Article
တရုတ်ရဲ့ မြန်မာ့အရေးကို ပါဝင်လာပုံက အကျပ်အတည်းကို ဖြေရှင်းတဲ့ပုံစံမပေါက်
လွန်ခဲ့သော ၂ နှစ် က
မြန်မာ့အရေးမှာ တရုတ်က အလားအလာရှိတဲ့ ညှိုနှိုင်းသူ (ငြိမ်းချမ်းရေးသမား)အဖြစ် ကမ္ဘာက ပြောင်းလဲ မြင်လာတဲ့အပေါ် အဓိပ္ပာယ်ရှိတဲ့စားပွဲဝိုင်းဖွဲ့ဆွေးနွေးမှုတွေမဖြစ်ပေါ်လာခင်မှာ တရုတ်အနေနဲ့ NUG (အမျိုးသား ညီညွတ်ရေးအစိုးရ) နဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ယခုလက်ရှိမှာတော့ တရုတ်က NUGနဲ့ ညှိုနှိုင်းရမယ့်အစား လွန်ခဲ့တဲ့နှစ်နှစ်က စစ်အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ် တွေနဲ့ပဲ ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေးတွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်းလုပ်ကိုင်လာနေကြောင်း Curtin University က နိုင်ငံတကာစီးပွားရေးဘာသာရပ် တွဲဖက်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ ထွေးထွေးသိမ်းက ဗုဒ္ဓဟူးနေ့ (မေ ၃) က ဆိုခဲ့ပါတယ်။
“နိုင်ငံတကာမျက်နှာစာမှာ တရုတ်က မြန်မာနဲ့အတူရပ်တည်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အင်္ဂါနေ့ (မေ ၂) က နေပြည်တော်မှာ တွေ့ဆုံစဥ်မှာ ဆိုခဲ့ပါတယ်။
မြန်မာမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူအများစုက နေရပ်ရွှေ့ပြောင်းနေထိုင်နေရပြီး လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ဖို့ တောင်းဆိုသံတွေကိုလည်း စစ်ခေါင်းဆောင်တွေက လျစ်လျူရူထားပါတယ်။
ကြက်ခြေနီ နဲ့ လခြမ်းနီအသင်းသားများအဖွဲ့ချုပ် (IFRC) ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှုး မစ္စတာ အလက်ဇန္ဒြားမတ်သရူး က ၎င်းရဲ့အဖွဲ့နဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံဝန်ကြီးတွေရဲ့ ပြီးခဲ့တဲအပတ်က တွေ့ဆုံမှုမှာ နိုင်ငံတဝှမ်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ဖို့ဆိုရာမှာ စစ်အုပ်ချုပ်ရေးခေါင်းဆောင်တွေက မည်သည့်အာမခံချက်ကိုမျှ မပေးအပ်နိုင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာရဲ့ကုန်သွယ်ဖက်အဖြစ် ကာလရှည်ကြာစွာ ရှိခဲ့တဲ့ အပြင် အိမ်နီးချင်းလည်းဖြစ်တဲ့ တရုတ်က မြန်မာ့အရေးကို ကူညီလွှမ်းမိုးဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကမ္ဘာ ကြီးက တရုတ်အပေါ်မျှော်လင့်ခဲ့ကြောင်း ဒေါက်တာသိမ်းက ဆိုခဲ့ပါတယ်။
