Politics
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ငွေတောင်းကြမ်းနေတဲ့ တောင်ကြီးရဲ့ အိမ်ခြံမြေ ဈေးကွက်
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၉။
တောင်ကြီးမြို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ အိမ်ခြံမြေအရောင်းအဝယ် စာချုပ်ချုပ်ပါက အုပ်ချုပ်ရေးမှူးတွေ က စာချုပ်ချုပ်ဆိုသူတွေဆီကနေ ငွေကြေးဆယ်သိန်းကျော်အထိ အတောင်းကြမ်းနေတယ်လို့ အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ အချို့နဲ့ မြို့ခံတွေဆီက သိရပါတယ်။
"အဆင်မပြေလို့ အိမ်ဝိုင်းလေးပိုင်းရောင်းတာ မသာပါးစပ်ထဲက မတ်စေ့နိုက်သလိုမျိုး ရပ်ကွက်က အတင်း တောင်းနေတယ်၊ တော်ပြီပေါ့ တစ်သိန်းလောက် ဆို၊ ခုဟာက သိန်းနှစ်ရာကျော်တန်ရောင်းတာ ရပ်ကွက်ကို လေးသိန်း ပေးခဲ့တယ်၊ ဒါတောင် ငါးသိန်းတောင်းတာ၊ လမ်းမတန်းနေရာကသူတွေဆို ဆယ်သိန်းထိ ပေးရတာ"လို့ တောင်ကြီးမြို့မှာ အိမ်ဝိုင်းရောင်းခဲ့သူတဦးက ပြောပါတယ်။
ဒီလိုအတောင်းကြမ်းလာတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းပိုဆိုးလာပြီး၊ ပုံမှန်အရောင်းအဝယ်အေးတဲ့ မြို့ထဲ ရပ်ကွက်တွေမှာ အဆိုးဆုံးလို့ အိမ် အရောင်းဝယ်လုပ်ခဲ့ရသူတွေက ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စာချုပ် ချုပ်ပါက အရောင်းအဝယ်ပြုလုပ်သူ နှစ်ဦး၊ နှစ်ဘက်အသိသက်သေ အပါဝင် သက်ဆိုင်ရာနယ်မြေမှူးတွေရှေ့မှာ လက်မှတ်ထိုးကြရတာလို့ သိရပါတယ်။
ဒီလိုလက်မှတ်ထိုးပါက ရပ်ကွက်အတွက်ပေးရတဲ့ငွေတွေကို ရောင်းချသူက ပေးရတာမျိုးများပြီး၊ တခါတရံမှာ ရောင်းသူနဲ့ဝယ်သူ နှစ်ဘက်မျှခံတာမျိုးလဲ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
" ကျမတို့ရပ်ကွက်အုပ်ကြီးဆိုရင် အာဏာသိမ်းပြီးတဲ့ချိန်ကမှ အုပ်ချုပ်ရေးမှူး ဖြစ်တာ၊ အရင်အုပ်ချုပ်ရေးမှူးက နားလိုက်တာလေ၊ သူလုပ်နေတဲ့သက်တမ်း ၂ နှစ်ကျော်အတွင်း ကားနှစ်စီးနဲ့အိမ်ဝိုင်းတဝိုင်း ပိုင်သွားပြီ၊ ဘယ်ရပ်ကွက်လဲဆိုတော့ မြို့ပတ်လမ်းအနောက်ဘက်ကရပ်ကွက်ပဲ၊ စီးပွားရေးလုပ်ငန်း မယ်မယ်ရရမရှိတဲ့ နယ်မြေမှူးတွေတောင် တိုက်ဆောက်၊ ကားစီးနိုင်နေပြီ" လို့ တောင်ကြီးမြို့ ဒေသခံတဦးက ဝေဖန် ပြော ကြားပါတယ်။
တောင်ကြီးမြို့ပေါ်ရပ်ကွက်တွေမှာ အိမ်ခြံမြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုပါက တချို့ရပ်ကွက်တွေက အရောင်းအဝယ် တန်ဖိုးရဲ့ ၁ ရာခိုင်နူန်း တောင်းသလို၊ အချို့ရပ်ကွက်တွေက စာချုပ်တစောင်ကို ၂ သိန်း သတ်မှတ်ပြီး တောင်းကြတာလို့ ဆိုပါတယ်။
တောင်ကြီးမြို့မှာ လက်ရှိအရောင်းအဝယ်အဖြစ်ဆုံး မြို့ပေါ်ရပ်ကွက်တွေက ဘုရားဖြူရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နဲ့ ကံကြီးရပ်ကွက်တွေ ဖြစ်ကြပါတယ်။
