bap-logo
Politics

စစ်တပ်ဒရုန်းနဲ့ဗုံးကြဲလို့ ၂ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

oih-n4EmDvUeZpdAmxXas-image

လွန်ခဲ့သော ၂၃ ရက် က

 

BAP၊ ဒီဇင်ဘာ ၃။

 

ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာမှာ မိသားစုဝင် သုံးဦးပြောင်းခြံထဲမှာ ပြောင်းချိုးနေစဉ် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၂ နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

မနေ့က ဒီဇင်ဘာ၂ ရက် မနက် ၁၀ နာရီအချိန်က ဖြစ်ခဲ့တာဖြစ်ပြီး သားအမိနှစ်ဦးစလုံး နေရာမှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

"နေရာတိုင်းကြောက်နေရတယ်၊ စားဝတ်နေရေးကရှိသေးတော့ ခြံမသွားမဖြစ်သွားရတယ် လမ်းမှာလည်း မှားပစ်ခံရမှာကြောက်နဲ့ ဘယ်နေရာမှ မလုံခြူံတော့ဘူး "လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဆီဆိုင်မြို့နယ်ထဲက နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်တာ ၊ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLAက ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့လို့ ကျောင်းထိုင် ဆရာတော်တပါး ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် နှစ်ပါး ပြင်းထန် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ခဲ့ပါသေးတယ်။

 

လက်ရှိမှာ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

 

Burma Associated Press

 

မိခင်
ဆီဆိုင်မြို့
ဒရုန်း
စစ်ကောင်စီ
သေဆုံးခဲ့

Share With
bap-logo