bap-logo
Politics

မြန်မာ့ ဓာတ်ငွေ့စီမံကိန်းမှ နှစ်နှစ် ကြာသည်အထိ Chevron မထွက်နိုင်သေး

r3p4goJ92A7WG05KNtIpw-image

လွန်ခဲ့သော တစ်နှစ် က

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron (CVX.N) သည် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချပြီး နိုင်ငံမှ ထွက်ခွာမည်ဟု လွန်ခဲ့သော နှစ်နှစ်ခန့်က ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီနှင့် အကျိုးတူ ဓာတ်ငွေ့ လုပ်ကွက်အစိတ်အပိုင်းတစ်ခုအပါအဝင် ပိုင်ဆိုင်မှုများ ရှိနေသေးကြောင်း ကုမ္ပဏီက ပြောကြား သည်။

 

Chevron က မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဇန်နဝါရီလ ၂၀၂၂ ခုနှစ်တွင် ပြောကြားခဲ့ပြီး ဖေဖော် ဝါရီလ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့လုပ်ကွက်တွင် ထည့်ဝင်ပိုင်ဆိုင်မှု ၄၁.% အပါအဝင် ၎င်း၏ ပိုင်ဆိုင်မှုများကို ကနေဒါမှ MIT စွမ်းအင်ကုမ္ပဏီကို ဖော်ပြမထားသော ဈေးနှုန်း ဖြင့် ရောင်းချရန် သဘောတူညီခဲ့သည်။

 

သို့သော် ကုမ္ပဏီက ၎င်း၏ ပိုင်ဆိုင်မှုများ ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း Reuters သို့ ယခု အပတ်အတွင်း ပြောကြားသည်။ Chevron က မြန်မာမှ ထွက်ခွာရန် "စီစဉ်ထားသည့်အတိုင်း အစီအစဉ်တကျ လုပ်ဆောင်" နေသည်မှာ သေချာကြောင်း ပြောခွင့်ရသူက ပြောကြားခဲ့ပြီး ၎င်းက မည်သည့်အချိန်တွင် ထွက်ခွာမည်၊ MTI သို့ ရောင်းချမှု အပြီးသတ်ရာတွင် အခက်အခဲတစုံတရာရှိ၊ မရှိ စသည်တို့ကို ဖော်ပြပြောဆိုခြင်းမရှိခဲ့ပါ။

 

ကျွန်တော်တို့ မြန်မာနိုင်ငံက ပိုင်ဆိုင်မှုအားလုံးအတွက် ကုမ္ပဏီရဲ့ အကျိုးမြတ်တွေကို ရောင်းချဖို့နဲ့ မြန်မာနိုင်ငံက ထွက်ခွာဖို့ လက်မှတ်ရေးထိုးထားပါတယ်။ သဘောတူညီမှုရဲ့ အချက်အလက်တွေ ကတော့ လျှို့ဝှက်ပါ။ဟု ပြောခွင့်ရသူက ပြောကြားသည်။

 

ဘိုင်ဒန်အစိုးရက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စတင်မည့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံပိုင် ရေနံ ကုမ္ပဏီ MOGE အပေါ်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုအချို့ကို ကန့်သတ်အရေးယူမှုများ အင်္ဂါနေ့တွင် ပြဌာန်းခဲ့ပြီး ၎င်းလုပ်ငန်းကို ထိန်းချုပ်ထားသော စစ်တပ်ကို အားနည်းစေရန် ၎င်းလုပ်ငန်းကို ပထမဆုံး တိုက်ရိုက်အရေးယူခြင်းဖြစ်သည်။

 

ကန့်သတ်အရေးယူမှုများက Chevron အပေါ် သက်ရောက်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပါ။

 

Chevron ရတနာလုပ်ကွက်မှ အစုရှယ်ယာများကို ဝယ်ယူမည့် အစီအစဉ်ကြောင့် MTI သည် တက်ကြလှုပ်ရှားသူများ၏ ဖိအားပေးခြင်းခံခဲ့ရပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါ။

 

MTI ကို ရောင်းချရာတွင် ဘာမြူဒါအခြေစိုက် ၎င်း၏ လက်အောင်ခံ Et Martem Holdings မှ တဆင့် ရောင်းချမည်ဖြစ်ကြောင်း Chevron က ပြောကြားခဲ့သည်။ Et Martem မှ ဆက်သွယ်ရန်ပုဂ္ဂိုလ်ကို ရှာဖွေခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။

 

ပြင်သစ် ရေနံနှင့် ဓာတ်ငွေ့အုပ်စု TotalEnergies (TTEF.PA) သည် ရတနာဓာတ်ငွေ့စီမံကိန်းမှ ၂၀၂၂ ခုနှစ်တွင် ထွက်ခွာခဲ့သည့်အတွက် Chevron အစုပါဝင်မှု ၂၈% မှ ၄၁. % သို့ မြင့်တက်သွား ခဲ့သည်။ အခြားအစုပါဝင်သူများမှာ PTTEP (PTTEP.BK) ကို လည်ပတ်လုပ်ဆောင်သူ၊ ထိုင်းအမျိုးသား စွမ်းအင်ကုမ္ပဏီ အစိတ်အပိုင်းတစ်ခုဖြစ်သော PTT (PTT.BK) နှင့်မြန်မာနိုင်ငံမှ စစ်အာဏာပိုင်တို့ ထိန်းချုပ်ထားသော MOGE တို့ဖြစ်သည်။

 

မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသော ရတနာလုပ်ကွက်သည် တစ်နှစ်လျှင် ဓာတ်ငွေ့ ၆ ဘီလီယံ ကုဗမီတာခန့် ထုတ်လုပ်ပြီး ၃၀% ခန့်မှာ MOGE သို့ ပြည်တွင်းသုံးစွဲမှုအတွက် ပေးသွင်းကာ ၇၀% မှာ ထိုင်းနိုင်ငံသို့ တင်ပို့သည်။

 

၂၀၂၁ ခုနှစ်တွင် Total နှင့် Chevron သည် မြန်မာစစ်အာဏာရှင်တို့ထံ ရောက်ရှိနိုင်သည့် ရတနာ စီမံကိန်းမှ ငွေပေးချေမှုများကို ဆိုင်းငံ့ခဲ့သည့်အတွက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ချီးကျူးမှုများ ရရှိခဲ့ကြသည်။

 

Chevron သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဥပဒေပြုအမတ်များနှင့် အစိုးရ အရာရှိများကို မြန်မာနိုင်ငံမှ ၎င်းတို့၏ အကျိုးအမြတ်များကို ကာကွယ်ပေးရန် လှုံ့ဆော်ခဲ့ပြီး ကန့်သတ်အရေးယူမှု များအပေါ် မှတ်ချက်မပေးခဲ့ဘဲ ၎င်းတို့သည် စီမံဆောင်ရွက်မှုများအပါအဝင် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့သည်ဟုသာ ပြောဆိုခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - အောက်တိုဘာလ ၂၃ ရက် ၂၀၂၃ ခုနှစ်တွင် Chevron အမှတ်တံဆိပ်ကို သရုပ်ဖော်မှုပြုလုပ်ထားပုံ။ (Photo: REUTERS/Dado Ruvic/Illustration/ File photo)

 

Burma Associated Press

မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း
အမေရိကန်
မြန်မာ
Chevron

Share With
bap-logo