Politics
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ် သပိတ်တွင် ပါဝင်ရန် လှုံ့ဆော်
လွန်ခဲ့သော ၃ နှစ် က
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်တွင် စတင်ခဲ့သည့် စစ်အာဏာသိမ်းမှုသည် ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။
လာမည့် ၂၀၂၃ ဖေဖေါ်ဝါရီ ၁ ရက်တွင် "တသံတည်းညီ တချီတည်းရုန်း" ဟူ၍ အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ်ကို ဆင်နွှဲရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းနိုးဆော်နေသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် မနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း အပြင်(လုံးဝ) မထွက်ဘဲ မိမိတို့ အိမ်အတွင်း နေထိုင်ရန်နှင့် ယင်းနေ့တွင် လမ်းမများ၊ အများပြည်သူနေရာများ လူသူကင်းမဲ့ တိတ်ဆိတ်ခြင်းဖြင့် အာဏာ သိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသရန်တောင်းဆိုထားခြင်းဖြစ်သည်။
“စစ်ကောင်စီကို ကြောက်လန့်စေကြမယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက် စစ်အာဏာရှင်ကို သွေးမအေးသေးပဲ ဆက်လက်တော်လှန်နေဆဲ ဖြစ်ကြောင်း ထပ်မံပြသကြရမှာလည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံး အနေဖြင့် စစ်ကောင်စီဘက်မှ ခြေလှမ်းပြင်လာတဲ့ “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ”ကိုလည်း လက်သင့်မခံကြောင်းကိုပါ ကမ္ဘာသိ ထုတ်ဖော်ပြသရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းစသည်တို့အပါအဝင် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းထားသည်။
တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်သည့် လူထုအင်အားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း Silent Strike (အသံတိတ် သပိတ်) ကို ၂၀၂၁ ခုနှင် မတ်လ ၂၄ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ၁ ကြိမ် နှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေတွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ပုံစာ - ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်၊ ရန်ကုန်တွင် ပြုလုပ်သည့် ပထမအကြိမ် အသံတိတ်သပိတ် မြင်ကွင်းများ