bap-logo
Politics

မြန်မာသို့ လက်နက်များ လွှဲပြောင်းပေး ကြောင်း ကုလသမဂ္ဂ၏ စွပ်စွဲချက်ကို တရုတ်ငြင်းပယ်မှု အမေရိကန် ပယ်ချ

svJjAEZEA94EDhHsUbQr9-image

လွန်ခဲ့သော တစ်နှစ် က

၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က စပြီး ခုခံကာကွယ်ရေးအစုအဖွဲ့များကို ဖိနှိပ်ရာ၌ အသုံးပြုနေသည့် လက်နက်များ ဘေဂျင်းက မြန်မာစစ်တပ်အတွက် တင်ပို့နေကြောင်း ရှာဖွေတွေ့ရှိချက်များကို တရုတ်က ငြင်းပယ်သော်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ အစီရင်ခံစာကို အမေရိကန်က ထောက်ခံအားပေးသည်။

 

 "မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို ဖော်ပြနေသည့် ၎င်း၏ လုပ်ရပ်များကို အမေရိကန်နိုင်ငံက ထောက်ခံအားပေးပါတယ်။" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက VOA ကိုးရီးယားဌာနသို့ သောကြာနေ့က ပြောကြားသည်။

 

မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ၏ မေလက ထုတ်ဝေခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာကို ဆန့်ကျင့်ကြောင်း တရုတ်၏ တုံ့ပြန်မှုနောက်ပိုင်း ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် Andrew က မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ရက်စက်ကြမ်းကြုပ်သည့် အာဏာသိမ်းမှု စတင်ကစဉ်ကပင် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တရုတ်နှင့် ရုရှားထံမှ တင်သွင်းခဲ့သည်ဟု ဖော်ပြထားသည်။

 

အစီရင်ခံစာအကြောင်း ဂျူလိုင်လ ၁၈ ရက်နေ့ တရုတ်နိုင်ငံခြားရေးဌာန၏ နေ့စဉ်ရှင်းလင်းပွဲပြုလုပ်နေစဉ်အတွင်း Sky TV မှ မြန်မာနိုင်ငံမှ တရုတ်ရင်းနှီးမြှပ်နှံမှုများအကြောင်းနှင့် အာဏာရှင်တို့ကို လက်နက်ရောင်းချမှုအကြောင်း မေးမြန်းနေစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က "အထူးကိုယ်စားလှယ်က သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ခဲ့တယ်" ဟု ပြောကြားခဲ့သည်။

 

သူမက ဆက်လက်၍ "အစီရင်ခံစာက အချုပ်အချာအာဏာပိုင် နိုင်ငံတွေအကြားက ပုံမှန် လက်နက်ကုန်သွယ်မှုတွေကို မဟုတ်မမှန် စွပ်စွဲထားပြီး အချက်အလက်တွေကို လွဲမှားစွာ ဖော်ပြထားပါတယ်။ တရုတ်က ဒါကို အခိုင်အမာ ဆန့်ကျင်ပါတယ်။ ကျွန်မတို့ အထူးကိုယ်စားလှယ်ကို ဘက်မလိုက်ဖို့၊ မျှတဖို့၊ သူ့ရဲ့ လုပ်ပိုင်ခွင့်အတိုင်းသာ အတိအကျ လိုက်နာဖို့နဲ့ နိုင်ငံရေးစီစဉ်မှု တစ်ခုခုကို ဆောင်ရွက်ခြင်း ရှောင်ကြဉ်ရန် တောင်းဆိုခဲ့ပါတယ်။" ဟု ပြောကြားသည်။

 

ကုလသမဂ္ဂ၏ အစီရင်ခံစာ ခေါင်းစဉ်မှာ "ဘီလီယံဒေါ်လချီသည့် သေမင်းတမန် ကုန်သွယ်မှု - မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်စေနိုင်သည့် နိုင်ငံတကာ လက်နက်ကွန်ရက်"ဖြစ်ပြီး ၎င်းအစီရင်ခံစာတွင် ဒေါ်လာ ၁ ဘီလီယံအနက် မြန်မာစစ်တပ်သည် တရုတ်နိုင်ငံပိုင် အဖွဲ့အစည်းများအပါအဝင် တရုတ်အဖွဲ့အစည်းများထံမှ ဒေါ်လာ ၂၆၇ သန်း အထက် တန်ဖိုးရှိသော လက်နက်နှင့် ပစ္စည်းများ တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

 

"ပုဂ္ဂလိကနှင့် နိုင်ငံပိုင် ကုမ္ပဏီ အများအပြားသည် ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၀၂၁ ခုနှစ်နှင့် ဒီဇင်ဘာလ ၂၀၂၂ အကြားတွင် လက်နက်၊ ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်း အမြောက်အများနှင့် အမျိုးအစားမျိုးစုံ မြန်မာစစ်တပ်ထံသို့ ပေးပို့ခဲ့သည်။" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အစီရင်ခံစာတွင် ပေးပို့မှုများတွင် ဂျက်လေယျာဉ်များ၊ တိုက်ခိုက်ရေး လေကြောင်းယာဉ်များ၊ တင့်ကားများနှင့် တိုက်ခိုက်ရေးဂျက်လေယျာဉ်များအတွက် အဆင့်မြှင့်တင်မှုများပါဝင်သကဲ့သို့ လက်နက်ထုတ်လုပ်ရန် လိုအပ်သော အလူမီနမ်၊ ကြေးနီ၊ သံမဏိ၊ ရာဘာနှင့် ချောဆီများ ပါဝင်သည်။

 

