Editorial
အဖြူအမည်းမဟုတ်သော အကြောင်းများ
လွန်ခဲ့သော ၂ နှစ် က
နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်ကို ယခုကာလတွင် အထင်အရှားမြင်ရသည်။ ပါတီမှတ်ပုံတင်ရခြင်း ကိစ္စသည် စစ်ကောင်စီက ခင်းသော ယင်းတို့၏ နိုင်ငံရေးထွက်ပြေးပေါက် ဖြစ်သည်။
ထိုအခြေအနေတွင် နိုင်ငံရေးပါတီအချို့သည် ပါတီအဖြစ် မှတ်ပုံပြန်တင်ရေး၊ မတင်ရေး အငြင်းပွားကြသည်။ တချို့က မြန်မာ့နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဟု အကြောင်းပြ၍ ပါတီမှတ်ပုံတင်ကြသည်။ တချို့က မြန်မာ့နိုင်ငံရေးအခြေအနေမှန်ကို သိမြင်၍ အများပြည်သူ ဆန္ဒအတိုင်း ပြတ်သားစွာ ရပ်တည်ကာ စစ်ကောင် စီခင်းသောလမ်းသို့ မဝင်ဘဲ၊ မှတ်ပုံမတင်ပါဘဲ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြတ်သားစွာဖြင့် ပြ သကြသည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် စတင်ခဲ့သည်။ ယင်းကို စစ်တပ်က အကြမ်း ဖက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ထိုအခြေအနေများကို ခုခံကာကွယ်ခြင်းနှင့် လက်နက်ကိုင်အနိုင်ကျင့်သူများကို လက်နက်ကိုင်နည်းလမ်းဖြင့် ပြန်လည် ခုခံတော်လှန်နိုင်မှသာ အာဏာရှင်အမြစ်ပြတ်မည်ဟု ယုံကြည်ကြသော ကြောင့် ထိုနည်းနာကို နွေဦးတော်လှန်ရေးက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရွေးချယ်ခဲ့ခြင်းကို ပြည်သူလူထုကလည်း ထောက်ခံအားပေးခဲ့သည်။ ထိုအခြေအနေများကို မြေပြင်တွင် သိသာထင်ရှားစွာ မြင်နေရသည်။ ယနေ့ အချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်များ ရပ်တည်နေနိုင်ခြင်းသည် ပြည်သူလူထု၏ အလုံးစုံ ထောက်ခံမှုကြောင့်သာ ဖြစ်သည်။
နိုင်ငံရေးနည်းလမ်းနှင့် လက်နက်ကိုင်နည်းလမ်းဆိုသော နည်းလမ်းနှစ်သွယ်အနက် လက်နက်ကိုင်နည်းလမ်းကို လိုအပ်၍ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းကို မမေ့သင့်ပါ။ ယင်းကြောင့် နိုင်ငံရေးနည်းလမ်းကို အလုံးစုံ စွန့် လွှတ်ရမည်ဟုလည်း မဆိုနိုင်ပါ။ သင့်တော်ရာ အချိန်တစ်ခုတွင် နိုင်ငံရေးနည်းနာကို ထုတ်သုံးရမည်။ တစ်နည်း တည်း၊ တစ်လမ်းတည်းဖြင့် တော်လှန်ရေးသည် အဆုံးသတ်နိုင်လိမ့်မည် မဟုတ်ပါ။
ထိုကြောင့် ဆိုခဲ့ပြီးသော နည်းလမ်းနှစ်ခုကို အစွန်းနှစ်ဖက် တစ်နည်း အဖြူအမည်းနှစ်ရောင်အဖြစ် ရှု့မြင်သင့် ပါသည်။ ဤနေရာတွင် အမည်းကို အမှောင်၍ မယူဆပါ။ အဖြူကိုလည်း အလင်းဟု မဆိုပါ။ ရုပ်ပုံကားချပ် တစ်ခု ပုံပေါ်စေရန် ကိုယ်စားပြုခြင်းသာ ဖြစ်သည်။
တော်လှန်ရေးရုပ်ပုံကားချပ် ပုံပေါ်ရေးသည် အဖြူအမည်း နှစ်ရောင်အပေါ်တည်သည်ဟု သာမာန်အားဖြင့် မြင်နိုင်ပါသည်။ သို့သော်ရုပ်လုံးကြွရန် ကြားအဆင့်ဆင့်တွင် ရှိနေသော ကြားအရောင်များလည်း လိုအပ်ပါမည်။ ထိုကြားအဆင့်ဆိုသည်မှာ ကြားနေခြင်းသဘောလည်း မဟုတ်ပါ။
ချိန်ခွင်လျှာ တစ်ဖက်စွန်း မကပ်စေရန် ထိန်းကြောင်းပေးခြင်း သဘောကို ကြားအရောင်များဟုဆိုခြင်းဖြစ်သည်။ တစ်ဖက်စွန်း တစ်ခုခုသို့ ပြေးကပ်မနေစေဘဲ အခွင့်သင့်ချိန်တွင် တစ်ဖက်သို့ အခွင့်အရေးပေးနိုင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ ဘက်မျှရန် ထိန်းညှိခြင်းဖြစ်သည်။
ယနေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် လိုအပ်နေသည်မှာ ကြားအဆင့်ဆင့်သော အရောင်များဖြစ်သည့် ထိန်းညှိရေးလမ်းကြောင်းသာဖြစ်သည်။ ထိုလမ်းကြောင်းကို သိမြင်ခြင်း၊ ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း၊ ပုံဖော်ခြင်းနှင့် အလေးထားခြင်း အစရှိသည့် အခြေအနေများကို လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။
ပြည်သူ့ကာကွယ်ရေးတာဝန်ဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်နေသူများမှလွဲ၍ ကျန်ရှိသော နိုင်ငံရေးဇာတ်ရုပ်များ သည် အာဏာနှင့် ဩဇာတည်ဆောက်ရေးအတွက်သာ အားထုတ်နေကြပါသည်။ လူထုလိုလားချက် အထောက် အပံ့ ဖြစ်စေမည့် အင်စတီကျူ့တည်ဆောက်ရေးလုပ်ငန်းများအပေါ် အာရုံစိုက်မှု အားနည်းလွန်းနေပါသည်။
ထို့ကြောင့် ချိန်ခွင်လျှာ ဇောက်ထိုးမိုးမျှော် မဖြစ်ရေးနှင့် ညီညွတ်မျှတသော တော်လှန်ရေးမူဟန်တစ်ခုဖြစ်စေရန် ကြားအဆင့်များကိုလည်း အာရုံစိုက်အဖြေရှာသင့်ပါသည်။ အများပြည်သူသည် အာဏာရှင်ကို လုံးဝ (လုံး၀) မလိုလားကြောင်းလည်း သတိချပ်အပ်ပါသည်။