“တရုတ်က စစ်ဗိုလ်တွေအပေါ် လွှမ်းမိုးမှုရှိတာမို့ ကမ္ဘာကြီးကလည်း ဒါကိုဖြေရှင်းနိုင်ဖို့ မျှော်မှန်းခဲ့ကြတယ်။ သို့ပေမယ့်လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ တရုတ်က မြန်မာစစ်ဗိုလ်တွေနဲ့ ကုန်သွယ်မှုကိုပဲ ရှေ့တိုး ဆောင်ရွက်ခဲ့ပါတယ်။ ဒါက လက်ဝဲယိမ်းနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေအကြား ကမ္ဘာကို ခွဲခြမ်းလိုက်သလို ဖြစ်စေမှာကို စိုးရိမ်စရာပါပဲ” လို့ ဒေါက်တာ သိမ်းက ဆိုခဲ့ပါတယ်။
မြန်မာ့အရေးမှာ ညှိနှိုင်းရေးသမားတစ်ဦးအဖြစ် တရုတ်က အလားအလာရှိပေမယ့်လည်း အဓိပ္ပာယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းမှုတွေ မပြုလုပ်ခင်မှာ အခြေအနေတချို့ဟာ ကိုက်ညီမှုရှိနေရမှာဖြစ်ကြောင်း ဒေါက်တာ သိမ်းက ဆိုခဲ့ပါတယ်။
“ကျွန်မတို့ တရုတ်နဲ့လက်တွဲလုပ်ရပါမယ်။ ပြီးတော့ တရုတ်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မလားဆိုတာ ကြည့်ရပါမယ်။ သို့ပေမယ့်လည်း ကျွန်မတို့က ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ သင့်တော်တဲ့အချိန်မျဥ်းမရှိဘဲနဲ့ မြန်မာကိုသွားရောက်လည်ပတ်တာမျိုးကို လုပ်လို့မရပါဘူး” လို့ ဒေါက်တာ သိမ်းက ဆက်ပြောခဲ့ပါတယ်။
“ပထမဆုံးနဲ့ ဦးစွာပထမ တောင်းဆိုဖို့လိုတာကတော့ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေး အကျဥ်းသား တွေကို လွှတ်ပေးဖို့ပါပဲ။ ဒါမှသာလျှင် အဓိပ္ပာယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆိုတာ ဖြစ်လာနိုင်မှာပါ” လို့ ဒေါက်တာ သိမ်းက လမ်းစဥ်တချို့ကို ချပြပြောဆိုခဲ့ပါတယ်။
“ဒီအထဲမှာ NUG နဲ့ တန်းတူညီမျှ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ပါဝင်ပေမယ့် တရုတ်က အခုအချိန်ထိ ဒီတစ်ချက်ကိုမလုပ်ဆောင်သေးတဲ့အပေါ် မြန်မာအရပ်ဖက်အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားသူတွေကို အမျက် ထွက်စေပါတယ်” လို့ ဒေါက်တာ သိမ်းက ဆိုခဲ့ပါသေးတယ်။
“မြန်မာမှာ တရုတ်ရဲ့အကျိုးစီးပွားဟာ စီးပွားရေးဆိုတာထက်ကို ပိုပါတယ်။ ကျွန်မဆိုလိုတာက တရုတ်ဟာ မြန်မာမှာ စီးပွားရေးအရ အကျိုးအမြတ်တွေအများကြီးရှိပါတယ်။ မြန်မာက တရုတ်ပြည်တောင်ဖက်က ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်တဲ့ ယူနယ်ရဲ့ ပင်လယ်ထွက်ပေါက်လိုဖြစ်နေပြီး အိန္ဒိယ သမုဒ္ဒရာဆီကို သွယ်တန်း ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေလည်းရှိပါသေးတယ်” လို့ ဒေါက်တာ သိမ်းက တရုတ်ရဲ့ မြန်မာပြည်ရှိ အကျိုးစီးပွားတွေကို ပြောပြခဲ့ပါတယ်။
တရုတ်က မြန်မာ့အနောက်ဖက်ကမ်းလွန်မှာ ရေနံတွင်းနှစ်တွင်းကိုရင်းနှီးမြှုပ်နှံထားပြီး ၈၀၀ ကီလိုမီတာ နီးပါးရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို မြန်မာကိုဖြတ်ပြီး ယူနန်ပြည်နယ် နယ်စပ်အထိ သွယ်တန်းထားပါတယ်။
