Article
ကရင်နီက လေကြောင်းရန်
လွန်ခဲ့သော ၂ နှစ် က
မေ ၈။
“ဘယ်မှာလဲ...ဘယ်မှာလဲ” လေယာဥ်ကိုရှာနေကြသော်လည်း မတွေ့ရပေ။
မတွေ့သော်လည်း ကြာကြာမရှာနိုင်ဘဲ ကားလမ်းမတန်းရှိ အဆောက်အဦကြီးတစ်ခု၏ အရိပ်အောက်သို့ သွားကပ်နေကြသည့်လူတစ်စုပြောဆိုနေကြခြင်းဖြစ်သည်။ ထိုသို့သွားကပ်နေခြင်းသည် လုံခြုံမည်မဟုတ်ဟူသော အသိကိုမတွေးနိုင်ပေ။
ဗုံးကြဲချနေသည့်လေယာဥ်၏ပစ်မှတ်သည် ၎င်းတို့ရှိနေသည့်ဧရိယာဖြစ်လျှင်ပင် ရှောင်စရာ နေရာ မရှိပေ၊ အကြောင်းမှာ ၎င်းတို့၏အနီးအနားတွင် ဗုံးခိုကျင်းမရှိသောကြောင့်ဖြစ်သည်။ ဗုံးခိုကျင်း မရှိသည့်အပြင် လမ်းမတန်းတွင် ဖြတ်သွားဖြတ်လာ ယာဥ်ကြီးယာဥ်ငယ်များနှင့် စည်ကားသည် ဖြစ်ရာ ဓါတ်ဆီဆိုင်များလည်း ပေါများသည်။ ၎င်းတို့သည် ထိုနေရာအနီးတစ်ဝိုက်တွင်ပင်ပတ်၍ လေယာဥ်ရှောင်နေကြသည်။
အချို့ဒေသခံများသည် လက်နက်ကြီးကျရာဧရိယာနှင့် ပိုဝေးသည်ဟုယူဆကြသည့် အခြားရွာ တစ်ခုခုသို့ ရှောင်ရန် ပြင်ဆင်နေကြသည်။
ကောင်းကင်တွင် လေယာဥ်ကိုမမြင်ရသော်လည်း ငှက်သုံးလေးကောင်ခန့် ပျံဝဲနေသည်။ ဗုံးသံ တစ်ခါကြားတိုင်း ပျံထွက်သွားသည့် ငှက်တစ်ကောင်ရှိသည်။ ကောင်းကင်တွင် တိမ်ထူနေသဖြင့် လေယာဥ်သည် တိမ်ကြားတွင် အသံကိုသာကြားရသည်။ လေယာဥ်သံကြားပြီးနောက် ပေါက်ကွဲသံ ကြားရသည်၊ ယင်းနောက် လေယာဥ်သံပျောက်ကွယ်သွားသည်။
လေယာဥ်သံပျောက်သွားပြီး ခဏကြာချိန်တွင် လမ်းမပေါ်သို့ လူများ အလျိုလျို ပြန်ထွက်လာကြ သည်။ ဘာလုပ်လျှင်ကောင်းမည်နှင့် မည်သည့်အရပ်ကို ဗုံးကျခြင်းဖြစ်မည်ကို ခန့်မှန်းပြောဆို နေကြသည်။ ယမန်နေ့ နေ့လယ်တွင် လေယာဥ်ဝဲသံများ ကြားရပြီးနောက် ညသန်းခေါင်တွင် ဝဲလိုက် ရပ်လိုက်ဖြင့် တစ်နာရီ ဝန်းကျင်ခန့် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဧပြီ ၂၉ တွင် မနက်၉ နာရီခန့်မှ နေ့လယ်၂ နာရီဝန်းကျင်ခန့်အတွင်း လေယာဥ်ဖြင့် ဗုံးကြဲချခြင်း၊ လေယာဥ်ပေါ်မှ စက်သေနတ်နှင့်ပစ်ခြင်း၊ လက်နက်ကြီးနှင့်ပစ်ခက်ခြင်းတို့ကို မနက်ပိုင်းမှနေ့လယ် ထိ ဆက်တိုက် ပြုလုပ်ခဲ့သည်။ ကရင်နီဒေသ နေရာအနှံ့အပြားတွင်မဟုတ်ဘဲ ပစ်မှတ်ဧရိယာ တစ်ခု တည်းကိုသာ ဦးတည်၍ ထိုသို့နာရီအတန်ကြာပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုဧရိယာတွင် မြေပြင်စစ်ကြောင်းဖြင့် တိုက်ပွဲဖော်ဆောင်ခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နာရီဝက်ခန့်အကြာတွင် လေယာဥ်သံပြန်လည်ထွက်ပေါ်လာပြန်သည်။ ထိုသို့ထွက်ပေါ်လာချိန်တွင် လူများလမ်းပေါ်မှ အလျိုလျိုပျောက်ကုန်ကြပြန်သည်၊ လမ်းပေါ်တွင် ယာဥ်အတန်ရှင်းသွားသည်။ တစ်စီးစ နှစ်စီးစ သွားနေကြသည့်ယာဥ်များမှာလည်း အရှိန်ပြင်းစွာမောင်းနှင်သွားကြသည်။
