bap-logo
Politics

မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အမေရိကန် ဒဏ်ခတ်အရေးယူ

UYNw5nYGVEOJprYJ41Sva-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာ့ရေနံနှင့် ဓာတ်ငွေလုပ်ငန်း Myanma Oil and Gas Enterprise (MOGE) ကို အမေရိကန်နိုင်ငံက အင်္ဂါနေ့တွင် ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်အာဏာပိုင်တို့၏ အဓိက နိုင်ငံခြားဝင်ငွေရလမ်းကို ပထမဆုံးအကြိမ် တိုက်ရိုက်ဦးတည်ခြင်းဖြစ်သည်။

 

ယခင်အရေးယူမှုတွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၏ ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းများ ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့သည်ဟု ရိုက်တာက ပထမဦးစွာ တင်ပြခဲ့သည်။ ဘဏ္ဍာရေးဝန်ဆောင်မှုများတွင် ချေးငွေများ၊ ငွေစာရင်းများ၊ အာမခံများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားဝန်ဆောင်မှုများ ပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုအရေးယူမှုသည် အမေရိကန်မှ မြန်မာ့နိုင်ငံပိုင်လုပ်ငန်းကို ပထမဆုံးအကြိမ် တိုက်ရိုက်အရေးယူခြင်းဖြစ်ပြီး အမေရိကန်အစိုးရက ယခင်ကမူ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား အရေးယူခဲ့ပြီးဖြစ်သည်။

 

အမေရိကန်နိုင်ငံက MOGE အပေါ် အပြည့်အဝ ဒဏ်ခတ် အရေးယူခြင်း အပါအဝင် စစ်အာဏာရှင်တို့ရဲ့ ဝင်ငွေနဲ့ လက်နက် ရလမ်းတွေကို ပစ်မှတ်ထားပြီး ဆက်လက် အရေးယူသင့်ပါတယ်

 

 

မြန်မာ့လူသတ်သမားအာဏာရှင်တို့အတွက် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းသည် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ ရလမ်း ဖြစ်ပြီး ၃၁ ရက် မတ်လ ၂၀၂၂ မှ ယင်းမတိုင်မီ ခြောက်လအတွင်း သီးသန့်ပမာဏ အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံ ရရှိခဲ့သည်ဟု စစ်အာဏာပိုင်တို့၏ ကိန်းဂဏန်းများအရ သိရသည်။ စစ်အာဏာရှင်တို့ ထိန်းချုပ် ထားသည့် MOGE သည် နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ပိုင်ဆိုင်မှု အဓိက တံခါးပေါက်ဖြစ်သည်။

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်ကစ၍ လူပေါင်း ၄,၁၆၂ ဦး စစ်အာဏာရှင်နှင့် စစ်တပ်ထောက်ခံသူတို့ လက်ချက်ဖြင့်သေဆုံးခဲ့ပြီး ၂၅,၃၆၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဖော်ပြထားသည်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း စစ်အာဏာရှင်သည် "စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့ နေ့စဉ် ကျူးလွန်သည်” ဟု ပြောဆိုခဲ့သည်။

 

ကမ္ဘာ့အကြီးဆုံး ရေနံနှင့် ဓာတ်ငွေ့ဝန်ဆောင်မှု ကုမ္ပဏီအချို့က စစ်အာဏာရှင်ကို ကျားကန်ပေးရာတွင် ကူညီ ပေးသည့် လုပ်ဆောင်ချက်များမှ ဒေါ်လာသန်းပေါင်းမျာစွာ ဆက်လက်ရရှိနေခဲ့ကြသည်ကို Distributed Denial of Secrets ပူးတွဲစုံစမ်းစစ်ဆေးချက် မှတ်တမ်းများနှင့် The Guardian ဆန်းစစ်လေ့လာချက်၊ Justice for Myanmar မြန်မာတက်ကြလှုပ်ရှားသူများအဖွဲ့၊ စုံစမ်းထောက်လှမ်းရေးဂျာနယ်လစ်အဖွဲ့အစည်း Finance Uncovered တို့၏ ပူးတွဲစုံစမ်းစစ်ဆေးရေး မှတ်တမ်းများအရ သိရသည်။