“သို့ပေမယ့်လည်း ဒီရေနံတွင်းတွေ၊ ပိုက်လိုင်းတွေထက် တရုတ်ရဲ့အကျိုးစီးပွားက မြန်မာမှာ ပိုပါသေးတယ်။ ပထဝီနိုင်ငံရေးအရ မြန်မာဟာ အိန္ဒိယသမုဒ္ဒရာဆီကို တရုတ်ရဲ့ အနောက်ဖက်ထွက်ပေါက်တစ်ခုလည်း ဖြစ်နေပါတယ်” လို့ ဒေါက်တာ သိမ်းက ဆိုခဲ့ပါတယ်။
“မြန်မာမှာဖြစ်ပျက်နေတာတွေဟာ မြန်မာတစ်နိုင်ငံတည်းပဲဆိုပြီး ခွဲခြားမြင်လို့မရပါဘူး။ ဒါဟာ တခြားနိုင်ငံ တွေကိုပါ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိစေတဲ့ ဒေသတွင်းပြဿနာတစ်ခုပါ။ အထူးသဖြင့် အိန္ဒိယ သမုဒ္ဒရာပိုင်း ဒေသကိုပေါ့” လို့ ဒေါက်တာ သိမ်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အာဆီယံ နဲ့ စစ်အုပ်စုခေါင်းဆောင်အကြားရယူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်က အလုပ်မဖြစ်ဘဲ မြန်မာမှာ အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေစဥ် တရုတ်ရဲ့မြန်မာ့အရေးအပေါ် ပါဝင်မှုတွေ ဖြစ်ပေါ်လာတာပါပဲ။
“လက်ရှိမှာ မြန်မာပြည်သူ ၁၈ သန်းကျော်က အကူအညီတွေလိုအပ်နေပြီး ပြည်သူ ၁.၅ သန်းကျော်ဟာ နေရပ် စွန့်ခွာ ရှောင်ပြေးနေရပါတယ်။ တိုင်းပြည်ရဲ့နေရာအတော်များများကို လူသားချင်းစာနာထောက်ထားမှု အကူ အညီတွေ မရောက်ရှိနိုင်ဘူးဖြစ်နေပါတယ်” လို့ မစ္စတာ မတ်သရူးက ဆိုခဲ့ပါတယ်။
ကြက်ခြေနီ နဲ့ လခြမ်းနီအသင်းသားများအဖွဲ့ချုပ် (IFRC) ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှုး မစ္စတာ အလက်ဇန္ဒြားမတ်သရူး က မြန်မာကြက်ခြေနီးအသင်းရဲ့ခေါင်းဆောင်သစ်တွေနဲ့တွေ့ဆုံဖို့ရန် ပြီးခဲ့တဲ့အပတ်က ကျွန်တော် မြန်မာကိုရောက်ရှိခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ၎င်းက စစ်အုပ်စုလက်အောက်က ဝန်ကြီးတွေနဲ့တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ထပ်လောင်းပြောခဲ့ပါတယ်။
“ယင်းသို့တွေ့ဆုံရာမှာ ကျွန်တော့်အဖွဲ့က တိုင်းပြည်ရဲ့နေရာအားလုံးကို အကူအညီတွေပေးနိုင်ဖို့ရာ မည်သည့် အာမခံချက်ကိုမျှ မရရှိခဲ့ပါဘူး။ ယင်းသို့အာမခံပေးနိုင်မယ့် စွမ်းဆောင်ရည်က ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်” လို့ မစ္စတာ မတ်သရူးက ဆိုခဲ့ပါတယ်။
“မြန်မာဟာ သဘာဝဘေးအန္တရာယ် မကြာခဏကျရောက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော် မြန်မာမှာ ရှိနေတုန်းကတောင် ရွာတစ်ရွာကို လေဆင်နှာမောင်းတစ်ခုဝင်တိုက်ခဲ့ပြီး လူအတော်များများသေဆုံးခဲ့ရပါတယ်” လို့ မစ္စတာ မတ်တရူး က အင်္ဂါနေ့ (မေ ၂) က ဆိုခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲက တစ်ခုအဖြစ် မြန်မာကို ဖေါ်ညွှန်းထားပါတယ်။