“ ဟိုမှာ......ဟိုမှာ ” အမျိုးသမီးငယ်တစ်ဦးက အုတ်နံရံ အဆောက်အဦ နားကပ်ရင်း ကောင်းကင်သို့ လက်ညိုးညွှန်ပြသည်။
လေယာဥ်တစ်စီးသည် တိမ်များကြားမှ အောက်သို့နိမ့်ဆင်းလာကာ ဗုံးသုံးလုံးချသွားသည်။ ထို့နောက် အပေါ်ပြန်တက်ကာ တိမ်များအကြားပျောက်ကွယ်သွားပြန်သည်။ တိမ်အဖြူ အလွန် မထူထပ်သော်လည်း ကောင်းကင်တွင်ရှိနေသည့် တိမ်များသည် လေယာဥ်ကို မြေပြင်မှ မမြင်တွေ့ စေနိုင်ပေ။
တိမ်အဖြူ အလွန် မထူထပ်သော်လည်း ကောင်းကင် တွင် ရှိနေသည့် တိမ်များသည် လေယာဥ်ကို မြေပြင်မှ မမြင်တွေ့ စေနိုင်ပေ။
စက္ကန့်အနည်းငယ်အကြာတွင် ပေါက်ကွဲသံအကျယ်ကြီး ဆက်တိုက်ကြားရပြန်သည်။ ပေါက်ကွဲသံ ကြားပြီးမကြာမီ လူများပြန်ထွက်လာကာ ကောင်းကင်ကို မော့ကြည့်ကြပြန်သည်။ မိမိတို့ ပုန်းရမည့် နေရာကို တိုင်ပင်ဆွေးနွေးကြပြန်သည်၊ အနီးအပါးတွင် အပြီးမသတ်ရသေးသော ဗုံးခိုကျင်း အချို့သာ ရှိနေသည်။
လေကြောင်း၊ ကုန်းကြောင်းမှတဆင့် တိုက်ခိုက်ခံနေရသော်လည်း ကရင်နီဒေသတွင် လူတိုင်း ဗုံးခို ကျင်းကို အသုံးမပြုနိုင်ကြသေးပေ။
ဗုံးခိုကျင်းပြုလုပ်ရန် မြေနေရာလိုအပ်သည်။ လက်ရှိကရင်နီဒေသ၏ ၇၀ ရာခိုင်နှုန်းကျော်သည်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်များသည် ၎င်းတို့ရှောင်တိမ်းရမည့် နေရာ၏ ကျေးရွာလူကြီးများကို ခွင့်ပြုချက်တောင်းရသည်။ တောင်ပေါ်တွင် လယ်ယာစိုက်ပျိုးကြ သဖြင့် တောင်ပေါ်မြေကရင်နီဒေသ၏ မြေနေရာအများစုတွင် ပိုင်ရှင်ရှိသည်။ ထို့ကြောင့် စစ်ဘေးရှောင်များသည် ရွာလူကြီးခွင့်ပြုချက်အပြင် စစ်ဘေးရှောင်များစခန်းချရမည့် မြေနေရာ၏ မြေပိုင်ရှင် ခွင့်ပြုချက်လည်း လိုအပ်သည်။
ရွာတွင်နေထိုင်စဥ် ကျေးရွာလူကြီးများချမှတ်သည့်စည်းကမ်းများနှင့် မြေပိုင်ရှင်၏ မြေနှင့် သက်ဆိုင်သော စည်းကမ်းများကိုလည်း လိုက်နာရသည်။ စစ်ရှောင်စခန်းတိုင်းတွင် ဗုံးခိုကျင်း ရှိသော်လည်း ယင်းတို့မှာ စခန်းရှိလူအားလုံးအတွက် လုံလုံလောက်မဟုတ်ပေ။ အချို့စခန်းများတွင် မြေပိုင်ရှင်ခွင့်မပြုသောကြောင့် ဗုံးခိုကျင်းမတူးနိုင်ကြပေ။