 

ဒဏ်ခတ်အရေးယူမှုအသစ်များကြောင့် MOGE နှင့် စီးပွားရေးလုပ်ဆောင်ရာတွင် ခက်ခဲစေမည်ဖြစ်သော်လည်း အမေရိကန်အစိုးရက အထူးသတ်မှတ်ထားသော နိုင်ငံသားများစာရင်းတွင် ၎င်းလုပ်ငန်းကို ထည့်သွင်းခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားသည်။ ၎င်းစာရင်းတွင် MOGE ကို ထည့်သွင်းလိုက်ပါက အမေရိကန်ဘဏ်စနစ်မှ ထုတ်ပယ်လိုက်မည်ဖြစ်ကာ အမေရိကန်လူမျိုးများနှင့် ကုန်သွယ်မှုပြုခြင်းမှ တားမြစ်ခြင်း၊ အမေရိကန်မှ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်လိုက်ခြင်းတို့ သက်ရောက်လာမည်ဖြစ်သည်။

 

“MOGE အပေါ် ချမှတ်တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုများ ညွှန်ကြားချက်ဟာ ရေနံနဲ့ ဓာတ်ငွေ့ ကဏ္ဍကနေ စစ်အာဏာရှင်တွေဆီကို ကြီးမားတဲ့ ငွေကြေးစီးဆင်းမှု အဟန့်အတားဖြစ်စေတဲ့အတွက် ကြိုဆို ရမယ့် ခြေလှမ်းဖြစ်ပါတယ်။” ဟု Justice for Myanmar ပြောခွင့်ရ မရတနာမောင်က ပြောကြားသည်။

 

အမေရိကန်နိုင်ငံက MOGE အပေါ် အပြည့်အဝဒဏ်ခတ်အရေးယူခြင်းအပါအဝင် စစ်အာဏာရှင်တို့ရဲ့ ဝင်ငွေနဲ့ လက်နက် ရလမ်းတွေကို ပစ်မှတ်ထားပြီး ဆက်လက်အရေးယူသင့်ပါတယ်။ ရက်စက်ယုတ်မာမှုများကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ဓာတ်ငွေ့နယ်မြေတွေ ထိန်းသိမ်းခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို ထောက်ပံ့အားပေးနေတဲ့ အမေရိကန်ကော်ပိုရေးရှင်းတွေကိုလည်း ပစ်မှတ်ထားသင့်ပါတယ်။”

 

အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် အစုအဖွဲ့ သုံးခုနှင့် လူ ငါးဦးကိုလည်း ယူနိုက်တက် ကင်းဒမ်းနှင့် ကနေဒါအစိုးရများနှင့် ပူးပေါင်း ဒဏ်ခတ်အရေးယူခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယနေ့ချမှတ်မှုများသည် ဒဏ်ခတ်အရေးယူမှု ရှောင်လွှဲရေးလမ်းကြောင်းများကို ပိတ်ဆို့လိုက်ပြီး ကျခံ ဆုံးရှုံးစေမှုပြဌာန်းရန် ကျွန်ုပ်တို့၏ အားထုတ်မှုကို ခိုင်မာစေကာ အာဏာရှင်၏ ရက်စက်ယုတ်မာမှုများကို တာဝန်ခံမှု မြင့်တက်စေခဲ့သည်။ စစ်အာဏာရှင်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် အကျိုးအမြတ်များ စီးဆင်းမှု ရပ်တန့်စေရန် နိုင်ငံအားလုံးက မြင်သာထင်ရှားသည့် ချမှတ်မှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ တိုက်တွန်း တောင်းဆိုလိုက်သည်။” ဟု အမေရိကန်ုနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သီးခြား ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။

 

ဝါရှင်တန်ရှိ မြန်မာသံရုံးကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ချက်ချက် တုံ့ပြန်မှု မရရှိခဲ့ပါ။ MOGE ကို Reuters က ဆက်သွယ်၍ မရခဲ့ပါ။

 

