bap-logo
Editorial

နိုင်ရာတော်လှန် ပါဝင်ပါ

Xm8jKDzvzQbq4b8MZ3WbH-image

လွန်ခဲ့သော ၂ နှစ် က

သင်္ကြန်ကာလ ရောက်ခဲ့ပြန်ပြီ။ နှစ်ဟောင်းမှ နှစ်သစ်ကာလသို့ ကူးပြောင်းမှု ရည်ရွယ်ရင်းဖြင့် အခါသင်္ကြန်ကို ကျင်းပခဲ့ကြသည်။ ပူပြင်းလှသည့် နွေကာလ အပူဒဏ်ကို အေးစေခြင်း အလို့ငှာနှင့် နှစ်ဟောင်းမှအညစ် ကြေးများ သန့်ရှင်းစင်ကြယ်စေခြင်း အလို့ငှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကာလ၊ ရက်ရှည် နားရက်ရသော ကာလ လည်း ဖြစ်သည်။

 

ထိုသို့သော သင်္ကြန်ကာလကို စစ်အာဏာသိမ်းမှုလက်အောက် တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းလာခဲ့ကြ သည်မှာ နှစ်တိုင်အောင် ရှိခဲ့ပြီ။ အာဏာသိမ်းစစ်ကောင်စီကလည်း သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ရန် နှစ်စဉ်အားထုတ်ခဲ့သည်။ ယင်းတို့ လက်ထက်တွင် နိုင်ငံအေးချမ်းကြောင်း၊ သာယာဝပြောကြောင်းနှင့် ပြည်သူ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတွင် ပူးပေါင်းပါဝင်ကြောင်း ပြသလိုခဲ့ကြသည်။ သို့သော် ထိုအကြံအစည်သည် ယနေ့တိုင် အောင်မြင်ခြင်း မရှိသေးပါ။

 

သို့သော် နှစ်သစ်ကူးကာလ ရိုးရာပွဲတော်တစ်ခုလည်းဖြစ်၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ် အဝဝကို ပြုကြသော ကာလလည်းဖြစ်သည်ကြောင့် သင်္ကြန်ပွဲတော် ဆင်နွှဲခြင်းကို ရေကစားသည့်ပျော်ရွှင်ဖွယ်ပွဲတစ်ခု အ‌နေဖြင့်သာ မမြင်သင့်ပါ။ စိတ်၏ ခွန်အားများ အားသစ်လောင်းနိုင်ရန်နှင့် အကြံကောင်း၊ ဉာဏ်ကောင်းများ ပြည့်ဖြိုးလာစေရန် ဘဝအမောဖြေချိန်အဖြစ်လည်း မှတ်ယူသင့်ပါသည်။

 

ထို့အတွက်ကြောင့် လက်နက်ကိုင် တော်လှန်နေကြသူများကလည်း ယင်းတို့၏ ခြေကုတ်စခန်းများမှနေ၍ နှစ်သစ်ကူးခြင်း သင်္ကြန်ကို သံချပ်ထိုးခြင်း၊ ရေကစားခြင်းနှင့် အလှူပြုခြင်း စသည့်ပုံစံများဖြင့် ပါဝင်ကြမည်သာ ဖြစ်သည်။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှာလည်း မိမိတို့နေထိုင်ရာဒေသအတွင်းရှိ မြန်မာနိုင်ငံဖွား အသိုင်းအဝန်းဖြင့် မြန်မာ့ နှစ်သစ်ကူးကို ပါဝင်ဆင်နွှဲကြမည်သာဖြစ်သည်။

 

တစ်ဖက်တွင် အာဏာသိမ်းစစ်ကောင်စီကလည်း သင်္ကြန် မဏ္ဍပ်များဖြင့် လူထု၏ တခဏထွက်ပေါက်ကို တာလွှတ်ရန် ဖန်တီးလျက်ရှိသည်။ ထိုသို့သော သင်္ကြန်စည်ကားစေခြင်းဖြင့် နွေဦးတော်လှန်ရေးအဟုန်ကို လျော့ချရန် အားသွန်မည်ဖြစ်သည်။ ယင်းတို့၏ သင်္ကြန်ပွဲတော်အား အသုံးချမှုကို သတိပြုပါ။

 

မည်သို့ဆိုစေ နှစ်ဟောင်းမှ အညစ်အကြေးများကို တော်လှန်သင်္ကြန်တွင် ဆေးကြောပါ။ ကုန်ခမ်းသွားသော အင်အားများကို ပြန်လည်အားဖြည့်ရင်း တော်လှန်သင်္ကြန်ကို ဖြတ်သန်းပါ။ တော်လှန်ရေးအင်အားစုများကို အထောက်အပံ့ဖြစ်သော‌ ကောင်းမှုကုသိုလ်ပြုခြင်းကို အလေးထားပါ။ မကြာမီ ရောက်ရှိလာမည့် ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံသစ်ကို နှစ်သစ်ကူးမှအစပြု တောင်းဆုပြုပါ။ အာဏာရှင်အမြစ် မပြတ်သေးကြောင်း သတိမူ၍ သင်္ကြန်ကို နိုင်ရာတော်လှန်ခြင်းတွင် ပါဝင်ကြပါ။

 

Burma Associated Press

စစ်ကောင်စီ
စစ်တပ်
မြန်မာ
အာဏာသိမ်း
သင်္ကြန်

Share With
bap-logo