Urban Life
စစ်တပ် လက်ပါးစေတို့အတွက် အခမဲ့ လိင်ဖျော်ဖြေရေးလုပ်သားများ
လွန်ခဲ့သော တစ်ရက် က
BAP၊ စက်တင်ဘာ ၂။
ညအချိန် မီးတိုင်အောက်မှာ မတ်တပ်ရပ်နေတဲ့ မခိုင် ရှိရာကို ကားတစီး ထိုးရပ်လာပါတယ်။
ရှောင်ပြေးဖို့ကြိုးစားချိန်မရခင်မှာဘဲ ကားပေါ်က အမျိုးသားတဦးက အတင်းအကြပ် ကားပေါ် တက်ခိုင်းပြီး မခိုင်ကို ကားလက်တန်းနဲ့တွဲလျှက် လက်ထိပ်ခတ်လိုက်ပါတယ်။
ဘယ်လိုမှရုန်းကန်ထွက်ပြေးလို့မရတော့တဲ့ မခိုင်ဟာ လက်ထိပ်ခတ်လျက်နဲ့ ထိုအမျိုးသား ခေါ်ဆောင် သွားတဲ့ ပန်းခြံအတွင်း မှောင်ရိပ်တနေရာရဲ့ ကားပေါ်မှာပဲ အဓမ္မကျင့်တာ ခံလိုက် ရပါတယ်။
"ငါကရဲ၊ နင်တို့ ငါလုပ်တာခံရမယ်ဆိုပြီး ကားပေါ်မှာပဲနေလိုက်ရတယ်၊ လက်မခံရင်သူတို့ကထောင်ထဲ ပို့လိုက်ကြမှာ ကြောက်တော့ သူစိတ်တိုင်းကျ နေလိုက်ရတယ်" လို့ မခိုင်က သူကြုံခဲ့ရတဲ့ အခြေနေကို ပြန်ပြောပြပါတယ်။
မခိုင်ဟာ ရန်ကုန်မြို့၊ ကန်တော်ကြီးဘေး ကန်ဘောင်တလျောက်က ပလက်ဖောင်းတွေမှာ ညနေပိုင်း အချိန်ကစပြီး ကျင်လည်နေတဲ့ ပြည့်တန်ဆာ အမျိုးသမီးတယောက်ပါ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မခိုင်တို့လို ပြည့်တန်ဆာအမျိုးသမီးတွေဟာ စစ်သား၊ ရဲတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူတွေ ခံနေရပေမယ့် အကာကွယ်မဲ့အခြေအနေအောက်မှာပဲ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။
ရန်ကုန်မြို့ရဲ့ ညနေစောင်း ၆ နာရီဝန်းကျင်အချိန်ဆိုရင် ကန်တော်ကြီးအနီးမှာ မခိုင်တို့လို မတ်တပ်ရပ်ပြီး ဧည့်သည် ခေါ်သူကခေါ်၊ အချို့က လမ်းလျောက်ပြီး ဖောက်သည်ကို ရှာနေကြတာတွေ့ရမှာပါ။
ကြားခံပွဲစားမရှိတဲ့ ပြည့်တန်ဆာတွေဟာ တဦး သို့မဟုတ် နှစ်ယောက်၊ သုံးယောက် တွဲစုပြီး သူတို့နဲ့ ပျော်ပါးမယ့် ဖောက်သည် အမျိုးသားတွေကို လမ်းပေါ်ကနေ မျော်နေရပါတယ်။
ဒီနေရာအနီးက ပြည့်တန်ဆာအများစုဟာ သူတို့ကို ထိန်းချုပ်ထားသူ မရှိဘဲ ကိုယ်တိုင် ငွေကြေး အပြည့် အဝ ရနေတယ်လို့ ပြောပါတယ်။