စစ်ဘေးရှောင်များအတွက် ငှားရမ်းပေးထားသည့် မြေနေရာများသည် လယ်ယာစိုက်ပျိုးသည့် မြေများဖြစ်ရာ လူဦးရေအများကြီးနေထိုင်နိုင်ရန် အိမ်ဆောက်ခြင်း၊ ကျင်းတူးခြင်း၊ အမှိုက်များ စွန့်ပစ်ရခြင်း စသည့် အခြေအနေများသည် စိုက်ပျိုးမြေအား မူလအရည်အသွေးမှ ကျဆင်းစေပြီး ဖြစ်သည်။
အိမ်ထောင်စု လေးဆယ်ဝန်းကျင်ခန့်ရှိသည့် စစ်ရှောင်စခန်းတစ်ခုတွင် ဗုံးခိုကျင်းရှိသည့်အိမ်သည် လေးခုသာရှိသည်။ ပိုင်ရှင်ကမြေပျက်နိုင်သဖြင့် ဆက်မတူးတော့ရန် တားမြစ်ထားသည်ဟု အသက် ငါးဆယ်ဝန်းကျင်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။ ထိုအမျိုးသမီးတို့ မိသားစု အတွက် ဗုံးခိုကျင်း မတူးရသေးပေ။ ၎င်းတို့စခန်းသည် ကုန်းအမြင့်ပေါ်တွင် ဖြစ်သဖြင့် အောက်ဆင်းကာ ကုန်းအမြင့်နားတွင် ကပ်ပုန်းရန် စဥ်းစားထားသည်။
ဗုံးခိုကျင်းဆောက်လုပ်ရန် မြေနေရာအခက်အခဲသာရှိသည်မဟုတ်ပေ၊ ဗုံးခိုကျင်းတစ်ခု ပြုလုပ်ရန် အတွက် ကျင်းတူးပြီး အပေါ်တွင်တင်ရမည့်သစ်သားများ သဲအိတ်များအတွက် လိုအပ်ချက် များလည်း ရှိသေးသည်။
မြေတူးနိုင်လျှင်ပင် ထိုပစ္စည်းများမဝယ်နိုင်သဖြင့် ဗုံးခိုကျင်းမတူးနိုင်ကြောင်း အသက်ငါးဆယ်ကျော် အရွယ် စစ်ရှောင်အမျိုးသမီးကဆိုသည်။
လေယာဥ်အန္တရာယ်ကျလာပါက ၎င်းတို့အနီးရှိ တံတားတစ်ခုအောက်သို့ သွားရောက်ပုန်းခို ရှောင်တိမ်းသည်ဟု ဆိုသည်။
ဗုံးခိုကျင်းများသည် မြေသားပေါ်တွင် တူးဖော်ထားသဖြင့် မိုးတွင်းတွင် အသုံးပြုရခက်ခဲသည်ဟု ဒေသခံများက ဆိုကြသည်။ တစ်ခါတစ်ရံ မြွေဝင်နေတတ်ခြင်း၊ မိုးအဆက်မပြတ် ရွာလေ့ရှိသည့် ဒေသဖြစ်သည့်အပြင် မြေသားမှာကပ်စီးလွယ်သဖြင့် သွားလာရခက်ခဲခြင်း စသည်တို့ကြောင့်လည်း ဖြစ်သည်။ ထို့အပြင် ဗုံးခိုကျင်းသည် မြေအောက်သို့ခါးငုံ့ဝင်ရကာ ထိုင်ရသောကြောင့် ထိုခန္ဓာ ကိုယ်အနေအထားနှင့် မသင့်လျော်သော ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အသုံးပြုရ ခက်ခဲသည့် အားနည်းချက်များရှိသည်။ ဗုံးခိုကျင်းကို အများအားဖြင့် လေကြောင်းမှအန္တရာယ် အတွက် အဓိကအားထားကြသည်။
အများပြည်သူလမ်းများ၊ ဈေးများ၊ ဆေးရုံစသည့် အများပြည်သူပိုင် ဧရိယာများသည်လည်း လေယာဥ် အပါအဝင် လက်နက်ကြီးငယ်တို့ဖြင့် တိုက်ခိုက်ခံနေရသည်။ ကရင်နီဒေသတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် နေရပ်မှစစ်ဘေးရှောင်ထွက်ပြေးနေရသူပေါင်း နှစ်သိန်းကျော်ခန့် ရှိသည်ဟု Karenni Civil Society Network မှထုတ်ပြန်ထားသည်။
