Politics
ခရီးသည်တင်ကားပေါ်မှာ ကုန်ခြောက်ပစ္စည်းပါရင် PDF ထောက်ပို့ဆိုပြီး ဖွင့်ဖောက်စစ်ဆေးတာတွေ လုပ်နေ
လွန်ခဲ့သော ၃ နာရီ က
BAP၊ ဇန်နဝါရီ ၁၀။
ရန်ကုန်မြို့အဝင်အထွက်ဂိတ်တွေမှာ ခရီးသွားတွေရဲ့ ပစ္စည်းတွေကို အစစ်ဆေးကြမ်းနေပြီး ကုန်ခြောက် ပစ္စည်းတွေပါပါက PDF ထောက်ပို့ဆိုပြီးစွပ်စွဲကာ စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
ခရီးသည်တင်ကားတွေမှာ တင်ဆောင်လာတဲ့ ပစ္စည်းတွေကို ဖွင့်ဖောက်တာမျိုးတွေပြုလုပ်နေပြီး ပစ္စည်းပိုင်ရှင်ကို တယောက်ချင်းစစ်ဆေးနေကြတယ်လို့ တောင်ကြီးကနေရန်ကုန်မြို့ကို ခရီးသွားခဲ့သူတဦးက ပြောပါတယ်။
"ကလေးတွေကရန်ကုန်မှာကျောင်းတက်နေတာ သူတို့အတွက်ခေါက်ဆွဲ ခြောက်တွေ ဗာလချောင်ကျော်တွေ ထည့်လာတဲ့ဖာကို ဖွင့်တယ်< ပစ္စည်းပိုင်ရှင်ဘယ်သူလဲဆိုတာကိုမေးပြီး ဂိတ်မှာခေါ်စစ်တယ် ၊ ထောက်ပို့လား၊ ဘယ်တပ်အတွက်လုပ်နေတာလဲဆိုပြီးမေးတော့၊ ထောက်ပို့ဆိုတာဘာပြောတာလဲ မသိဘူးဆိုပြီးပြောမှ ဒါတောင် မသိဘူးလားဆိုပြီးမှ ပြန်လွှတ်တာ"လို့ ကိုယ်တိုင်ကြုံရသူတဦးက ပြောပါတယ်။
ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ ရန်ကုန်အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ ရဲ၊ ယာဉ်ထိန်း၊ စစ်သားတွေ စုပေါင်းပြီး စစ်ဆေးနေတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
အချို့ဂိတ်တွေမှာ မှတ်ပုံတင်နဲ့လူဦးရေစာရင်းကိုသာပေးရပေမယ့် ဂိတ်အများစုကတော့ ကားပေါ်တက်ပြီး တဦးချင်းကို စစ်ဆေးနေတဲ့အပြင် ယာဉ်ပေါ်ပါလာတဲ့ပစ္စည်းတွေကို မွှေနှောက်ရှာဖွေနေကြတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
"လူမဲ့တန်ဆာပစ္စည်းပို့ရင်လည်း ဖွင့်ဖောက်ပြီးစစ်တယ်၊ ဒီပစ္စည်းက ဘယ်သူပို့တာလဲ၊ ထောက်ပို့ခေါင်းစဥ် အောက်က နေစစ်ဆေးတာမျိုးလုပ်ပြီး ပစ္စည်းယူခံရတာတွေလဲရှိတယ်၊ နယ်ပို့တဲ့ဆိတ်မွကြော်ပစ္စည်းဖာဆိုရင်ဖောက်ပြီးယူသွားကြတယ်"လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။
အဲဒီလို အများပြည်သူသွားလာရာ လမ်းတလျှောက် စစ်ကောင်စီဂိတ်တွေက ပစ္စည်းများဖွင့်ဖောက် စစ်ဆေး တဲ့အပြင် စစ်ဆေးပြီးနောက် ပစ္စည်းပျောက်တာတွေရှိနေတဲ့အတွက် တန်ဖိုးကြီးပစ္စည်းတွေ ပို့ဆောင်တာကို အဝေးပြေး ယာဉ်လိုင်းအချို့က ရပ်နားထားတာလည်းရှိပါတယ်။
ရန်ကုန်မြို့ကနေ အနယ်နယ်ရပ်ရပ်ကိုပြေးဆွဲနေတဲ့အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း၂၃၀ကျော်နဲ့ ယာဉ်စီးရေ ၇၈၉ စီးနဲ့ ခရီးသည် တစ်သေင်းကျော်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ စစ်ကောင်စီက စစ်မှုထမ်းတွေစုဆောင်းနေတာကြောင့် လူငယ်အချို့ ခရီးသွားချိန် ဖမ်းဆီးခံရတာမျိုးတွေနဲ့ ကြူံနေရတယ်လို့လည်း ခရီးသွားတွေထံကနေ သိရပါတယ်။
ပုံစာ - ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရန် စောင့်နေသည့် ယာဉ်တန်း
Burma Associated Press