ဒီပတ်ဝန်းကျင်မှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေဟာ အမျိုးသမီးတွေတင်မက မိန်းမလို ဝတ်ထားတဲ့ လိင်စိတ်ကွဲပြား အမျိုးသားတွေဟာလည်း ဒီနေရာမှာ ဝင်ငွေရှာနေတယ်လို့ မခိုင်က ပြောပြပါတယ်။
တချို့ရက်တွေဆို စျေးဦးတောင်မပေါက်သေးဘူး လာခေါ်ပြီ။ မလိုက်ရင်ထောင်ချမယ်။ အမှုလိုနေတာ လို့ပြောပြီး ပြေးမှာစိုးလို့ လက်ထိပ်ခတ်တန်းလန်းနဲ့ ဆက်ဆံခံရတာ။ ကားပေါ်မှာပဲ၊ အပြင်ဆို တည်းခိုခန်းခ ကုန်မှာစိုးလို့ ရဲတွေက မခေါ်ကြဘူး။ ကားပေါ်မှာပဲနေပေးရတယ်
ငွေကြေးရဖို့ ခန္ဓာကိုယ်နဲ့ရင်းပြီး အလုပ်လုပ်နေသူတွေထဲမှာ အိမ်ထောင်သည် ကလေး မိခင်တွေ အများအပြား ပါဝင်နေတယ်လို့ သူတို့တွေက ပြောပါတယ်။
ကိုယ်တိုင် ကလေးနှစ်ဦးမိခင်ဖြစ်တဲ့ မခိုင်က စကတ်အတိုအနက်ရောင်၊ အင်္ကျီလည်ပင်းဟိုက် ခါးတို ဝတ်ထားပြီး သစ်ပင်တပင်အောက်မှာ မတ်တပ်ရပ်လျက် လာခေါ်မယ့်သူကို မျော်နေပါတယ်။
သူက လက်သည်းနီညိုရောင် ဆိုးထားပြီး နူတ်ခမ်းနီကိုလည်း ရဲနေအောင် ဆိုးထားပါသေးတယ်။ အနံ့ ပြင်းပြင်း ရေမွှေးလည်း ဆွတ်ထားတာကြောင့် လေအဝှေ့မှာ စူးရှတဲ့ ရေမွှေးနံ့က ပျံ့နှံ့နေပါသေးတယ်။
အိမ်ထောင်နှစ်ဆက်ကျဖူးပြီး အမျိုးသားက သူ့ကို ပစ်သွားခဲ့တယ်လို့ မခိုင်က ဖွင့်ဟပါတယ်။
ပဲခူးတိုင်းဇာတိဖြစ်တဲ့ မခိုင် အပျိုဘဝထဲက ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့သူပါ။
KTV မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ ပွဲစားခေါ်ရာ လိုက်လာခဲ့ရာကနေ အပျိုစင်ဘဝကို ငွေကျပ် ၁၀ သိန်းနဲ့ ရောင်းချခဲ့ရတယ်လို့ လွန်ခဲ့တဲ့ ၈ နှစ်က အတိတ်ကို ပြန်ပြောပြရင်း ခေါင်းငုံ့နေပါတယ်။
"အဲဒီတုန်းက ပါကင်ဖောက်လိုက်တာဆိုပြီး ၁၀ သိန်းရတယ်၊ အဲဒါ အမေ့ကို လွှဲပေးလိုက်ရတယ်၊ အခု အမေလည်း မရှိတော့ အိမ်မပြန်ဖြစ်ဘူး" လို့ အတိတ်ကို သတိရဟန်နဲ့ သူက ပြောပါတယ်။
သူပေါင်းခဲ့တဲ့ အမျိုးသားနှစ်ဦးစလုံးက မခိုင် ဒီအလုပ် လုပ်တယ်ဆိုတာ သိလျက်နဲ့ ယူခဲ့တာဖြစ်ပြီး သူတို့က ဘာအလုပ်မှ လုပ်ကိုင်ကြသူတွေ မဟုတ်ဘူးလို့ မခိုင်က ပြောပြပါတယ်။
