bap-logo
Politics

ညအချိန်ထိဖွင့်တဲ့ Mini Mart တွေမှာပါ စစ်ကောင်စီက လူငယ်တွေအကြောင်း စုံစမ်းမှုတွေလုပ်နေ

tSkFDri8h7RaSyZIpB3RM-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၂။

 

ရန်ကုန်မြို့က ညပိုင်းအချိန်ထိ ရောင်းချနေတဲ့ Mini Mart ဆိုင်တွေကို စစ်ကောင်စီအဖွဲ့တွေ လာရောက်ပြီး လူငယ်တွေရဲ့ အခြေနေတွေကို စုံစမ်းတာတွေရှိနေတာကြောင့် စိုးရိမ်မှုတွေရှိနေကြရတယ်လို့ သိရပါတယ်။

 

ညပိုင်း နာရီထိဖွင့်တဲ့ ဆိုင်တွေထဲက လူငယ်တွေကို စျေးလာဝယ်တဲ့ ပုံစံမျိုးတွေနဲ့ နေရပ်လိပ်စာနဲ့ အသက် အရွယ်တွေ မေးတာမျိုး ကြုံနေရတယ်လို့ ရန်ကုန်မြို့နေထိုင်တဲ့ လူငယ်အချို့က ပြောပါတယ်။

 

ဆေးလိပ်၊ အရက်လာဝယ်သလိုမျိုးနဲ့ ဝင်လာတယ်၊ ညီလေးကဘယ်မှာနေတာလဲ၊ အရပ်ကလဲအရှည်ကြီးပဲ၊ ကျောင်းတက်နေတုန်းလား၊ ဘာညာနဲ့မေးတာ တခါမကကြုံလာရတော့ ကြောက်ပြီးအလုပ်နားလိုက်ရတယ်၊ နာရီထိ ဖွင့်တဲ့ဆိုင်မို့ ဆိုင်ပိတ်ချိန်ပေါ်တာစွဲသလို ဖမ်းခေါ်သွားမှာ စိုးရိမ်လို့ထွက်လိုက်တာ" လို့ သာကေတမြို့နေထိုင်သူတဦးက ပြောပါတယ်။

 

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က မြို့နယ်တွေမှာ လူဦးရေစာရင်း လိုက်ကောက်တာတွေလည်းလုပ်နေပြီး အမျိုးသားတွေ နေထိုင်တဲ့နေအိမ်တွေဆိုရင် အသက်အတိအကျ ကောက်ယူနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ အမျိုးသားစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး စစ်သားစုဆောင်းမှုတွေကို လာမဲ့ဧပြီလမှာ ပြုလုပ်မယ်လို့ ပြောဆိုထားတာကြောင့် လူစုခံရမှာ စိုးရိမ်နေတယ်လို့ လူငယ်အချို့ကပြောပါတယ်။

 

"ညပိုင်းထိလုပ်ရတဲ့ အလုပ်တွေထွက်နေကြတယ်၊ အရင်ရပ်ကွက်ထဲမှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေလဲ ညစောစောသိမ်းတယ်၊ သူတို့ပတ်ကင်းနဲ့တိုးရင် လူဆွဲမှာစိုးရိမ်တာလဲပါတယ်၊ ကြောက်နေရတယ်" လို့ ကမာရွတ်မြို့နေသူတဦးက ပြောပါတယ်။

 

ဒီလိုအခြေတွေကြောင့် လူငယ်အရွယ်သားတွေရှိတဲ့ မိဘတွေစိုးရိမ်နေကြရပြီး၊ ပြည်ပထွက်ခွာ အလုပ်လုပ်ဖို့နဲ့ တော်လှန်ရေးနယ်မြေတွေဖက် ထွက်ခွာဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။

 

"သားတွေ မွေးထားရတာ၊ ငါ့သားတွေ ဘယ်နေ့များ သွားရင်းလာရင်း လမ်းမှာဖမ်းခံရမလား၊ ညကြမှ အိမ်ပေါ်တက်ပြီး ဘယ်နေ့ အတင်းဆွဲချ အခေါ်ခံရမလဲ စိုးတထိတ်ထိတ်နဲ့၊ အခုလည်း လူဦးရေ အသက်အရွယ် စာရင်းတွေ ဒီနေ့ နောက်ဆုံးပေးရမယ်ဆိုပြီး ပုံစံစာရွက်တွေ တအိမ်တက်ဆင်း လိုက်ပေးနေလို့ ယူထားလိုက်ရတယ်" လို့ မရမ်းကုန်းမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။

 

စစ်ကောင်စီက ယခုလာမဲ့ ဧပြီလမှာမှ စစ်သားစုဆောင်းမယ်လို့ ပြောဆိုထားပေမဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာ လူငယ်တွေကို ပစ်မှတ်ထားပြီး အဓမ္မလူသစ်စုဆောင်းတဲ့ လုပ်ဆောင်မှုတွေရှိနေပါတယ်။

 

Burma Associated Press

ရန်ကုန်

Share With
bap-logo