ငံနှင့် အများပြည်သူက လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်နိုင်ရေး၊ လူ့အခွင့်အရေးစံကိုက်နိုင်ရေး၊ တရားမျှရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်ခြင်းများကို အာမခံနိုင်သော အများပြည်သူကိုယ်စားပြု စိတ်ဆန္ဒများကို အလေး ထားသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။

 

Burma Associated Press

 

 

မြန်မာ
အာဏာသိမ်း

Share With
bap-logo