bap-logo
Article

စစ်အာဏာသိမ်းမှုအပေါ်က ရခိုင့်တပ်မတော်ရဲ့ အကျိုးဖြစ်ထွန်းမှု

_UHk-tmbkey1bUKB7wm_O-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အရှိန်မြင့်လာပေမယ့်လည်း တိုင်းပြည်ရဲ့ အင်အား အကြီး ဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် (AA) ရဲ့ ထိန်းချုပ်မှု လက်အောက်မှာ ရှိနေတဲ့ ရခိုင်ပြည်နယ်ကတော့ ပြည်မနဲ့ယှဉ်ရင် တည်ငြိမ်နေပါတယ်။

 

၂၀၀၉ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ရခိုင့်တပ်မတော်ရဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ ရခိုင်လူမျိုးတွေအတွက် ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ပါပဲ။

 

ရခိုင့်တပ်မတော်မှာ လက်နက်တပ်ဆင်ထားတဲ့တပ်ဖွဲ့ဝင် ၃၀,၀၀၀ ဦးရှိပြီး ယင်းထဲမှ ,၀၀၀ ဝန်းကျင်ခန့်ကို ကချင်၊ ကရင်၊ ရှမ်းပြည်နယ်နဲ့ တိုင်းပြည်ရဲ့တချို့နေရာတွေက တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား မဟာမိတ် တပ်ဖွဲ့တွေဆီကို အင်အားဖြည့်ပေးထားပါတယ်။

 

မြန်မာပြည်အနောက်ပိုင်းမှာ စစ်တပ်နဲ့ ၂၀၁၅ ကစပြီး ရင်ဆိုင်တိုက်ပွဲတွေစရှိခဲ့တဲ့ ရခိုင့်တပ်မတော်ဟာ "၂၀၂၀ ရခိုင့်အိပ်မက်" ဆိုတဲ့ ကတိကဝတ်တစ်ခုနဲ့ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတယ်။

 

"၂၀၂၀ ရခိုင့်အိပ်မက်" ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ရခိုင့်တပ်မတော်ဟာ သူ့ရဲ့ အင်အား ကောင်းတဲ့ စစ်အခြေစိုက်စခန်းနဲ့ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုကို ရခိုင်မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာတော့ ရခိုင်ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရခိုင့် တပ်မတော်က ဆိုခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်မှာ စစ်တပ်နဲ့ ရခိုင့်တပ်မတော်အကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပေမယ့် နိုဝင်ဘာ နှောင်းပိုင်းမှာတော့ ပဠိပက္ခဖြစ်ပွားတဲ့အရပ်‌တွေကို အစိုးရမဟုတ်တဲ့အရပ်ဖက်အဖွဲ့အစည်းများက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီး တိုက်ပွဲတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

 

ရခိုင့်တပ်မတော်ဟာ ၂၀၁၈ ကနေ ၂၀၂၀ ထိ စစ်တပ်နဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်ရက်လေးတင်မှာပဲ ကြိုးကြားကြိုးကြား တိုက်ပွဲများရံဖန်ရံခါ ဖြစ်ပွားသည်ကလွဲ၍ တိုက်ပွဲများကို ရပ်တန့်ခဲ့ပါတယ်။

 

ယခုလက်ရှိမှာ စစ်ပွဲတွေကို ယာယီရပ်စဲထားဆဲပင်ရှိသော်ငြားလည်း စစ်တပ်က နောက်တစ်ဖန် စစ်ပွဲအတွက် ရခိုင်မှာရှိတဲ့ သူ့ရဲ့တပ်တွေကို အင်အားပြန်ဖြည့်ပြီး ကာလရှည်ရိက္ခာများကို စုဆောင်းနေပါတယ်။

 

ရခိုင့်တပ်မတော်ဖက်ကတော့ ရခိုင်ပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကိုသာ ရရှိနိုင်ဖို့ ရွေးချယ်ခဲ့ပြီးသားပါ။

 

အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားသရွေ့ ရခိုင့်တပ်မတော်အနေနဲ့ ၎င်းရဲ့နိုင်ငံရေး ရည်မှန်းချက်ကို ရရှိနိုင်ဖို့မဖြစ်နိုင်ကြောင်း လေ့လာသူများက ဆန်းစစ်ဝေဖန်ကြပါတယ်။

 

တရုတ်နဲ့ အိန္ဒိယရဲ့ အရေးပါတဲ့စီမံကိန်းတွေတည်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စစ်အစိုးရက ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးဆိုတာ သိပ်ရှင်းနေပါတယ်။

 

