Politics
ရန်ကုန်မှာ ဧည့်စာရင်းဝင်စစ်တယ်ဆိုပြီး လူငယ်တွေ ဆွဲခေါ်ခံနေရ
လွန်ခဲ့သော ၁၀ လ က
BAP၊ မတ် ၂၉။
ရန်ကုန်မြို့က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်တယ်ဆိုပြီး လူငယ်တွေကို ခေါ်သွားတာမျိုးတွေ ကြုံနေကြရတယ်လို့ ရန်ကုန်မြို့နေသူအချို့ဆီက သိရပါတယ်။
မတ်လ ၂၈ ရက် ညပိုင်းအချိန်က မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရက်ကွက် သမိုင်းဘူတာနဲ့ ဘုရင့်နောင် လမ်းကြားက ရပ်ကွက်နေအိမ်အချို့ကို ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၅ ဦးခန့် ခေါ်ဆောင်သွားတယ်လို့ မရမ်းကုန်းမြို့ နေသူတစ်ဦးက ပြောပါတယ်။
"ကိုယ်တွေရပ်ကွက်မှာ ဖြစ်သွားတာလေ၊ ကိုယ်တွေဘက်မှာ စစ်မှုထမ်းကိစ္စ အုပ်ကြီးတွေက ဘာမှ မလုပ်ရဲသလို လုပ်လည်းမလုပ်ကြတော့ သူတို့ စည်းမျဥ်းနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို အများကြီးလည်း မဟုတ်၊ ၅ ယောက်၊ ညဘက် အိမ်တွေမှာ ဝင်ဆွဲသွားတယ်၊ သူတို့ဆီမှာ စာရင်းတွေရှိပြီးဖြစ်မှာပေါ့"လို့ မရမ်းကုန်းမြို့နယ် နေသူတဦးက ပြောပါတယ်။
ရန်ကုန်မြို့က မြို့နယ်အချို့မှာ စစ်မှုထမ်းဖို့ မဲစာရင်းတွေ ကောက်ထားပြီး မဲနှိုက်ဖို့ စီစဥ်ထားပေမယ့် လုံခြုံရေး အခြေအနေကြောင့် မလုပ်ရဲဘဲ နီးစပ်ရာလူငယ်တွေကို ရှာဖွေပြီး စေလွတ်နေကြရတယ်လို့ သိရပါတယ်။
ဒီလိုအခြေနေတွေကြောင့် စစ်မှုထမ်းမဲစာရင်းမှာ အမည်ပါဝင်နေသူအချို့ မဲနှိုက်မယ့်ရက်မတိုင်မှီ ကြိုတင် ရှောင်ပြေးနေကြရတယ်လို့ မိဘအချို့ဆီက သိရပါတယ်။
"စာရင်းတွေ ကောက်သွားတာကြာပြီ၊ မဲနှိုက်ဖို့ ရက်တော့လာမပြောသေး၊ ဒီရက်ပိုင်း ညတိုင်းနီးပါး လူငယ်တွေ ရှိတဲ့နေရာကို ဝင်စစ်တယ်၊ အချို့အိမ်တွေပါသွားတယ်၊ ကျောင်းသားဆိုပြီး ပါသွားတဲ့ တစ်ယောက် ပြန်လွတ်လာတာတွေ့ရတယ်၊ မမေးရဲကြဘူး"လို့ သာကေတမြို့နယ် နေသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေ စစ်မှုထမ်းဖို့ တိုင်းစစ်ဌာနချုပ်ဆီကို ဒီနေ့ မတ် ၂၉ ရက်မှာ လာရောက်နေကြတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေရှိနေတယ်လို့ သိရပါတယ်။
"စစ်ကောင်စီမှာ လဝကစာရင်းတွေရှိပြီးသားဆိုတော့ ရန်ကုန်ကို အုပ်ကြီးတွေ သုံးမှာ မဟုတ်ဘဲ အဲ့လိုပဲ ဝင်ဆွဲနေတော့မှာပဲထင်တယ်၊ ညအိပ်တာစိတ်ဖြောင်ဖြောင့် မအိပ်ရဲကြဘူး"လို့ အင်းစိန်မြို့နယ် နေသူတစ်ဦးက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက်အရ အကျုံးဝင်နေသူ ၁၄ သန်းဝန်းကျင် (အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း) ရှိတယ် လို့ ထုတ်ပြန်ထားပါတယ်။
မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ဥပဒေပညာရှင်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံသားအချင်းချင်း တိုင်းရင်းသားအချင်းချင်းကို တိုက်ဖို့ သူ့အင်အားကို ဖြည့်တင်းနေတာဖြစ်လို့ ဥပဒေနဲ့မ ညီဘူးလို့ သုံးသပ်ထားပါတယ်။
"နိုင်ငံသားအချင်းချင်း စစ်တိုက်ဖို့ ဖြစ်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းထားတဲ့ မူလရည် ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်၊ ညီညွတ်မှုမရှိဘူး" လို့ ပြောပါတယ်။
စစ်မူထမ်းဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသား ၅,၀၀၀ ကို စစ်သင်တန်းပေးကာ အချိန် ၂ နှစ် စစ်မှုထမ်းစေမယ်လို့ သိရပါတယ်။
ပုံစာ- ရန်ကုန်တိုင်း၊ မြို့နယ်တွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေ စစ်မှုထမ်းဖို့ တိုင်းစစ်ဌာနချုပ်ဆီကို ဒီနေ့ မတ် ၂၉ ရက်မှာ လာရောက်နေကြတယ်ဆိုပြီး လူမှုကွန်ယက်မှာဖြန့်ဝေနေတဲ့ပုံ ( ဓာတ်ပုံ- လူမှုကွန်ရက်)
Burma Associated Press
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က