တောင်ကြီးမြို့နယ်က ကျေးရွာတွေမှာတော့ လယ်ယာမြေကို အကွက်ရိုက် ရောင်းချတာမျိုးတွေရှိပြီး၊ မြေဧကလိုက် ဝယ်ယူပြီး အကွက်ရိုက်ရောင်းချ ကြတာပါ။
အကွက်ရိုက် ရောင်းချနေတဲ့ကျေးရွာက အရောင်းအဝယ်အတွက် ရပ်ကွက်ကိုပေးရတဲ့ ကုန်ကျစားရိတ်ကို မြေပိုင်ရှင်တွေက အကုန်အကျခံရပြီး၊ အချို့မြေတကွက်ချင်းအရောင်းဝယ်ပြုလုပ်ပါက ကျေးရွာအုပ်ချုပ်ရေးမှူး ကို သောင်းဂဏန်းလောက်သာ ပေးကြရတာလို့ သိရပါတယ်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာချုပ်မှအကျုံးဝင်တာမဟုတ်ဘူး။ ရှေ့နေနဲ့ အရှုပ်အရှင်း စစ်ပြီးချုပ်ရင်လည်းရ တယ်၊ ဒီဘက်မှာက ရပ်ကွက်နဲ့ချုပ်မှ စိတ်ချရတယ်ပဲ ထင်နေကြတာ၊ အဲဒါကြောင့် သူတို့ကစီးပွားရေးဆန်ဆန် လုပ်လာကြတာ"လို့ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ပေးသူ ရှေ့နေတဦးက ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီကရတဲ့ငွေကြေးကို ရပ်ကွက်အတွက် လိုအပ်တဲ့နေရာတွေမှာ အနည်းငယ်သုံးပြီး ကျန်တဲ့ငွေတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက နှစ်ပုံ၊ နယ်မြေမှူးကတစ်ပုံ ယူကြတာမျိုး လည်း ရှိတယ်လို့ သိရပါတယ်။
"ရပ်ကွက်ရုံးမှာကင်းစောင့်သူတို့၊ မီးသတ်တပ်ဖွဲ့တို့ ကြက်ခြေနီတို့ စာရေးမတို့ အတွက်လည်း ကုန်ကျရတာ ရှိတယ်။ အုပ်ချုပ်ရေးမှူးကတော့ အများဆုံး ယူတယ်၊ အရောင်းအဝယ်ဖြစ်တဲ့ နယ်မြေက နယ်မြေမှူးလဲတစ်ပုံ ရတယ်၊ ကျန်တာကရပ်ကွက်ထဲက အခြားနယ်မြေမှူးတွေခွဲယူကြတာပေါ့၊ နယ်မြေမှူး တွေက လစာလဲမရတော့ ဒီထဲကပဲ ခွဲယူကြရတာ"လို့ တောင်ကြီးမြို့ပေါ် ရပ်ကွက်က နယ်မြေမှူးတဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီလိုငွေကြေးတွေပေးနေရပေမဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်၊ ရပ်ကွက် စည်းတံဆိပ် ရိုက်နှိပ်ထားတဲ့ အိမ်ခြံမြေ တွေကို လယ်ယာမြေပေါ်မှာ ကျူးကျော်ထားတယ်ဆိုပြီး တရားစွဲခံရရင် တာဝန်ယူမှုမရှိဘူးလို့ မြေအရောင်းဝယ်လုပ်သူတွေက ပြောပါတယ်။
ပုံစာ- တောင်ကြီးမြို့ ရပ်ကွက်တစ်ခု
Related Articles
- ရှမ်းပြည်တွင် ပိတ်မိနေသော ထိုင်းနိုင်ငံ သားများ ကူမင်းမှတဆင့် ပြန်မည်
- သိမ်းပိုက်ရရှိခဲ့သည့် ခမ်းပတ်သည် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးဖြစ်သည့် ဒေသဖြစ်သည်ဟု MOD ဆို
- ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးပြီး တစ်လအကြာတွင် နမ့်ခမ်းမြို့ ရဲစခန်းနှင့် တပ်စခန်းများ အသိမ်းခံရ
- တမူးနယ်၊ ခမ်းပတ်မြို့ကို PDF နဲ့ပူးပေါင်းအဖွဲ့တွေ သိမ်း
Top News
လွန်ခဲ့သော ၃၃ မိနစ် က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၅ ရက် က