bap-logo
International

တရုတ်၊ ဂျပန်တို့နှင့် သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမှု တောင်ကိုရီးယား လက်ခံကျင်းပ

reGc2GNUvgofJ6gj1My4l-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်းသံတမန်များကို အင်္ဂါနေ့တွင် တောင်ကိုရီးယားတွင် လက်ခံ၍ သုံးနိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲသည် အမေရိကန်၏ မဟာမိတ်နှစ်နိုင်ငံ (တောင်ကိုရီးယားနှင့် ဂျပန်) ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာခြင်းအပေါ် တရုတ်အစိုးရ၏ စိုးရိမ်မှု ပြေလျော့စေရေး ရည်ရွယ်ပုံရသည်။

 

တွေ့ဆုံဆွေးနွေးမှုသည် ၂၀၁၉ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သည့် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးများ ကို ၎င်းနိုင်ငံများတွင် ပြန်လည်စတင်ရန်လည်း ရည်ရွယ်သည်။ ၎င်းတွေ့ဆုံဆွေးနွေးမှုများသည် ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို ၁၉၁၀-၁၉၄၅ ခုနှစ်များအတွင်း ကျူးကျော်ခဲ့မှုနှင့် ပတ်သတ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံအကြား သံတမန်ရေးနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ရပ်တန့်ခဲ့ရခြင်း ဖြစ်သည်။

 

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့က ပူးပေါင်းဆောင်ရွက်မှု ပြန်လည် ပြုလုပ်ရန် ကြိုပမ်းခဲ့ကြပြီး ဩဂုတ်လတွင် အမေရိကန်သမ္မတ Joe Biden ပါဝင်သော သမိုင်းဝင် သုံးနိုင်ငံထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ကာ သုံးနိုင်ငံလုံးက ကာကွယ်ရေးနှင့် စီးပွားရေးလုံခြုံမှုများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိပြုခဲ့ကြသည်။

 

၂၀၁၇ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် U.S. THAAD ဒုံးခွင်းစနစ် ချထားမှုကြောင့် ယိုယွင်းခဲ့သည့် ဆက်ဆံရေးနောက်ပိုင်း တရုတ်နိုင်ငံသည် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် တွေ့ဆုံမှု စီစဉ်ရေးတွင် ဦးဆောင်တက်ကြွမှု ရှိကြောင်း တောင်ကိုရီးယား အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

 

အမေရိကန်၊ ဂျပန်နဲ့ ကျွန်တော်တို့ရဲ့ နီးကပ်တဲ့ သုံးနိုင်ငံလုံခြုံရေး မိတ်ဖွဲ့မှု တိုးမြှင့်လာတာဟာ သူတို့အတွက် မသက်မသာဖြစ်မယ်ဆိုတာ သေချာပါတယ်။ သူတို့ရဲ့ THAAD အပေါ် တုံ့ပြန်မှုက ရလဒ်ပြောင်းပြန်ဖြစ်ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ပြင်းထန်လာစေဖို့ ဆီလောင်းပေးနိုင်တဲ့ အတွက် သူတို့နဲ့ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို စနစ်တကျ စီမံဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်ရှိပုံရပါတယ်။ဟု အထိအခိုက်မခံသည့် အခြေအနေကြောင့် အမည်လျှို့ဝှက်ပြောရသည့် ၎င်း အရာရှိက ပြောကြားသည်။

 

တရုတ်အစိုးရသည် အမေရိကန်၏ မိတ်ဆွေများနှင့် ကျားကန်ခြင်း(ပြိုင်ဘက်နိုင်ငံများကို ရှောင်ကြဉ်၍ ပထဝီနိုင်ငံရေးအရ မိတ်ဖက်များနှင့် စီးပွားရေးလုပ်ဆောင်ခြင်း) နည်းဗျူဟာကို ချိန်ခွင်လျှာ တန်ပြန်ညှိရန် သုံးနိုင်ငံ ကုန်သွယ်မှု ပူးပေါင်းရေး လုပ်ဆောင်လိုပုံရပြီး လူထုခြင်း ဖလှယ်ခြင်း၊ ဆက်သွယ်ရေးတိုးမြှင့်ခြင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ မြှင်တင်လိုပုံရသည်ဟု အမေရိကန်အခြေစိုက် ကာနက်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေး ထောက်ပံ့မှုအဖွဲ့မှ Tong Zhao က ပြောကြားသည်။

 

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ပဋိပက္ခများ ရှောင်ရှားလိုသည့် ဆန္ဒရှိကြပြီး တရုတ်နှင့် တည်ငြိမ်သော လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု ထိန်းသိမ်းထားလိုကာ မြောက်ကိုရီးယားကို ကူညီထောက်ပံ့ပေးနေသော နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ချဲ့ထွင်မှုကို တရုတ်အနေဖြင့် မရပ်တန့်လျင်သော်မှ ထောက်ပံ့မှု နှေးကွေးစေလိုသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ဒီလို တူညီတဲ့ အကျိုးစီးပွားရည်မှန်းချက်တွေက မဟာဗျူဟာမြောက် ဆက်သွယ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ အကျပ်အတည်းကာကွယ်ရေး ဆောင်ရွက်မှု လမ်းသစ်တွေ ပွင့်လာစေပါတယ်။ဟု Zhao က ပြောသည်။

 

သုံးနိုင်ငံထိပ်သီးအစည်းအဝေးသည် ပုံမှန်အားဖြင့် တရုတ်အကြီးအကဲ ပါဝင်လေ့ရှိသော်လည်း တောင်ကိုရီးယား က တရုတ်သမ္မတ Xi Jinping ကို သီးခြားလာရောက်ရန် တွန်းအားပေးခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံက ယခုနှစ်တွင် သုံးဦးဖလှယ်ဆွေးနွေးပွဲများ လက်ခံကျင်းပပေးပြီး သုံးနိုင်ငံထိပ်သီး အစည်းအဝေးကို ဒီဇင်ဘာလတွင် ပြုလုပ်ရန် အင်္ဂါနေ့က ဆွေးနွေးပွဲအတွင်း အဆိုပြုခဲ့သည်ဟု TBS ဂျပန် သတင်းထုတ်လွှင့်ရေး မှ ဖော်ပြခဲ့သည်။

 

နောက်ဆုံးအစည်းအဝေးတွင် တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Chung Byung-won ဂျပန် အကြီးတန်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Takehiro Funakoshi နှင့် တရုတ် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး Nong Rong တို့ တက်ရောက်ခဲ့ကြသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နီးကပ်သော အိမ်နီးချင်းများ၊ အရေးကြီးသော ပူးပေါင်းဆောင်ရွက်သူ မဟာမိတ်များ ဖြစ်ကြောင်း၊ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်းက ၎င်းတို့၏ ဘုံအကျိုးစီးပွားကို ဆောင်ရွက်ရာရောက်ကြောင်း တနင်္လာနေ့တွင် ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားသည်။

 

ကိုးကား - Reuters

ပုံစာ - စက်တင်ဘာ ၂၅ ၂၀၂၃ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် သုံးနိုင်ငံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Takehiro Funakoshi တရုတ်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးဆိုင်ရာ လက်ထောက် ဝန်ကြီး Jung Byung-won တို့ကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin မှ ကြိုဆိုစဉ်။ (Photo: Kim Min-Hee/Pool via REUTERS)

 

ဂျပန်
တောင်ကိုရီးယား
တရုတ်

Share With
bap-logo