Editorial
ဧကန်ကြုံရမည့် အကြောင်း
လွန်ခဲ့သော ၂ နှစ် က
၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသည် မြန်မာနိုင်ငံဖြစ်သည်။ သို့သော် ထိုရာထူးအား မြန်မာနိုင်ငံ အစား ဖိလစ်ပိုင်နိုင်ငံက အစားထိုးရယူမည်ဖြစ်သည်။ အကြောင်းသည် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ် တကျော့ပြန် အသက်ဝင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ထို့သို့ အာဆီယံအလှည့်ကျ ဥက္ကဌရာထူးနေရာကို အခြားနိုင်ငံက လက်လွှဲရယူခြင်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံး အကြိမ်မဟုတ်ပါ။ ၂၀၀၆ ခုနှစ်ကလည်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌရာထူးနေရာကို အခြားနိုင်ငံက လွှဲပြောင်းရယူခြင်း ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်တုန်းက အကျိုးအကြောင်းသည်လည်း စစ်အာဏာ ရှင်စနစ်ကြောင့်ပင် ဖြစ်သည်။
ထိုစဉ်တုန်းက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးအရေးယူ အကျဉ်းချခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်း တို့ကြောင့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဌနေရာအား မပေးရန်ကန့်ကွက်ခဲ့ကြပြီး ဥက္ကဌနေရာကို ပေးခဲ့မည်ဆိုပါက အာဆီယံကို သပိတ်မှောက်မည်ဟု ဖိအားပေး ခဲ့ကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌနေရာကိုလက်လွှတ်ခဲ့ရပြီး နိုင်ငံအတွင်း အမျိုးသားညီ ညွတ်ရေးနှင့် ဒီမိုကရေစီကျင့်သုံးနိုင်ရေး ဆက်လက်ဖော်ဆောင်နိုင်ရန် ကျန်ရှိနေပါသဖြင့်ဟု မြန်မာစစ်အစိုးရက အကြောင်းပြချက်ပေးခဲ့သည်။
ယင်းနောက်ပိုင်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌရာထူးနေရာကို ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သည်။ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေးကာလ၊ အရပ်သားတစ်ပိုင်းအစိုးရနှင့် လွှတ်တော်အခင်းအကျင်းရှိသော ကာလတွင် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဌအဖြစ် နိုင်ငံတကာနှင့် အာဆီယံအဝန်းအဝိုင်းက လက်ခံခဲ့ခြင်းဖြစ် သည်။
ထိုကာလ၌ မြန်မာနိုင်ငံသည် the late comer နိုင်ငံအဖြစ် အာဆီယံဒေသတွင်း အတွေ့အကြုံများစွာကနေ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့၌ ဦးဆောင်သူအဖြစ် နာမည်ကောင်း ဖန်တီးနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စစ်အာဏာရှင်လက်ထက် ပိတ်ဆို့ ခံစားရသော အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ဖယ်ရှားသည်ထိ ခရီးရောက်ခဲ့သည်။