ဒုတိယအိမ်ထောင်အမျိုးသားဆိုရင် တနေကုန်ဂိမ်းဆော့နေတတ်ပြီး မခိုင်က အရက်ဖိုး၊ အသုံးစားရိတ်၊ ဖုန်းဘေလ်ကအစ ထည့်ပေးရပေမယ့် ရန်ရှာတာကိုခံခဲ့ရတယ်လို့ ဗိုက်မှာရှိနေတဲ့ ဒဏ်ရာကိုပြရင်း မျက်ရည်တွေဝဲလျက်နဲ့ ပြောပြပါတယ်။
"ဒါ သူလုပ်ထားတဲ့ ဓားဒဏ်ရာ၊ ငါလဲနင့်ကိုမပေါင်းတော့ဘူးဆိုပြီးပြောခဲ့တယ်။ သူကလည်း သူ့ကို မနှောက်ယှက်နဲ့ သူ အိမ်ထောင်ပြုတော့မှာလို့ပြောတယ်၊ နင်ကတော့အမြဲတမ်း ယောက်ကျားတွေ ခံနေ ရသူမို့ အိမ်ထောင်မရှိလည်းရတယ်တဲ့၊ အကြမ်းဖက်ရိုက်တာလည်း ခဏခဏ ခံခဲ့ရတာ" မခိုင်က ပြောပြပါတယ်။
မခိုင်ရဲ့ ၇ နှစ်အရွယ် သားကြီးဖြစ်သူဟာ အခုချိန်ထိ ကျောင်းမတက်နိုင်သေးဘဲ အိမ်မှာနေနေရတဲ့ အခြေ အနေနဲ့ ကြုံနေရပါတယ်။
"ကျမမှာ သမီးလေးရှိတယ်၊ သူကငယ်သေးတယ်၊ နားမလည်သေးဘူး၊ ကျမ ဒီအလုပ် လုပ်တယ်ဆိုတာ ကလေးတွေ မသိစေချင်ဘူး၊ ဒါကြောင့် ပုံမှန်ဝင်ငွေလေးရတဲ့အလုပ် သားနဲ့ သမီးနဲ့ အတူနေလို့ရမယ့် အလုပ်ရှိရင် လုပ်ချင်တယ်၊ ဒီအလုပ်ကို စိတ်ကုန်နေပြီ"လို့ မခိုင်က ညည်းတွား ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည့်တန်ဆာအပါဝင် တခြားလိင်လုပ်ငန်းတွေပါ တိုးတက်လာတာကို တွေ့နေရပါတယ်။
Date girl တွေ၊ ဇိမ်မယ်၊ (Sponsor)ရှာသူ၊ အွန်လိုင်းကနေ Sex chat တာတွေ လိင်အသားပေး ရုပ်သံ တင်လာတာ၊ လိင်အသားပေး မော်ဒယ်တွေလည်း ဝင်ငွေကောင်းလာကြပါတယ်။
မခိုင်တို့လို ဒီလိုနေရာတွေမှာ ပြည်တန်ဆာလုပ်ကိုင်နေတဲ့ သူတွေအတွက်တော့ အိမ်ငှားခတောင် မနည်းရှာနေကြရတဲ့ အခြေနေနဲ့ ကြုံတွေ့နေရတယ်လို့ သူတို့က ရင်ဖွင့်ကြပါတယ်။
"ကျမတို့ ဒီအလုပ်လုပ်တာသိတော့ အိမ်ရှင်တွေက မငှားချင်ကြဘူး၊ မသိလို့ငှားကြရင်လည်း စာချုပ် ပြည့်ရင် ပြောင်းရလွန်းလို့ အခက်တွေ့နေရတယ်၊ ကာကွယ်ပေးမယ့်သူတွေ ရှိစေချင်တယ်" လို့ အခြား ပြည့်တန်ဆာတဦးက ပြောပါတယ်။
မခိုင်တို့လို ပြည့်တန်ဆာလုပ်သူအချို့ဟာ ရန်ကုန်မြို့ ကန်တော်ကြီးဘေးပတ်ဝန်းကျင် တလျောက် ပလက်ဖောင်းတွေနဲ့ နေရာအချို့မှာ ကျင်လည်နေကြရတာပါ။
