Politics
မြန်မာဒုက္ခသည် ပထမအသုတ် ပြန်ပို့ရန် အိန္ဒိယ စတင်
လွန်ခဲ့သော တစ်နှစ် က
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ခိုလှုံရာရှာဖွေခဲ့ကြသည့် မြန်မာဒုက္ခသည်များကို အိန္ဒိယနိုင်ငံက ပထမအသုတ်အဖြစ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး လာမည့်ရက်များအတွင်း ပိုမို ပြန်လည်ပေးပို့ရန် ရှိသည်။ အိန္ဒိယသည် မြန်မာနိုင်ငံ နယ်စပ်တွင် ဗီဇာမလိုဘဲ ဖြတ်သန်းသွားလာခွင့်ကို ရပ်ဆိုင်းမည်ဟုလည်း ကြေညာထားသည်။
ထောင်ဂဏန်းချီသည့် အရပ်သားများနှင့် တပ်ဖွဲ့ဝင် ရာချီ၍ တိုင်းရင်းသားနှင့် မိသားစုဝင်ချင်း ဆက်နွယ်မှုရှိသည့် အိန္ဒိယပြည်နယ်သို့ ထွက်ပြေးခဲ့ကြသည့်အတွက် အိန္ဒိယအစိုးရက အသိုင်းအဝိုင်းများအကြား တင်းမာမှုများ အိန္ဒိယသို့ ပျံ့နှံ့လာမည့် အန္တရာယ်ကို စိုးရိမ်နေခဲ့သည်။
“အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ပြန်လည်ပို့ပေးခဲ့ပါတယ်။” ဟု အနောက်မြောက်ပိုင်း မနီပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh က X လူမှုမီဒီယာတွင် ပြောသည်။
သောကြာနေ့တွင် ဒုက္ခသည်အနည်းဆုံး ၇၇ ဦး ပြန်လည်ပေးပို့ရန် မနီပူရ်က စီစဉ်ထားသည်ဟု Reuters က တွေ့မြင်ခဲ့ရသည့် ပြည်နယ်အစိုးရ စာရွက်စာတမ်းများအရ သိရသည်။ မနီပူရ်ပြည်နယ်သည် ယမန်နှစ် မေလက စတင်ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားပဋိပက္ခများနောက်ပိုင်း မကြာခဏ ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့သည်။
ဒုက္ခသည်ပထမအသုတ်မှာ အိန္ဒိယနယ်စပ် မိုရေးမြို့သို့ ရောက်ရှိလာပြီး စနေနေ့တွင် လွှဲပြောင်းပေးသွားဖွယ်ရှိသည်ဟု အိန္ဒိယ လုံခြုံရေးအရာရှိတစ်ဦးက အမည်မဖော်ဘဲ ပြောသည်။
အမျိုးသမီးဒုက္ခသည်အချို့ လုံခြုံရေး ဗင်ကားများဖြင့် ခေါ်ဆောင်လာပြီး လေဆိပ်တွင်းသို့ ဝင်ရောက်နေသည့်ဗီဒီယိုတစ်ခုကို Singh က X လူမှုမီဒီယာတွင် မျှဝေဖော်ပြခဲ့သည်။
ဒုက္ခသည်များ၏ အခွင့်အရေးများနှင့် ၎င်းတို့ကို ကာကွယ်ရန် နိုင်ငံ၏ တာဝန်ယူမှုများကို အသေးစိတ် ထည့်သွင်းသတ်မှတ်ထားသည့် ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည် သဘောတူညီမှုကို အိန္ဒိယအစိုးရက လက်မှတ်ရေးထိုးထားခြင်း မရှိသကဲ့သို့ ဒုက္ခသည်များကို ကာကွယ်သည့် နိုင်ငံပိုင် ဥပဒေလည်း မရှိပေ။
အိန္ဒိယနိုင်ငံက “မြန်မာ့အကျပ်အတည်းမှ ထွက်ပြေးလာသူများကို လူသားချင်းစာနာမှုအရ ခိုလှုံရာနှင့် ကူညီထောက်ပံ့မှုများ စနစ်တကျ ပေးအပ်ခဲ့ကြောင်း” Singh က ရေးသားဖော်ပြခဲ့သည်။
ပြည်ထဲရေးဝန်ကြီးက ၁၆၄၃ ကီလိုမီတာ (၁၀၂၀ မိုင်) အရှည်ရှိ မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် ကြေငြာပြီး ရက်ပိုင်းအကြာတွင် အိန္ဒိယသည် နယ်စပ်ဒေသမှ နိုင်ငံသားများ ဆယ်စုနှစ်များစွာ ဗီဇာမလိုဘဲ ဖြတ်သန်းသွားလာခွင့်မူဝါဒကို နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့်လက ပြောခဲ့သည်။
ကိုးကား - Reuters
ပုံစာ - နိုဝင်ဘာလ ၂၀ ရက် ၂၀၂၁ ခုနှစ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိန္ဒိယ-မြန်မာ နယ်စပ်အနီး Farkawn ရွာရှိ ယာယီဖြန့်ဝေရေးစင်တာတစ်ခုတွင် လှူဒါန်းထားသည့် အဝတ်အထည်များ ရယူနေသည့် မြန်မာမှ ထွက်ပြေးလာသူများ။ (Photo: REUTERS/Rupak De Chowdhuri/File Photo)
India begins deporting first group of Myanmar refugees who fled 2021 coup_result.jpg
Related Articles
- NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဆွေးနွေးပွဲ ထိုင်းလွှတ်တော် ကျင်းပ
- ‘နိုင့်ထက်စီးနင်းလုပ်ရပ်များ’ အကြောင်း အရှေ့တောင်အာရှနိုင်ငံများကို ဩစတြေးလျ သတိပေး
- မြန်မာမှ အလိမ်အညာခံရသူ ၉၀၀ ကို တရုတ်သို့ လွှဲပြောင်းပေးမှု ထိုင်းစီစဉ်ပေးခဲ့
- အမေရိကန်သမ္မတကတော် Jill Biden ‘ရဲရင့်သည့် အမျိုးသမီးများ’ ကို ဂုဏ်ပြု
Top News
လွန်ခဲ့သော ၂၀ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က