နည်းပညာတိုးတက်မှုနှင့် သတင်းစီးဆင်းမှု မြန်ဆန်သော ယခုကာလ၌ မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးနေရာ ငြင်းပယ်ခံရခြင်းသည် ထူးသည်ဟူ၍ဖြင့် မဆိုနိုင်ပေ။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့စစ်အာဏာရှင်အုပ်စုသည် မြန်မာ့အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ၅ ချက်ကို မလိုက်နာခြင်း၊ ဒီမိုကရေစီစနစ်ဆီသို့ ပြန်လည်ဦးတည်မည့် အရိပ်အခြေ မမြင်ရသေးခြင်း၊ မြန်မာ့အရေးဖြေရှင်းရန် အာဆီယံနိုင်ငံများအကြား ချဉ်းကပ်နည်းသစ်များ ရှာဖွေ ချဉ်းကပ်နေရခြင်းနှင့် တရုတ်၊ ရုရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် သဘောထားများကို ထည့်သွင်း စဉ်းစားနေရခြင်းသည် ဥက္ကဌရာထူးနေရာကို ငြင်းပယ်ရန် အကောင်းဆုံးသော အကြောင်းတရားပင်ဖြစ်သည်။
ထို့ပြင် အာဆီယံ၏ ရှေ့သို့အရွေ့ကိစ္စများတွင် မြန်မာနိုင်ငံ၏အခြေအနေသည် အဟန့်အတား အနှောင့်အယှက် ဖြစ်နေဟန် ရှိသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သည့်အဖွဲ့အား အလှည့်ကျဥက္ကဌ နေရာ ပေးအပ်ရန် စဉ်းစားပါက အာဆီယံနိုင်ငံများအကြားတွင်လည်း သဘောထားကွဲလွဲလာနိုင်မည်ဖြစ်သည်။
အာဆီယံနိုင်ငံများအကြား ရှိပြီးဖြစ်သော နိုင်ငံရေးစနစ်များ၊ တရုတ်ကဲ့သို့သော နိုင်ငံကြီးများ၏ လွှမ်းမိုးခံထားရ ခြင်းများ၊ ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် အာဏာရယူထားကြသည့် နိုင်ငံရေး အင် အားစု၊ နိုင်ငံရေးဦးဆောင်သူများက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်ကစားနေကြသည်က ဆန်းပြားလှ သည် မဟုတ်ပါ။ ထိုသို့ ဆန်းပြားလှသည် မဟုတ်သောအခြေအနေတွင် မြန်မာနိုင်ငံသည် ဂုဏ်သိက္ခာရှိစွာ ပါဝင် မပတ်သက်နိုင်ခြင်းက ဆန်းပြား၊ ဝမ်းနည်းစရာဖြစ်သည်။
ထိုသို့သောအကြောင်းသည် စစ်အာဏာရှင်နှင့် ယင်း၏စနစ်ဆိုးကြောင့်ဆိုသည်မှာ ထင်ရှားလှပေသည်။ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် ရာထူးထမ်းဆောင်ရမည့် ၂၀၀၆၊ ၂၀၁၄ နှင့် ၂၀၂၆ ခုနှစ် သုံးကြိမ်အနက် အာဏာရှင်စနစ် ကြီးစိုးချိန် ၂၀၀၆ နှင့် ၂၀၂၆ တို့တွင် ငြင်းပယ်ခံရခြင်းက နိုင်ငံ၏ဂုဏ်သိက္ခာသည် ကမ္ဘာ့ အလည်တွင် ကျဆုံးနေခြင်းကို မီးမောင်းထိုးပြနေခြင်းသာဖြစ်၏။
ထို့ပြင် ၂၀၁၄ ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အာဆီယံ အလှည့်ကျဥက္ကဌ ရာထူးတာဝန်ရယူ ထမ်းဆောင်ချိန် တိုင်းပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ဒေသတွင်းနှင့် နိုင်ငံတကာ၏ မျက်စိကျ အခွင့်အလမ်းဖွံ့ဖြိုးလာခဲ့မှုသည် အထင်အရှားအဖြစ် မဝေးသော သမိုင်းအဖြစ် ရှိနေခဲ့သည်။
ယင်းသို့သော အကြောင်းအရာများကို ဆင်ခြင်ကြည့်လျှင် စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်သည် နိုင်ငံအား အမြဲလို ပိတ်လှောင်စေခဲ့ပြီး လူတစ်စု အကျိုးစီးပွားကိုသာ ဖြစ်ထွန်းစေခဲ့ခြင်းက ပေါ်လွင်ထင်ရှားပေသည်။ ထို့အတွက် စစ်အာဏာရှင်အမြစ်ပြတ်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ထူထောင်နိုင်ပါမှ မြန်မာသည် ကမ္ဘာပေါ်တွင် သိက္ခာရှိစွာ ဝင့်ကြွားနိုင်မည်ဖြစ်သလို တိုင်းပြည်၏ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ခြင်းသည်လည်း ဧကန်ကြုံရမည့် အကြောင်းသာဖြစ်ပေသည်။
Burma Associated Press