လက်ရှိအချိန် ကုန်စျေးနူန်းတွေတက်၊ အလုပ်အကိုင်တွေရှားပါးလာတာတွေကြောင့် မခိုင်တိုနဲ့ ပျော်ပါးသူ တွေဟာ အရင်လိုငွေမသုံးနိုင်တာ့ပါဘူး။
"လူတွေကငွေအပိုမသုံးနိုင်ကြတော့ဘူး။ အရင်က တသိန်းရတဲ့ထိရှိတယ်။ ခုဆို တပြားမှ မရတဲ့ရက်တွေ ရှိတယ်။ ဒါကြောင့် အိမ်ပြန်မယ့် လမ်းစားရိတ်တော့ဆောင်ထားရတယ်။ တပတ်မှာ ၃ ရက်လောက်က ဖောက်သည် မရတတ်ဘူးလို့" မခိုင်က ပြောပါတယ်။
မခိုင်လိုပဲ အသက် ၂၅ နှစ်အရွယ် တိုးတိုး(အမည်လွှဲ)တယောက်လည်း ကန်တော်ကြီးအနီး ကျင်လည်နေ တဲ့ ပြည့်တန်ဆာတွေထဲက တယောက်ပါ။
ဆံပင်ဂုတ်ဝဲနဲ့ ချစ်စရာကောင်းတဲ့ အသွင်ပြင်ရှိတဲ့သူဟာ အိမ်ထောင်ကွဲတဦး ဖြစ်ပါတယ်။
သူလည်း ရဲတွေရဲ့ အကြမ်းဖက်တာ ခံရဖူးပြီး အဖမ်းမခံရအောင် သူတို့အလိုရှိတိုင်း ပျော်ပါးပေးရတယ်လို့ ပြောပါတယ်။
"တချို့ရက်တွေဆို စျေးဦးတောင်မပေါက်သေးဘူး လာခေါ်ပြီ။ မလိုက်ရင်ထောင်ချမယ်။ အမှုလိုနေတာ လို့ပြောပြီး ပြေးမှာစိုးလို့ လက်ထိပ်ခတ်တန်းလန်းနဲ့ ဆက်ဆံခံရတာ။ ကားပေါ်မှာပဲ၊ အပြင်ဆို တည်းခိုခန်းခ ကုန်မှာစိုးလို့ ရဲတွေက မခေါ်ကြဘူး။ ကားပေါ်မှာပဲနေပေးရတယ်။ အကြမ်းပတမ်း ဆက်ဆံတာလည်း ခံရလို့ သူတို့ကိုဝေးဝေးရှောင်နေရတာ"လို့ တိုးတိုးက ပြောပြပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာအလုပ်လုပ်သူတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမရှိသေးဘဲ သူတို့ကို ဖမ်းဆီးမယ့် ဥပဒေသာရှိနေတာပါ။
၁၉၅၆ ခုနှစ်ကတည်းကပြဌာန်းထားတဲ့ ပြည့်တန်ဆာ အက်ဥပဒေအရ ပြည့်တန်ဆာတစ်ဦးဟာ ထောင်ဒဏ် တနှစ်ကနေ သုံးနှစ်အထိ ပြစ်ဒဏ်ကျ ခံရနိုင်ပြီး၊ ၁၉၉၈ ခုနှစ်မှာ ပြန်လည် ပြင်ဆင်ခဲ့တဲ့ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ထိ ကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည့်တန်ဆာတွေအတွက် ဥပဒေ အကာအကွယ်မဲ့နေတာကြောင့် စစ်တပ်၊ ရဲအပါဝင် အမျိုးသားတွေရဲ့အကြမ်းဖက်ခံရမှုတွေနဲ့ ကြုံနေရတာလို့ ရှေ့နေအချို့က ပြောပါတယ်။
လမ်းဘေးတွေမှာ လူလုံးပြ ပြည့်တန်ဆာလုပ်ရင် အချိန်ပိုင်းတပိုင်းကို အခကြေးငွေ လေးသောင်း ကနေ ခုနှစ်သောင်းကျပ်အထိသာ အများဆုံးရတတ်ပြီး မရတဲ့နေ့တွေများလာတယ်လို့ တွက်ပြကြပါတယ်။