နောက်တစ်ချက်ကတော့ စစ်အစိုးရရဲ့ အတိုက်အခံဖြစ်တဲ့ မညစ (အမျိုးသားညီညွတ်ရေးအစိုးရ) ရဲ့ လက်ထဲကိုသာ တိုင်းပြည်အာဏာသက်ဆင်းခဲ့ရင် မညစက သူ့ရဲ့ ဖက်ဒရယ်ပဠိညာဉ်ကိုပဲ အကောင်အထည်‌ ဖေါ်နိုင်ခြေများကာ ရခိုင့်တပ်မတော်က တောင်းဆိုထားတာထက် နည်းနည်းပိုလျော့နည်းတဲ့ အုပ်ချုပ်ရေး အာဏာ မျှဝေတဲ့ပုံစံကိုတော့ ရခိုင့်တပ်မတော်က မျှော်မှန်းနိုင်ပါတယ်။

 

ဒါ့အပြင် မညစ အနေနဲ့ကည်း ရခိုင့်တပ်မတော်ကို စစ်ရေးနဲ့နိုင်ငံရေးဆိုင်ရာ အာဏာတွေ အများအပြား ပေးမိမယ်ဆိုရင် KNU KIO တို့ကဲ့သို့ တခြားသောအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း အလားတူ တောင်းဆိုမှုမျိုးကို ပြုလုပ်လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘော်လကန်နိုင်ငံတွေလို မြန်မာဟာ နိုင်ငံငယ်တွေအဖြစ် အစိတ်စိတ်အမွှာမွှာအဖြစ် ကွဲသွားနိုင်ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက်မကြာမီမှာပဲ မညစ နဲ့ ရခိုင့်တပ်မတော်အကြား ဆက်ဆံရေးတွေဟာ အေးစက် သွားပေမယ့် တစ်နှစ်ခန့်ကြာပြီးနောက်မှာတော့ ၎င်းတို့နှစ်ဖက်ကြား ဆက်ဆံရေးတွေတိုးတက်ကောင်းမွန်လာပြီး တော်လှန်‌‌ ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်ဖို့နဲ့ အပြန်အလှန်အထောက်အပံ့ပြုဖို့ကို ကတိပြုခြင်းတို့အပါအဝင် အတိုင်းအတာတစ်ခုအထိ သဘောတူညီချက်ရယူထားပုံရှိပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် အကြာ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ရခိုင့်တပ်မတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ကာလရှည်ကြာစွာရှိခဲ့တဲ့ ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကလွဲလို့ မည်သည့်အပေးအယူကတိကဝတ်မှ ရှိမှာမဟုတ်ကြောင်းဆိုခဲ့ပါတယ်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များစုစည်းထားတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံကသာ ရခိုင်ပြည်သူ‌တွေအတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ အစောပိုင်းက ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်မကြာမီမှာပဲ ရခိုင့်တပ်မတော်ဟာ ၎င်းရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရရှိဖို့ ပြင်ဆင်တဲ့အနေနဲ့ အခြားသော လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ အသစ်ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေး အုပ်စုတွေနဲ့ လက်တွဲပြီး အာဏာသိမ်းစစ်အုပ်စုရဲ့စစ်တပ်ကို ဘုံရန်သူအဖြစ် တိုက်ခိုက်ရင်းနဲ့ စစ်အာဏာသိမ်းမှုကို နည်းဗျူဟာကျကျအသုံးပြုကာ အခွင့်အရေးယူခဲ့ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာတော့ ရခိုင့်တပ်မတော်ဟာ ရခိုင်ပြည်သူတွေအတွက် ၎င်းရဲ့ ရည်မှန်းချက် ကို ဘယ်တော့မှရရှိအောင်မြင်နိုင်မှာမဟုတ်ဘူးဆိုတာကို ရခိုင့်တပ်မတော်ကလည်း သိနားလည်ပုံပေါက်ပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင့်တပ်မတော်တည်ထောင်ခြင်း ၁၄ နှစ်ပြည့်အခန်းအနားမှာ မညစ အပါအဝင် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့လက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး အဖွဲ့ ၄၀ က ဂုဏ်ယူ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေကို ရခိုင့်တပ်မတော်ထံ ပေးပို့ခဲ့ပါတယ်။

 

ထုတ်ပြန်ချက်အများစုမှာတော့ စစ်အုပ်စုက တိုင်းပြည်တွင်းနယ်မြေထိန်းချုပ်မှုတွေကို ဆုံးရှုံးတဲ့အထိ အာဏာ သိမ်းစစ်အုပ်စုကို အတူတိုက်ခိုက်သွားဖို့ကို အလေးဂရုပြုရေးသားထားပြီး တော်လှန်ရေးတပ်ဖွဲ့အများစုကတော့ ရခိုင့်တပ်မတော်ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ထောက်ခံကြောင်း ဖေါ်ညွှန်းရေးသားထားပါတယ်။

 

ဒီထုတ်ပြန်ချက်‌တွေကတဆင့် ရခိုင့်တပ်မတော်က ရှင်းလင်းတဲ့ဗျူဟာနှစ်ခုကို မြင်သာစေခဲ့ပါတယ်။ ပထမ တစ်ချက်ကတော့ ရန်သူဖြစ်တဲ့ အာဏာသိမ်းစစ်အုပ်စုကို စစ်ရေးဖြင့်သော်လည်းကောင်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းဖြင့် သော်လည်းကောင်း ရင်ဆိုင်ကာ အားနည်းအောင်လုပ်ဖို့ပါပဲ။