“ပြီးခဲ့တဲ့ နှစ်နှစ်က မြန်မာမှာ အခြေအနေတွေ ပိုဆိုးရွားလာခဲ့ပါတယ်။ တိုင်းပြည်ရဲ့နေရာအတော်များများမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ပိုဖြစ်လာခဲ့ပါတယ်။ ဒီ့ရဲ့နောက်ဆက်တွဲအဖြစ် ပြည်သူတွေက နေရပ်စွန့်ခွာ ရှောင်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ဖို့ကလည်း ပိုခက်ခဲလာပါတယ်။ ဒီအချက်တွေအားလုံးက မြန်မာက ကလေးသူငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေအတွက် ပိုမိုဆိုးရွားစေတဲ့အခြေအနေကို ဖြစ်ပေါ်စေပါတယ်” လို့ မစ္စတာ မတ်သရူးက ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့အဖွဲ့က မြန်မာအပါအဝင်နိုင်ငံအတော်များများမှာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့က ဒေသခံအာဏာပိုင်တွေကို ကူညီပေးနေတာမျိုးပါ။ တစ်ချိန်တည်းမှာပဲ သူတို့ကလည်း လူသားချင်းစာနာမှုရှိရမယ်၊ ကြားနေရမယ်၊ မျက်နှာမလိုက်ရဘူး၊ ပြီးတော့ အမှီအခိုကင်းရမယ် ဆိုတဲ့ အခြေခံအချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်” လို့ မစ္စတာ မတ်သရူးက ၎င်းတို့အဖွဲ့ရဲ့ အကူးအညီ ပေးရေး ပုံစံတွေအကြောင်းကို ရှင်းပြခဲ့ပါတယ်။
“ပဠိပက္ခဖြစ်ပွားနေချိန်မှာတော့ ဒီမှုသဘောတရားတွေက စိန်ခေါ်မှုတွေပါပဲ။ IFRC လိုအဖွဲ့မျိုးကို မင်းရဲ့ ရုံးခန်းက ဘယ်မှာလဲနဲ့၊ ဘယ်သူတွေက မင်းအဖွဲ့ကို လွှမ်းမိုးချုပ်ကိုင်နေသလဲဆိုတဲ့မေးခွန်းတွေနဲ့ အယုံအကြည်မဲ့မှုတွေ ကလည်း ဖြစ်ပေါ်လာနိုင်တယ်လေ။ လူထုဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေပါ၊ ဆိုခဲ့တဲ့အချက်တွေကပဲ ကူညီခွင့် ပေး၊ မပေးကို ဆုံးဖြတ်ပေး သွားမှာ ” လို့ ၎င်းက ပြောခဲ့ပါတယ်။
(CNA သတင်းဌာန၏ “China’s potential peacemaker role in Myanmar driven by economic, geopolitical interests; no end in sight for crisis” ဆောင်းပါးကို ဘာသာပြန်သည်။)
ပုံစာ - တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကို ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်တွင် တွေ့ရစဉ်။ (Gua Media)
Related Articles
- မြန်မာ၌ ကိုးကွယ်မှုဆိုင်ရာလွတ်လပ်ခွင့်ကျဆင်းလာပြီး ဘိုင်ဒင်အစိုးရက NUG နဲ့ စေ့စပ်မှုလုပ်သင့်ဟု USCIRF ဖေါ်ပြ
- ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဖွဲ့ မောင်တော သို့ရောက်ရှိ
- အာဏာသိမ်းပြီးနောက် အမေရိကန်က စစ်အုပ်စုအပေါ် အရေးယူခဲ့မှုများ
- ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာညီမ ဖြစ်သူထံ ရောက်ရှိ
Top News
လွန်ခဲ့သော ၂ ရက် က