အခကြေးငွေပေးပြီး ပျော်ပါးပါက စျေးပေါတဲ့ တည်းခိုခန်းတွေနဲ့ ကားအတွင်းမှာပဲ ပျော်ပါးကြရတာလို့ သူတို့က ပြောပြကြပါတယ်။
ဒီအလုပ်လုပ်ဖို့ ဖုန်းတွေ၊ အင်တာနက်တွေကနေ ဆက်သွယ်ပြီး ချိန်းဆိုကြတာမျိုးမဟုတ်ဘဲ ညနေစောင်းအချိန်ဆို သူတို့ရှိတဲ့နေရာကို လာခေါ်မယ့် အမျိုးသားတွေကို မျော်နေရတာလို့ ကန်တော်ကြီးရဲ့ ပြည့်တန်ဆာတွေက ပြောပါတယ်။
ငွေအနည်းငယ်နဲ့ ပျော်ပါးချင်သူတွေကို ကန်တော်ကြီးပတ်ဝန်ကျင်တဝိုက်မှာ ရှိနေတဲ့ ပြည့်တန်ဆာ တွေထံ အများဆုံးလာပို့ရတယ်လို့ အငှားယာဥ်မောင်းအချို့က ဆိုပါတယ်။
"ကျောင်းသားအချို့ တခါတလေ ဝန်ထမ်းတွေ ဒီနေရာကို ပို့ပေးရတယ်၊ ပြီးရင်ကားနဲ့တင်ပြီး တည်းခို ခန်းလို နေရာပို့ပေးရတယ် ဒါလည်း ကြာကြာမှ တခါပါ။ ရဲဖမ်းမယ့် အခြေနေလည်း ကြည့်ရ သေးတယ်"လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် မြကျွန်းသာ ကန်ဘောင်တလျောက်မှာဆိုရင်လည်း ညနေပိုင်း အချိန်ကစပြီး မိန်းကလေးငယ်အချို့ဟာ ထူးခြားတဲ့ အပြင်အဆင်နဲ့ ပျော်ပါးဖို့ လာခေါ်မယ့်သူတွေကို မျော်နေတာ မြင်ရလေ့ရှိပါတယ်။
အချို့မိန်းကလေးတွေကို ပြည့်တန်ဆာခေါင်းတွေက ထိန်းချုပ်ထားတာကို မြင်တွေခဲ့ရပါတယ်။
ကမ္ဘာအေးဘုရားလမ်း အင်းယားကန်ဘောင်အနီးက အမျိုးသမီးငယ်တွေကို အသက် ၅၀ ကျော် အမျိုးသမီးကြီးတဦးက ထမင်းချိုင့်နဲ့ ထိုင်စောင့်ကာ ထိန်းချုပ်ထားပြီး လာခေါ်မယ့်သူဟာ ဒီအမျိုး သမီးကို ငွေကြေးပေးပြီးမှ ခေါ်ယူခွင့်ရှိတာပါ။
သူတို့နဲ့ ပျော်ပါးမယ့်အမျိုးသားတွေဖက်က တနာရီ တဆက်ရှင် ပျော်ပါးပါက ခုနှစ်သောင်းကျပ် သတ်မှတ်ထားပြီး ပြည်တန်ဆာခေါင်းက လေးသောင်းကျပ်နဲ့ ပြည့်တန်ဆာအဖြစ် ပျော်ပါးပေးသူတွေက သုံးသောင်းကျပ် ရနေတာလို့ အဲဒီနေရာမှာ လုပ်ကိုင်သူအချို့က ပြောပါတယ်။
"နေစရာပေးတာရော ရဲကြေးပေးတာကအစ သူတို့စီစဥ်ပေးတယ်။ အခြားသူတွေထက်စာရင် နေစရာ စားစရာမပူရတာတော့ရှိပေမယ့် အပိုရတဲ့ပိုက်ဆံက ကိုယ်ရနေတော့တော်သေးတယ်လို့ ပြောရမယ် ။ ဖမ်းမယ့်နေ့မျိုး လူကြီးလမ်းကြောင်းရှိတဲ့ ရက်တွေဆို မလာရဘူး" လို့ မြကျွန်းသာအနီးက ပြည့်တန်ဆာ တဦးက ပြောပါတယ်။
