bap-logo
Politics

စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှု ရန်ကုန်က အဆောင်နေ အမျိုးသားတွေကိုပါ ခြိမ်းခြောက်လာ

tjbt9QEfZg7oQ0KwJDKId-image

လွန်ခဲ့သော ၁၂ ရက် က

BAP၊ ဇန်နဝါရီ ၁၃။

 

ရန်ကုန်မြို့က အမျိုးသားအများစုနေတဲ့ အဆောင်တွေမှာ စစ်ကောင်စီက ဧည့်စားရင်းစစ်တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ လူငယ်တွေကို စစ်မူထမ်းထဲထည့်ဖို့ ဖမ်းဆီးနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

 

မြောက်ဒဂုံမြို့နယ်က အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီရုံးရှိရာ ပင်လုံခန်းမအနီးက အမျိုးသားအဆောင်တွေမှာ ညတိုင်းနီးပါးဧည့်စားရင်းစစ်နေပြီး ဖမ်းဆီးခံရတာမျိုးတွေ ကြုံနေရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

 

"ဒီနေရာက အဆောင်တွေများတော့ ညဆိုဧည့်စားရင်းစစ်တာ၊ စစ်ကားနဲ့အုပ်ကြီးတွေအဖွဲ့လိုက် ဧည့်စားရင်းမတိုင်ထားတဲ့သူတွေဆိုပါသွားတယ်၊ လိုအပ်တဲ့လူဦးရေရရင် ကျန်တဲ့သူတွေကို ငွေပေးခိုင်းပြီးပြန်လွတ်ပေးတာ၊ နယ်ကနေလာတဲ့လူငယ်တွေပါသွားတယ်" လို့ မြောက်ဒဂုံနေသူတဦးက ပြောပါတယ်။

 

မြောက်ဒဂုံမြို့နယ်အတွင်းက ဖမ်းဆီးရမိသူတွေထဲက လူငယ်အချို့မှာ စစ်​ကောင်စီလက်​​အောက် ပြည်ပ အလုပ်အကိုင်အေဂျင်စီရုံးနဲ့ချိတ်ဆက်ထားသူတွေလည်းပါဝင်နေတာကြောင့် ငွေကြေးပေးပြီး ပြန်လွတ် လာသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

 

မြောက်ဒဂုံမြို့နယ်က အမျိုးသားအဆောင်တွေမှာ လာရောက်နေထိုင်သူတွေဟာ စစ်ကိုင်း၊ရခိုင်နဲ့ ရှမ်းပြည်နယ်ကနေ လာရောက်နေထိုင်သူတွေ အများဆုံးလို့ BAP က သိရပါတယ်။

 

မြောက်ဒဂုံမြို့နယ်ထဲက အမျိုးသားအဆောင်တွေအပြင် ကမာရွတ်မြို့နယ် လည်းတန်းနဲ့ စမ်းချောင်း မြို့နယ်ထဲက အမျိုးသားအဆောင်တွေမှာလည်း ဧည့်စားရင်းမကြာခဏစစ်ဆေးနေတယ်လို့ ရပ်ကွက်နေ သူတွေက ပြောပါတယ်။

 

"ခုဆိုရင် လူငယ်တွေစုပြီး အရင်လိုတိုက်ခန်းငှားမနေရဲကြတော့ဘူး၊ မိသားစုတွေနေနေတဲ့တိုက်ခန်းမှာပဲ ပေါင်းနေတာမျိုးတွေလုပ်နေရတယ်၊ ရပ်ကွက်ထိပ်မှာလည်း စစ်ကောင်စီသတင်းပေးတွေရှိနေတယ်၊ ဘယ်အိမ်မှာလူငယ်တွေရှိလည်း အဝင်အထွက်များလဲ ဆိုတာစောင့်ကြည့်နေတာ ဘယ်လိုမှမလုံခြုံတော့ဘူး"လို့ ကမာရွတ်မြို့နယ်နေသူတဦးက ပြောပါတယ်။

 

ဒီရက်ပိုင်းအတွင်းရန်ကုန်မြို့နယ်တွေမှာ လူငယ်တွေပျောက်ဆုံးနေတာကြောင့် တွေ့ရင်အကြောင်းကြား​​ပေးဖို့ မိသားစုတွေက လူမူကွန်ယက်ကနေ အကူညီတောင်းခံမူတွေ ခပ်စိပ်စိပ်တွေ့နေရပါတယ်။

 

အရင်ကတော့ စစ်မူထမ်းဖို့ မြို့နယ်တခုကို အပတ်စဥ်တခုအတွက် လူ ၄ ယောက်သာ ခေါ်ယူမယ်​ပြောထား​ပေမဲ့ အခု​နောက်ပိုင်း ကာလတွေမှာတော့ ဖမ်းဆီးမူတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

 

"အရင်ကဆို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က တရပ်ကွက်နှစ်ယောက်ဆိုရင် ညပိုင်းလမ်းဘေးအရက်သောက်နေသူတွေ ခိုးဆိုးလုနိုက်နံမည်ဆိုးရှိသူတွေကို ခေါ်ထည့်လိုက်တာ၊ အဆင်ပြေတယ်၊ ခုက လူလိုနေလို့ကို သက်သက်မဲ့ဧည့်စာရင်းစစ်ရင်းလူရှာနေတာ၊ ကျွန်မတို့ရပ်ကွက်ဆို ညတိုင်းအဆွဲခံနေရတယ်"လို့ သာကေတမြို့နယ်နေသူတဦးက ပြောပါတယ်။

 

အမျိုးသားအဆောင်တွေသာမက အမျိုးသားလူငယ်တွေရှိတဲ့ နေအိမ်တွေကိုလည်း စစ်မူထမ်းခေါ်ဖို့ ဧည့်စားရင်းစစ်တာမျိုးတွေ ပြု​လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

 

လက်ရှိအချိန်မှာ စစ်မူထမ်းသင်တန်းအပတ်စဥ် (၉) ကို ရောက်ရှိလာပြီးနောက်ပိုင်းအပတ်စဥ်တွေအတွက် လူကြိုတင်​စုဆောင်းနေတာလို့ အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်နှစ်သောင်းကျော့ရှိနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

 

ပုံစာ- ရန်ကုန် ၊ ကမာရွတ် လှည်းတန်းအနီး​တွေ့ရတဲ့ စစ်​ကောင်စီတပ်ဖွဲ့​တွေ (ပုံ​ဟောင်း)

Burma Associated Press

 

စစ်ကောင်စီ
လူငယ်
ရန်ကုန်
ဖမ်းဆီး

Share With
bap-logo