စစ်အာဏာရှင်၏ရှောင်တိမ်းသည့် နည်းလမ်းများကို နိမ့်ပါးလျော့ကျသွားစေရန်နှင့် ၎င်းတို့၏ အကြမ်းဖက်မှု များအတွက် တာဝန်ခံမှုရှိစေရန် ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်နေကြောင်း။” ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်ဝါဒနှင့် ဘဏ္ဍာရေးသတင်းအချက်အလက်ပိုင်းဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Brian Nelson က ထုတ်ပြန်ပြောဆိုသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူကလည်း ကုလသမဂ္ဂအနေဖြင့် မြန်မာစစ် အာဏာပိုင်များ အပေါ်တွင် နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကိုပါထည့်သွင်း၍ ပိုမိုတင်းကျပ်သော ဒဏ်ခတ် အရေးယူမှုများ ချမှတ်ရန် စက်တင်ဘာလအတွင်းက တောင်းဆိုခဲ့သည်။

 

စစ်အာဏာပိုင်တို့က ဂျက်လေယာဉ်ဆီ ဝယ်ယူရန်၊ လက်နက်ငယ် အစိတ်အပိုင်းများ ထုတ်လုပ်ရန်နှင့် အခြား တင်သွင်းမှုများ ဝယ်ယူရန် နိုင်ငံခြားငွေ အသုံးပြုနိုင်သည့် နိုင်ငံပိုင် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်အစိုးရက ဂျွန်လအတွင်းက ဒဏ်ခတ် အရေးယူမှုများ ချမှတ်ခဲ့ပြီးဖြစ်သည်။

 

စစ်အာဏာရှင်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် အကျိုးအမြတ် များ စီးဆင်းမှု ရပ်တန့်စေရန် နိုင်ငံအားလုံးက မြင်သာထင်ရှားသည့် ချမှတ်မှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ တိုက်တွန်း တောင်းဆိုလိုက်သည်

 

 

မြန်မာစစ်တပ်အရာရှိများက ဒဏ်ခတ်အရေးယူမှုများကို အရာမရောက်ကြောင်း ပြောဆိုလေ့ရှိသည်။

 

MOGE သည် စစ်အာဏာရှင်တို့အတွက် နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိစေခဲ့သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရုရှားနှင့် အခြားနိုင်ငံများမှ လက်နက်နှင့် အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး ကုန်စည်များနှင့် အခြား ပစ္စည်းကိရိယာများ ဆက်လက်တင်သွင်းနိုင်ရန် စစ်အာဏာရှင်ကို ကူညီပေးနေသည့် Sky Royal Hero ကုမ္ပဏီ လီမိတက်၊ Suntac Technologies ကုမ္ပဏီ လီမိတက် နှင့် Suntac နိုင်ငံတကာ ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်တို့ကို ဒဏ်ခတ်အရေးယူမှုတွင် ထည့်သွင်းလိုက်သည်ဟု ၎င်းဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

ယနေ့ အမေရိကန်အစိုးရမှ ဒဏ်ခတ်အရေးယူလိုက်သော စစ်အာဏာရှင်ခန့်အပ်ထားသည့် အရာရှိများမှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားစွဲနှင့် အမူလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆွေဆွေအောင်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဇော်မင်းတို့ဖြစ်ကြသည်။ ၎င်းတို့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုလည်း ကနေဒါမှ ဒဏ်ခတ်အရေးယူမှု ယနေ့တွင် ချမှတ်လိုက်ပြီး ဥရောပသမ္မဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ပြီး ဖြစ်သည်။

 

ကိုးကား - Thue Guardian Reuters U.S. Department of the Treasury

ပုံစာ - ဂျပန်နိုင်ငံ တိုကျိုမြို့တွင် MOGE ကို ဒဏ်ခတ်အရေးယူရန် တောင်းဆိုနေသည့် တက်ကြွ လှုပ်ရှားသူအဖွဲ့များ။ (Photo: Philip Fong/AFP/Getty Images)

 

Burma Associated Press

 

ဒဏ်ခတ်ပိတ်ဆို့မှု
စစ်ကောင်စီ
အမေရိကန်
မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း

Share With
bap-logo