Editorial
အိမ်နီးချင်း သံတမန် မဟာဗျူဟာ
လွန်ခဲ့သော ၂ နှစ် က
မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်တွင် အိမ်နီးချင်းနိုင်ငံကြီးများနှင့် ဆက်ဆံ ရေးလည်း ပါဝင်သည်။ ထိုကြောင့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၏ သဘောထားကို မျက်ခြေမပြတ်သင့်ပါ။ တရုတ် သည် မြန်မာနိုင်ငံကို ဆက်ဆံရာတွင် ဆွေမျိုးပေါက်ဖော်မျက်နှာစာများစွာ ဖွင့်ထားပြီး ဆက်ဆံလေ့ရှိသည်။ ယင်းတို့၏ အကျိုးစီးပွားနှင့် ကမ္ဘာ့နိုင်ငံကြီးများအကြား ဩဇာအာဏာထိန်းညှိနိုင်ရန်ဆိုသောအမြင်မျိုးဖြင့် ဆက်ဆံနေကြောင်း သိသာထင်ရှားသည်။
အိန္ဒိယ၏ မြန်မာအပေါ်ဆက်ဆံရေးသည် ယခုအခါ စစ်အုပ်စုမင်းအောင်လှိုင်နှင့် ဆက်ဆံရေးသာဖြစ်သည်။ စစ် ကောင်စီသို့ လက်နက်ရောင်းချနေသော နိုင်ငံပေါင်း ၅ နိုင်ငံတွင် အိန္ဒိယပါဝင်နေသည်။ ယခုနှစ် စက်တင်ဘာလ အစောပိုင်းက ပြုလုပ်ခဲ့သော G 20 အစည်းအဝေး၌ အိန္ဒိယဝန်ကြီးချုပ်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့သည်။ မြန်မာစစ်ကောင်စီအား အိန္ဒိယအစိုးရမှ လက်နက်ရောင်းချနေသည်ကို ဗြိတိန်ဝန်ကြီးချုပ်က ထိုတွေ့ဆုံမှုတွင် တစ်စုံတရာမပြောကြားခဲ့သည့်အတွက် ဗြိတိန်ဝန်ကြီးချုပ်ကို ဗြိတိန်လွတ်တော်နှင့် နိုင်ငံရေးလေ့လာသူများက မေးခွန်း ထုတ်ခဲ့သည်။\
အိန္ဒိယ၏ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးတွင် လက်နက်ရောင်းချခြင်းအပြင် စစ်ရေးအရပူးပေါင်းခြင်းနှင့် မ ဟာဗျူဟာမြောက်ဆက်ဆံရေး တိုးချဲ့တည်ဆောက်ခြင်းများပါဝင်သည်။ ထိုဆက်ဆံရေးကို အိန္ဒိယ၏ အကျိုးမျှော် ဆက်ဆံရေးအဖြစ် နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ စစ်ကောင်စီနှင့် အိန္ဒိယ ဆက်ဆံရေးသည် အာဏာသိမ်းခါစ၌ သိသာခြင်းမရှိသော်လည်း ယခုအခါတွင် သိသာထင်ရှားဖြစ်လာကြောင်း ယင်းတို့က ဆိုသည်။
နယ်စပ်ရေးရာပြဿနာများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ပြဿနာများ၊ ဘိန်းစိုက်ပျိုးခြင်း ပြဿနာများနှင့် ပထဝီနိုင်ငံရေးအခင်းအကျင်းများသည် နှစ်နိုင်ငံအကြား ရှိနေသည်။ ထိုအခြေအနေများတွင် အိန္ဒိယက စစ်ကောင်စီဖြင့် ဆက်ဆံနေခြင်းသည် ကိုယ်ကျိုးကြည့်ခြင်းသက်သက်သာ ဖြစ်နေသည်။ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေခြင်းများနှင့် စစ်ရာဇဝတ်ကျူးလွန်နေခြင်းများကို အားပေးရာလည်း ရောက်နေ သည်။
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ကောင်စီအား ကန့်ကွက်နေချိန် တွင် ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယက စစ်ကောင်စီနှင့် ဆက်ဆံရေးတိုးမြှင့်နေခြင်း ဖြစ်သည်။ မြေပြင်အနေအထားနှင့် ထင်သာမြင်သာရှိသော အခြေအနေများအရ အိန္ဒိယသည် မြန်မာပြည်သူများ၏ ဒီမို ကရေစီအရေးကို လစ်လျူရှု့ကြောင်း ထင်ရှားသည်။
ထိုအခြေအနေများတွင် မြန်မာ့နွေဦးတော်လှန်ရေးဘက်မှ ဦးဆောင်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ လာသည်။ အိန္ဒိယ၏ လိုလားချက်၊ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံကို ချဉ်းကပ်လိုချက်နှင့် အိန္ဒိယခေါင်းဆောင် များ မြန်မာ့နိုင်ငံရေးအခြေအနေကို ထင်သာမြင်သာရှိစေရေးအချက်များအား ထည့်သွင်းတွက်ချက်၍ သံတမန် ရေး စည်းရုံးမှုများ လုပ်ဆောင်သင့်သည်။ အနည်းဆုံးအဆင့်အနေဖြင့် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းတစ်ခု ပွင့်လာစေရန် ဆောင်ရွက်သင့်သည်။ စစ်ကောင်စီဘက် ယိမ်းယိုင်၍ တိုးမြှင့်လာနေသည့် ဆက်ဆံရေးကို နှေးကွေးရပ်တန့်အောင် ကြံဆောင်သင့်သည်။
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်သည်ဆိုသော နိုင်ငံရေးအဆိုအမိန့်အတိုင်း အိန္ဒိယကို မိတ်ဆွေဖြစ်လာရန် အား ထုတ်သင့်သည်။ လွတ်လပ်ရေးမရမီရှိခဲ့သည့် မြန်မာ-အိန္ဒိယဆက်ဆံရေးများနှင့် လွတ်လပ်ရေးရပြီးကာလ မြန် မာ-အိန္ဒိယ ဆက်ဆံရေး နိုင်ငံရေးသမိုင်းများကို ရှာဖွေထုတ်နုတ်၍ ယင်းတို့၏ သဘောထား များပြောင်းလဲလာ အောင် ကြံဆောင်သင့်သည်။ တော်လှန်ရေးအောင်ကြောင်းကိစ္စအတွက် သံတမန်ရေးနည်းလမ်းလည်း အရေးပါ နေဆဲ ဖြစ်၍ ကြိုးပမ်းအပ်ပါသည်။
စစ်ကောင်စီအား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား ဝင်ဆန့်နိုင်မှုနှင့် တရားဝင်မှုရရှိနိုင်ရေးကိစ္စများ ဖြတ်တောက်ထားနိုင်မှုသည်လည်း ယခုအချိန်အထိ အရေးပါနေသော နည်းနာတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးဦးဆောင်သူများသည် မိမိတို့၏ အလွမ်းသင့်ရာနိုင်ငံများအကြား ဆက်ဆံရေးဖြင့်သာ ကျေနပ် မနေသင့်ပါ။ နိုင်ငံရေးအရနှင့် ပထဝီနိုင်ငံရေးအရ ထိတွေ့ဆက်ဆံသင့်သည် အိမ်နီးချင်းနိုင်ငံများကို မဟာဗျူဟာ ကျကျ ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းရပါသည်။
Burma Associated Press