bap-logo
International

ဝီဂါပညာရှင်ကို တရုတ် ထောင်ဒဏ်တစ်သက် ချမှတ်

KEibuSkb59jSfpbEqKzWC-image

လွန်ခဲ့သော တစ်နှစ် က

ထင်ရှားသည့် ဝီဂါ ပညာရှင်ကို "နိုင်ငံတော်လုံခြံရေးအန္တရာယ်" ဖြင့်စွပ်စွဲ၍ ထောင်ဒဏ် တစ်သက်ချမှတ်လိုက်သည်။

 

အသက် ၅၇ နှစ် အရွယ်ရှိ ပါမောက္ခ Rahile Dawut ကို ထောင်ဒဏ်ချမှတ်မှု အတည်ပြုနိုင်ကြောင်း အမေရိကန်အခြေစိုက် အခွင့်အရေးလှုပ်ရှားသူအဖွဲ့ Dui Hua ဖောင်ဒေးရှင်း၏ အဆိုအရ သိရသည်။

 

တရုတ်နိုင်ငံသည် Xinjiang ရှိ ဝီဂါလူမျိုးစုများနှင့် အခြား မူဆလင် တိုင်းရင်းသားအစုအဖွဲ့များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် စွပ်စွဲခံထားရသည်။

 

တရုတ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ဝီဂါများ၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ၎င်းလူဦးရေ တစ်သန်းအထက် ဖမ်းဆီးထားပြီး တရုတ်နိုင်ငံအခေါ်အရ "ပြန်လည် ပညာပေးရေးစခန်းများ" တွင် ထိန်းသိမ်းထားသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက ယုံကြည်ကြသည်။

 

ဝီဂါ လူဦးရေ သိန်းဂဏန်းအထက်ကို ထောင်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

 

ပါမောက္ခ Rahile Dawut ကို ထောင်ဒဏ်ချမှတ်တာဟာ ရက်စက်ရာကျပြီး ဝမ်းနည်းဖွယ်ကောင်းပါတယ်။ ဝီဂါလူထုနဲ့ ပညာရှင်တွေရဲ့ လွတ်လပ်ရေးကို တန်ဖိုးထားသူတွေ အားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။” ဟု Dui Hua ဖောင်ဒေးရှင်းမှ အမူဆောင်ဦးဆောင်ညွှန်ကြားရေးမှူ John Kamm က ပြောကြားသည်။

 

သူက သူမကို ချက်ချင်းလွှတ်ပေးရန်နှင့် မိသားစုထံ လုံခြုံစွာ ပြန်လာနိုင်ရေး တောင်းဆိုလိုက်သည်။

 

သူမ၏ သမီးဖြစ်သူ Akeda Pulati က မိခင်အတွက် နေ့စဉ် စိုးရိမ်နေရကြောင်း ပြောဆိုသည်။

 

အပြစ်မရှိတဲ့ အမေ ထောင်ထဲမှာ တစ်သက်လုံးနေရမယ်ဆိုတာ တွေးမိရင် မနာကျင်ရပဲ မနေနိုင်ဘူး။ တရုတ်က သက်ညှာကြင်နာမှုကို ပြသပြီး အပြစ်မရှိတဲ့ အမေ့ကို လွှတ်ပေးပါ။" ဟု သမီးဖြစ်သူက ပြောကြားခဲ့ကြောင်း Dui Hua ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Ms Dawut ကို ဖမ်းဆီးပြီး တစ်နှစ်အကြာ ဒီဇင်ဘာလ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော် လုံခြုံရေးအန္တရာယ်ရှိ "ခွဲထွက်ရေး” စွပ်စွဲချက်ဖြင့်Xinjiang တရားရုံး၌ လျှို့ဝှက်စစ်ဆေးခဲ့သည်။

 

Ms Dawut သည် ဝီဂါ ဓလေ့ထုံးတမ်းနှင့် အစဉ်အလာများ ကျွမ်းကျင်သူဖြစ်ပြီး Xinjiang လူသားမျိုးနွယ်ဆိုင်ရာများ တက္ကသိုလ်ကောလိပ်တွင် ပညာသင်ကြားပေးနေသူတစ်ဦးဖြစ်သည်။

 

သူမသည် ၂၀၀၇ ခုနှစ်တွင် လူနည်းစုတိုင်းရင်းသားများဆိုင်ရာ သုတေသနဗဟိုကို တက္ကသိုလ်တွင် ထူထောင်ခဲ့ပြီး Xinjiang တွင် ကွင်းဆင်းလေ့လာမှုများ ဦးဆောင်ပြုလုပ်နေခဲ့သူဖြစ်သည်။ သူမသည် ဟားဗတ်၊ ကိန်းဘရစ်ချ်တို့အပါအဝင် အမေရိကန်နှင့် ယူကေနိုင်ငံများတွင် သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့သည်။

Ms Dawut သည် ၂၀၁၆ ခုနှစ်မှ စတင်၍ ထိန်းသိမ်း၊ ဖမ်းဆီး၊ အကျဉ်းချခံရသည့်များပြားပြီး တိုးပွားလာနေဆဲ ဝီဂါပညာတတ်များအနက် တစ်ဦး” ဖြစ်သည်ဟု Dui Hua က ပြောကြားသည်။

 

အမေရိကန်အပါအဝင် နိုင်ငံအများအပြားက တရုတ်ကို Xinjiang တွင် လူမျိုးတုန်းသတ်ဖြတ်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားမှု ဦးဆောင်သူအဖွဲ့များဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရုတ်ကို စွပ်စွဲထားသည်။

 

တရုတ်က စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က Ms Dawut အမှုအကြောင်း "သတင်းအချက်အလက် မရှိ” ဟု ပြောကြားထားကြောင်း AP သတင်းက ဖော်ပြထားသည်။

 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xinjiang Uyghur Autonomous Region (XUAR) ဟု တရားဝင် အမည်တွင်သည့် Xinjiang တွင် ဝီဂါဦးရေ ၁၂ သန်းခန့်ရှိပြီး အများစုမှာ မူဆလင်များ ဖြစ်ကြသည်။

 

ဘီဘီစီက ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် ရဲဖိုင်တွဲများတွင် တရုတ်၏ "ပြန်လည် ပညာပေးရေး စခန်းများ” ကို အသုံးချပုံ အသေးစိတ်အချက်အလက်များ ဖော်ပြထားပြီး လက်နက်ကိုင်အရာရှိများ အလှည့်ကျ ချထားမှု၊ ထွက်ပြေးရန် ကြိုးစားသူများကို အသေပစ်သတ်ရန် မူဝါဒ ချထားမှုတို့ ပါဝင်သည်။

 

ကိုးကား - BBC

ပုံစာ - Ms Rahile Dawut (Photo: The Dui Hua Foundation/Lisa Ross)

 

တရုတ်
အမိန့်ချ
ဝီဂါ
ထောင်တသက်

Share With
bap-logo