Politics
စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့က ကျွန်းလှမြို့နယ် တောင်ယာဆိပ်ရွာကိုမီးရှို့
လွန်ခဲ့သော ၃ နှစ် က
စစ်ကိုင်း၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ တောင်ယာဆိပ်ကျေးရွာအား ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီ အဖွဲ့နှင့် ဒေသအခေါ် ပျူစောထီးအဖွဲ့ဝင်စုစုပေါင်း ၁၂၀ ခန့်ကမီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့ကဆိုသည်။
" အဲဒီစစ်ကြောင်းက ၉ နာရီ ၂၀ မိနစ်လောက်မှာ တောင်ယာဆိပ်ရွာကိုမီးရှို့ဖျက်ဆီးပြီး၊ ကန့်ဘလူမြို့နယ် မန်ကျည်းကုန်း ရွာဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့သိရပြီး၊ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေ စာရင်းကို ဆက်လက်စုံစမ်းနေပါတယ်" ဟု ထုတ်ပြန်ချက်ကဆိုသည်။
အဆိုပါစစ်ကြောင်းသည် ခြေမြန်တပ်ရင်း ၃၆၈ မှဖြစ်ပြီး၊ ပျူစစ်ကြောင်းနှင့်ပူးပေါင်းကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ မှစကာ လက်ရှိအချိန်အထိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း လှည့်ပတ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကြောင်းထိုးမှုများကြောင့် ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်နှစ်ခုအစပ်ရှိ ကျေးရွာများဖြစ်သည့် ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ ညောင်ကုန်း၊ မန်ကျည်းကုန်း၊ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ စသည့် ရွာပေါင်း ၁၂ ရွာမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့အပြင် စစ်ရှောင်တဲ ၃၀ ခန့် ၊ စပါးတင်းများထောင်ချီကာအကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ပြည်သူ ၁၃ ဦးအား ဖမ်းဆီးနှိပ်စက်မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
Photo Credit- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့