ပတ်ကာဝဲပျံနေသောလေယာဥ်သည် ကောင်းကင်၌ပြန်ထွက်ပေါ်လာချိန်တွင် ခန့်မှန်းခြေ ၃၀ ဒီဂရီ ခန့်စောင်း၍ လေယာဥ်ဦးခေါင်းကို မြေပြင်ရှိရာသို့စိုက်ကာ မောင်းသွားစဥ်တွင် စက်သေနတ် ပစ်သံများ ဆက်တိုက်ကြားရသည်။ ယင်းနောက် အပေါ်ပြန်တက်ကာ တိမ်ကြားတွင် ပျောက်ကွယ် သွားပြန်သည်။ ထို့နောက် လေယာဥ်သံမကြားရတော့သော်လည်း လက်နက်ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရသဖြင့် လက်နက်ကြီးဖြင့်ပစ်နေကြောင်း ဒေသခံများက နားလည်လိုက် ကြသည်။
ထိုနေ့ နေ့လည်ပိုင်း နှစ်နာရီဝန်းကျင်အထိ စစ်ကောင်စီ၏ လေကြာင်းဖြင့် ဗုံးချခြင်း၊ လေယာဥ်ပေါ်မှ စက်သေနတ်နှင့်ပစ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့နောက် ဒရုန်းသံများထပ်မံကြားရပြန်သည်၊ ဒေသခံအချို့မှာ တစ်ညလုံးပစ်ခတ်ကြမည်ဟုထင်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြသည်။
“...........(ခန့်မှန်းနေရာ) ပဲဖြစ်မှာပဲ၊ အဲ့ဘက်ကလူတွေတော့ ဘယ်လောက်ကြောက်နေကြမလဲ မသိဘူး” ဟုလေယာဥ်သံကိုနားစွင့်ရင်း ဒေသခံများကပြောဆိုနေကြသည်။
“...........(ခန့်မှန်းနေရာ) ပဲဖြစ်မှာပဲ၊ အဲ့ဘက်က လူတွေတော့ ဘယ်လောက် ကြောက်နေကြမလဲ မသိဘူး”
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့်နေရာသည် မီးလောင်ရာများ၊ မီးသွေးဖြစ်နေသော သစ်သား တိုင်များ၊ မှန်ကွဲများ၊ သေနတ်ရာများနှင့်အဆောက်အဦများတို့ဖြင့် ခြောက်သွေ့စွာ ကျန်ရစ်ခဲ့သည်။ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြသည်။
ယင်းနေ့နောက်တစ်ရက်တွင် ဒေသခံအချို့ စကားစုပြောနေကြရာတွင် ၅ နာရီဝန်းကျင်ခန့် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသည့် ထိုနေ့တွင် မိမိတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြရကြောင်းများလည်း ပါဝင်သည်။
မင်းအောင်လှိုင်ကို ဖမ်းမိရင် သူ့အသားကိုမဖုတ်ဘူး၊ အစိမ်းစားမယ် ဟူသောအသံများလည်း ပါသည်။ မင်းအောင်လှိုင်ကိုမိရင် လှောင်အိမ်ထဲထည့်ပြီးသယ်လာမယ်၊ နယ်လှည့်ပြီး မသေအောင် ဝိုင်းရိုက်ကြမယ်ဟူသောအသံသည် ရယ်သံများနှင့်အတူ ထွက်လာပြန်သည်။
“ ဒီတောင်မရောက်ဘူး၊ စစ်ကိုင်းတို့မကွေးတို့မှာတင် ကုန်ပြီ ” ဟုမင်းအောင်လှိုင်၏ အနာဂါတ်နှင့် ပတ်သက်ပြီး ၎င်းတို့တွေးမိသမျှကို ရယ်မောကာပြောဆိုနေကြရင်း လေယာဥ်သံကို နားစွင့် နေကြတော့သည်။
Burma Associated Press