တရုတ်က 'ချစ်ကြည်ရင်းနှီးသည့် နိုင်ငံ'ကို ရှာဖွေနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

 

အာရှပစိဖိတ် မဟာဗျူဟာစင်တာ၏ ဒုတိယအကြီးအကဲ David Maxwell က တရုတ်က မြန်မာစစ်တပ်ထံသို့ လက်နက်များတင်ပို့နေခြင်းမှာ "ဘင်္ဂလားပင်လယ်အော် မှသည် အိန္ဒိယသမုဒ္ဒရာ ၎င်းမှသည် အိန္ဒိယအရှေ့ဘက်အထိ လမ်းပွင့်အသုံးချနိုင်ရန်" အတွက် "၎င်း၏ တောင်ဘက်နယ်စပ်တွင် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံတစ်ခု လိုချင်သည့်အတွက်" ဖြစ်သည်ဟု ဆိုသည်။

 

ဘေဂျင်းသည် "မြန်မာလူထုအတွက် လူ့အခွင့်အရေးကို စိုးရိမ်မှု မရှိကြောင်း၊ ဒေသတွင်းလွှမ်းမိုးမှု ရရှိရန် ၎င်း၏ အာဏာရှင်စနစ်ကို ကမ္ဘာသို့ တင်ပို့ရန် ကြိုးပမ်းမှုသာဖြစ်ကြော်း" ၎င်းကပြောကြားသည်။

 

၎င်းရည်မှန်းချက်ပြည့်စုံရန်အတွက် တရုတ်သည် "နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း သို့မဟုတ် အတင်းအကျပ်ပူးပေါင်းစေခြင်း၊ တရုတ်နိုင်ငံကိုသာ မျက်နှာသာပေးစေသည့် စီးပွားရေးအခြေအနေများ ဖန်တီးခြင်းနှင့် ဒီမိုကရေစီအဆောက်အအုံများကို နေရာပြောင်းရွှေ့စေခြင်း" တို့ ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

 

Texas မှ အန်ဂျလို ပြည်နယ်တက္ကသိုလ်တွင် လက်ရှိ ပါမောက္ခတာဝန်ယူထားပြီး ယခင် အမေရိကန် ကာကွယ်ရေး ထောက်လှမ်းမှု အေဂျင်စီ၏ ထောက်လှမ်းရေးအရာရှိ Bruce Bechtol က မြန်မာနိုင်ငံသည် "နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အပယ်ခံနိုင်ငံတစ်ခု" အဖြစ် ရှုမြင်ခံလာနေရပြီး "မိတ်ဆွေအစစ်အဖြစ် တရုတ်သာ ကျန်ရစ်နေတော့မည်။" ဟု ဆိုသည်။

 

ဘေဂျင်းသည် ၎င်း၏ နယ်စပ်တွင် ဒီမိုကရေစီနိုင်ငံတစ်ခု ထွက်ပေါ်လာခြင်းကို တားဆီးလိုသည့်အတွက် အခွင့်ကောင်းတစ်ခုအဖြစ် တရုတ်က ထင်မြင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ခွဲခြားသတ်မှတ်မှုမရှိသည့် အမြောက်ပစ်ခတ်မှုများ

 

၂၀၂၁ ခုနှစ် ကြမ်းတမ်းရက်စက်သည့် အာဏာသိမ်းမှုဖြင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရကို ဖြုတ်ချခဲ့ပြီး ခုခံဆန့်ကျင်သူများကို သေစေနိုင်သည့် လက်နက်များဖြင့် မြန်မာစစ်တပ်က ဖိနှိပ်ခဲ့သည်။

 

Human Rights Watch ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာတွင် မြန်မာစစ်တပ်က "ခွဲခြားသတ်မှတ်မှုမရှိသည့် အမြောက်ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ" ပြုလုပ်ခဲ့သည့်အတွက် အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

 

Andrews ၏ ကုလသမဂ္ဂ အစီရင်ခံစာတွင် အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ်သား အနည်းဆုံး ၃ ၅၀၀ သတ်ဖြတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ လူဦးရေး ၁.၅ သန်းအထက် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု ဖော်ပြထားသည်။

 

သောကြာနေ့တွင် မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်များကို ရှာဖွေဖမ်းဆီးမှုပြုလုပ်စဉ် ဆုံချောင်းကျေးရွာ၌ လူ ၁၄ ဦး သတ်ဖြတ်ခဲ့ကြောင်း ရွာသားနှစ်ဦးက ပြောကြားသည်ဟု AFP သတင်းကို ကိုးကား၍ The Guardian က ဖော်ပြသည်။

 

ဂျွန်လတွင် အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်က လက်နက်ဝယ်ယူရန် အသုံးပြုနေသော နိုင်ငံပိုင် ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

 

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဘဏ်တို့သည် နိုင်ငံပိုင် မြန်မာရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအတွက် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်လုပ်ကိုင်နိုင်စေကာ လက်နက်နှင့် ပစ္စည်းများ တင်သွင်းရန် အကျိုးအမြတ်များ ရရှိနေသည်ဟု ဘဏ္ဍာရေးဌာနက ဖော်ပြထားသည်။

 

ကိုးကား - VOA

 

ပုံစာ - ၇၈ ကြိမ်မြောက် နေပြည်တော် တပ်မတော်နေ့အခမ်းအနားမှ မြန်မာစစ်တပ် တပ်ဖွဲ့များ။ (Photo: AP)

 

Burma Associated Press

မြန်မာ
အာဏာသိမ်း
စစ်ကောင်စီ
အမေရိကန်
UN

Share With
bap-logo