Editorial
ဗျူဟာကျမှ သင့်မည့် အခြေအနေ
လွန်ခဲ့သော ၂ နှစ် က
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ၈ နှစ် ၂၀၁၅ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သောအစိုးရအဖွဲ့သည် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်၍ NCA သဘောတူညီမှု ရရှိရန် ဆောင်ရွက်ရာတွင် ပါဝင်လက်မှတ်ရေးထိုးသော အဖွဲ့များရှိခဲ့သလို မပါဝင်၊ လက်မှတ်မရေးထိုးသော အဖွဲ့များလည်း ရှိခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်အာဏာသိမ်းခြင်းအား ကန့်ကွက်ခြင်းနှင့်အတူ NCA ပျက်ပြယ် သွားပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းများလည်း ရှိခဲ့သည်။ ထိုသို့ ပြောကြားမှုများနှင့် NCA ကို ဆက်လက် အကောင်အထည်ဖော်ရန် ဖြစ်နိုင်ချေနည်းပါးမှုများ ရှိနေသော်လည်း စစ်ကောင်စီသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စွဲကိုင်ထားမြဲဖြစ်ပြီး လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်ကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့သည်။
ယင်း(၈)နှစ်ပြည့် အခမ်းအနားနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးခဲ့ရာတွင် ပါဝင်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့က ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် NCA ပျက်ပြယ်ကြောင်း ဆိုခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)သည် NCA လက်နက်ရေးထိုးခဲ့သည့်အဖွဲ့များအနက် အင်အားအကြီးဆုံး ဖြစ်ခဲ့ပြီး နွေဦးတော်လှန်ရေးဘက်က အပြည့်အဝရပ်တည်နေသော အဖွဲ့လည်းဖြစ်သည်။
စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော လက်နက်ကိုင်တော်လှန်မှုများသည် နေ့စဉ်ဖြစ်ပွားနေ၏။ ငယ်ရွယ် နုနယ်သော ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်ခံရခြင်းကြောင့် အစုလိုက်အပြုံလိုက်သေဆုံးနေကြရသည်။ စစ်ကောင်စီသည် တစ်ဖက်တွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဟုဆို၍ တစ်ဖက်တွင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို တစိုက်မတ်မတ် လုပ်ဆောင် နေသည်။ ထိုသို့လုပ် ဆောင်နေခြင်းများသည် ယင်းတို့၏ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးအင်အားစုများအကြား အကွဲကွဲအပြားပြား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းဖြစ်သည်။
NCA ၏ အနှစ်သာရသည် နိုင်ငံတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်သည်။ ယင်းအခြေအနေ များသည် အာဏာမသိမ်းမီကာလအထိ ဖြစ်တန်ခြေရှိသော အခြေအနေများဖြစ်သည်။ ယင်းကို ယခုအထိ စစ်ကောင်စီက စွဲကိုင်ထားခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအား ထိန်းထားလိုခြင်းနှင့် ယင်းတို့ ကျင်းပမည့် ရွေးကောက်ပွဲ အလွန် အခြေအနေများတွင် လက်နက်ကိုင်များနှင့် ပိုနေမြဲကျားနေမြဲ ဟန်ချက်မပျက် ဆက်လက်ရပ်တည်ရန် ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာမျက်နှာစာနှင့် ယင်း၏ စစ်တပ်အဝန်းအဝိုင်းအကြား စစ်ကောင်စီ၏ လုပ်ကိုင်နိုင်စွမ်းနှင့် အ ရွေ့ များကို ပျားရည်ဖြင့် ဝမ်းချရန်ဖြစ်သည်။
လက်တွေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) သည် ထိရောက်မှန်ကန် သော ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုဆီသို့ မရောက်နိုင်တော့သည်မှာ သေချာနေပြီဖြစ်သည်။ ထိုသို့ သေချာနေ သည်ကို မျှောလိုက်နေခြင်းသည် မြန်မာနိုင်ငံ၏ လိုလားချက် စနစ်ကောင်းတစ်ခုဖြစ်ထွန်းရေးအတွက်မဟုတ်ဘဲ တစ်စုတစ်ဖွဲ့၏ ကိုယ်ကျိုးစီးပွားကို ရှေ့ရှုခြင်းသာဖြစ်သည်။
ထိုသို့ကိုယ်ကျိုးစီးပွားရှေ့ရှုနေခြင်းဖြင့် အနာဂတ်မြန်မာ့အရေးသည် ငြိမ်းအေးနိုင်ဖွယ်မရှိပါ။ ထို့အတူ စစ်ကောင်စီ၏ လုပ်ရပ်များကို ရှုတ်ချနေရုံဖြင့်လည်း မပြီးကြောင်း သတိပြုအပ်ပါသည်။ နိုင်ငံရေးတွင် စည်းရုံး ရေးသည် အရေးပါသောအကြောင်းတစ်ရပ်ဖြစ်၍ ဝေးဝါးလမ်းပျောက်နေသော နိုင်ငံရေးအင်အားစုများကို လမ်းပွင့်လာစေရန် စည်းရုံးနိုင်ရပါမည်။ မြန်မာနိုင်ငံရေး ရေချိန်အရ နည်းနာတစ်ခုတည်းကို စွဲမြဲစွာ သုံးသည်ထက် နည်းနာများစွာအား ဗျူဟာကျကျသုံးနိုင်မှ သင့်မည့်အခြေအနေဖြစ်သည်။
Burma Associated Press