 

ဒုတိယတစ်ချက်ကတော့ ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ရေးဆိုတဲ့ ရခိုင့်တပ်မတော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ထောက်ပံ့မှု၊ ထောက်ခံပေးမှုတွေကို ရှာဖွေပေးဖို့ပါပဲ။

 

အာဏာသိမ်းစစ်အုပ်စုနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ တခြားတပ်ဖွဲ့တွေဆီကနေ ထောက်ခံမှုရဖို့ရန်အတွက် ရခိုင့် တပ်မတော်က အာဏာသိမ်းစစ်အုပ်စုရဲ့တပ်ဖွဲ့‌‌တွေနဲ့ တိုက်ပွဲ‌တွေဖြစ်ပွားနေတဲ့ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်း ပြည်နယ်ရှိ လက်နက်ကိုင်‌ တော်လှန်‌ရေးတပ်ဖွဲ့ အနည်းဆုံး ၁၅ ဖွဲ့ကို စစ်သင်တန်းပေးခြင်း (သို့) လက်နက်များပံ့ပို့ပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။

 

ရခိုင့်တပ်မတော်ဟာ ရခိုင်ပြည်နည်နဲ့စပ်ဆက်နေတဲ့ ပြည်‌နယ်တွေက တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တဲ့ ပထဝီဆိုင်ရာနည်းဗျူဟာက ရခိုင်မှာ ၎င်းတို့ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးယန္တရားကို အရှိန်တိုးမြှင့်လည်ပတ်စေပြီး စစ်အုပ်စုရဲ့ဦးဆောင်မှုကိုလည်း ဆိုးရွားတဲ့ခြိမ်းခြောက်မှုတစ်ရပ်ကို ဖြစ်ပွားစေပါတယ်။

 

သို့‌ပေမယ့်လည်း အရေးပါပြီးအဓိကကျတဲ့ အချိန်တွေဟာ ကျန်ရှိနေဆဲပါ။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ရခိုင့်တပ်မတော်က တည်ဆောက်ထားတဲ့ စစ်ရေးအင်အားပေါ်မှီတည်နေရုံသာမက ရခိုင့်တပ်မတော်ရဲ့ ထောက်ပံ့မှု့တွေကို ရယူနေတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အခြေအနေပေါ်မှာလည်း မူတည်ပါတယ်။

 

ယင်းတော်လှန်ရေးအင်အားစုတွေကလည်း အာဏာသိမ်းစစ်အုပ်စုနဲ့ ၎င်းရဲ့အ‌ပေါင်းအပါတပ်ဖွဲ့တွေကို အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ဆိုရင် စစ်လက်နက်ပစ္စည်းများနဲ့ ပိုကောင်းတဲ့အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်ကို လိုအပ်နေဆဲဖြစ်ပါတယ်။

 

မညစ အတွက်ကတော့ ဒီတော်လှန်ရေးအင်အားစုတွေအပေါ် ဘယ်လောက်ထိထိန်းချုပ်နိုင်သလဲဆိုတဲ့ မေးခွန်း ရှိပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာအတွက် ဖယ်ဒရယ်မှု တစ်ခုကို ချမှတ်ထားတဲ့ပုံစံပေါက်နေပြီး မညစ ရဲ့ လက်အောက်ကဆိုတာထက် ရခိုင့်တပ်မတော်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ဆိုတဲ့ဖက်ကို ပိုယိမ်းနေတယ်ဆိုတာကို မညစ နဲ့ ရခိုင့်တပ်မတော်ရဲ့ နီးစပ်တဲ့ ဆက်ဆံရေးကပြဆိုနေပါတယ်။

 

သို့ပေမယ့်လည်း ဒါတွေအားလုံးက အနာဂတ်မှာဖြစ်လာမယ့်အရာတွေပါ။ ယခုအခါမှာတော့ မညစ နဲ့ ရခိုင့် တပ်မတော်က ဘုံရန်သူကိုတိုက်ခိုက်ရမှာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုရှုံးနိမ့်တဲ့အထိ အနာဂတ်မှာဖြစ်လာမယ့် ဒီစိန်ခေါ်မှုတွေကိုနောက်ပို့ထားရပါမယ်။

 

(The Diplomat ပါ ဆောင်းပါးရှင် Kyaw Hsan Hlaing ရဲ့ "How the Arakan Army Has Capitalized on Myanmar’s Coup" ဆောင်းပါးကို ဘာသာပြန်သည်။)

 

ပုံစာ - ရခိုင်ပြည်နယ်တွင် ကျင်းပသည့်ပွဲတော်တစ်ခုတွင် လုံခြုံရေးယူပေးနေသော ရခိုင့်တပ်မတော် တပ်သား များ

 

ပုံ - Kaung Mrat Naing

 

Burma Associated Press

 

အာဏာသိမ်း
ရက္ခိုင့်တပ်တော်

Share With
bap-logo