ကမ္ဘာအေးဘုရာလမ်း အင်းယားကန်ဘောင်တလျောက်မှာ ကျင်လည်နေရတဲ့ ပြည့်တန်ဆာတွေ ဟာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲအချို့ကို အခကြေးငွေမရဘဲ အလိုရှိတိုင်းခေါ်ဆောင်တာကို ခံနေရသလို အမူလိုလို့ဖမ်းဆီးတာမျိုးတွေနဲ့ ကြုံနေရတယ်လို့ သူတို့ကပြောပြကြပါတယ်။
မခိုင်တို့လို ခန္ဓာကိုယ်ရင်းပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေရသူတွေအတွက်တော့ စားဝတ်နေရေး အတွက် ရုန်းကန်နေရသလို၊ လုံခြုံရေးလည်းစိုးရိမ်ရတဲ့၊အနေထားနဲ့ ကြုံနေရတာပါ။
"ကျမကို ရဲတွေလက်ထိပ်ခတ်ပြီး အကြမ်းဖက်တာနှစ်ကြိမ်ခံခဲ့ရဖူးတယ်။ ဖမ်းခံရတာမျိုးတော့ မရှိသေးဘူး။ အခြားသူတွေတော့ အမူလိုလို့ဖမ်းခံရဖူးကြတယ်။ ကျမက သူတို့လာရင် တန်းပြေးတာ"လို့ တိုးတိုးက ပြောပါတယ်။
ပြည့်တန်ဆာ အမျိုးသမီးတွေဟာ ရဲတွေရဲ့ အမူလိုတဲ့အခါ ဖမ်းဆီးခံရ၊ အကြမ်ဖက် အဓမ္မကျင့်တာ ခံရတာနဲ့ ကြုံနေရတာကြောင့် ရင်တထိတ်ထိတ်နဲ့ သတိထားနေရတယ်လို့ ဆိုပါတယ်။
ညမှောင်ချိန်ရောက်ပြီဆိုရင် မင်္ဂလာစျေးဘက်အခြမ်းကနေ မခိုင်တို့ရှိရာ ကန်တော်ကြီးဖက်ကို လာတဲ့ ၃....နံပါတ်နဲ့စတဲ့ ကားဝင်လာရင် သူတို့ဟာကြောက်လန့်တကြားနဲ့ လွတ်ရာနေရာကို ပြေးဖို့အပေါက်ရှာ ကြရပါတယ်။
ဒီကားပေါ်မှာ အရပ်ဝတ်စုံ ဝတ်ထားတဲ့ ရဲတွေ ပါလာတတ်တာကြောင့်ဖမ်းမိရင် ရဲတွေရဲ့ စိတ်ကြိုက် လုပ်တာခံနေရတဲ့ ဘဝမို့ ငြင်းဆန်ခွင့်မရကြဘူးလို့ ပြောပါတယ်။
"မပြေးလို့လည်း မရဘူးလေ။ လက်ထိပ်နဲ့ခတ်ပြီးတခါတည်းခေါ်တာ။ လွတ်အောင်ကို ရှောင်ရတာ။ ဆန္ဒမပြည့်မချင်းလုပ်တယ်။ ပြီးရင်ဖမ်းပြီးထောင်ချတာလည်း ရှိနေတော့ လွတ်အောင်ပြေးရတာပဲ။ တခါတလေ ည ၁၁ နာရီကျော်အထိသူတို့နဲ့နေပေးရတယ် "လို့ မခိုင်က ကားလမ်းမဖက်ကနေ သူရှိရာ နေရာဖက်ကိုမောင်းလာတဲ့ ကားတစီးကို ကြောက်ရွံ့ စိုးရိမ်တဲ့ဟန်နဲ့ ကြည့်လိုက်ပါတယ်။
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၃ ရက် က