bap-logo
Politics

ဒီပဲယင်းအရှေ့ခြမ်းရှိ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရ

pWFgf8W4l0qM8dSvsLE71-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာများမှ စစ်ရှောင်ပြည်သူများအနေဖြင့် ရိက္ခာ ပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါဒေသရှိ စစ်ရှောင်များကို ကူညီနေသည့် အဖွဲ့အစည်း က ထုတ်ပြန်သည်။

 

" ကျေးရွာအတော်များမှာ နေအိမ်နဲ့ရိက္ခာအများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စားနပ်ရိက္ခာပြတ်လပ်မှု အခက်ခဲ များကြောင့် စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေးအတွက် လွန်စွာ ခက်ခဲနေတယ်" ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးက ဆိုသည်။

 

 

စစ်ကောင်စီစစ်ကြောင်းသည် ယခုလ ၂၃ ရက်မှစကာ ရေဦးမြို့မှနေ၍ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ စစ်ကြောင်းထိုးမှုများစတင်လာခဲ့ပြီး၊ ယင်းစစ်ကြောင်းများကြောင့် ကျေးရွာများမှ ဒေသခံ ပြည်သူသောင်းချီ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရခြင်းဖြစ်သည်။

 

ထို့အပြင်ယင်းစစ်ကြောင်းထိုးမှုတွင် ဒီပဲယင်းအရှေ့ခြမ်းအတွက် အဓိကအရေးပါသည့် လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော၊ မရကန်၊ အုန်းတပင်၊ မြင်းတန့်ကျေး၊ ဒိုင်နတ်၊ ယဉ်ကျေး စသော ကျေးရွာများမှ ပြည်သူပိုင်နေအိမ်များနှင့် ရိက္ခာအများအပြားကို မီးရှို့ဖျက်ဆီးမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုအခက်အခဲများ ကြုံတွေ့နေရသည်ဟု ယင်းအဖွဲ့အစည်းထံမှသိရသည်။

 

အဆိုပါစစ်ကြောင်းသည် ယနေ့ဇန်နဝါရီ ၂၉ ရက်အထိ ဒီပဲယင်းအရှေ့ခြမ်း ရုံသာရွာနှင့် မူးမြစ်အရှေ့ ဘက်ကမ်း မအူပင်အနောက်ရွာတွင် တပ်စွဲထားဆဲဖြစ်သည်။

 

"ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့်လည်း လတ်တလောအရေးပေါ်လိုအပ်နေတဲ့ စစ်ဘေး ရှောင် Camp များအတွက် ကျန်ရှိနေတဲ့ရိက္ခာအနည်းငယ်ဖြင့် ဝေမျှထောက်ပံ့နေရသည်ဖြစ်ရာ ဆက်လက် ထောက်ပံ့နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်တယ်" ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေး၏ ထုတ်ပြန်ချက်ကဆိုသည်။

 

ထို့အပြင် ယမန်နေ့ညပိုင်းက ရေဦးမြို့တိုင်းရင်းဆေးရုံတွင်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် ရေဦး တောင်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သေးကြောင်း သိရသည်။

 

Photo Credit- ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

 

Burma Associated Press

မြန်မာ
စစ်တပ်
စစ်ကိုင်း
ဒီပဲယင်း
အရပ်သား
ဒုက္ခသည်

Share With
bap-logo