Editorial
မမေ့မလျော့ မပေါ့ မဆ
လွန်ခဲ့သော ၂ နှစ် က
စစ်ကောင်စီအား ဆန့်ကျင်အံတုနေသော ခုခံတွန်းလှန်စစ်များသည် ရှမ်းမြောက်၊ စစ်ကိုင်းနှင့် ကရင်နီ(ကယား)တို့ တွင် အရှိန်ကောင်းစွာ ဆက်လက်ဖြစ်ပေါ်နေသည်။ စစ်ကောင်စီ၏စခန်းများနှင့် မြို့အချို့ကို တော်လှန်ရေးအင် အားစုများက အောင်မြင်စွာဖြင့် သိမ်းပိုက်နိုင်လာသည်။ စစ်ကောင်စီတပ်သားများ ကျဆုံးခြင်း၊ လက်နက်ချခြင်း နှင့် စခန်းစွန့်ခွာ ထွက်ပြေးခြင်းများလည်း ရှိနေသည်။
ထိုသို့အခြေအနေများကြောင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အမည်ခံယာယီသမ္မတ မြင့်ဆွေကို ဦး တည်၍ ကာလုံအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။ ယင်းအစည်းအဝေးတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များ၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် နယ်မြေလိုလားခြင်းနှင့် ဩဇာထူထောင်လိုခြင်းကြောင့်ဟူသော လိုရာဆွဲ ပြောသည့် စကားရပ်များကိုအသုံးပြု၍ နိုင်ငံတော် ပြိုကွဲတော့မည့်အခြေအနေများအဖြစ် ဖော်ပြလာသည်ကို တွေ့ ရသည်။
ကာလုံအစည်းအဝေး၏ နောက်ဆက်တွဲအဖြစ် စစ်ကောင်စီတပ်ကို ထောက်ခံသော မီဒီယာအမည်ခံ အုပ်စု များနှင့် လော်ဘီအုပ်စုများသည် လက်နက်ကိုင်တော်လှန်ရေးအုပ်စုများကို ပြင်းထန်စွာ အမြစ်ပြတ် တိုက်ခိုက် ခြေမှုန်းပစ်ရန် တိုက်တွန်းနေသည်ကို တွေ့ရသည်။ သတင်းတု၊ သတင်းမှားနှင့် ဝါဒဖြန့်ချိရေးအကြောင်းအရာ များကို လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ဖြန့်ဖြူးခြင်းဖြင့်လည်း သတင်းအချက်အလက်စစ်ပွဲတစ်ရပ် ဆင်နွှဲနေသည်ကိုလည်း တွေ့ရသည်။
ထိုသို့ သတင်းအချက်အလက်အား လက်နက်သဖွယ်အသုံးပြု၍ အများပြည်သူကြားဝေဝါးသွားစေရန် ပြုလုပ် ကြရာတွင် အမုန်းစကားထုတ်လွှင့်ခြင်းများဖြင့် အန္တရယ်ရှိသောအခြေအနေတစ်ရပ်သို့ ရောက်အောင် တွန်းပို့ နေသည်ကို တွေ့ရ၏။
စစ်ကောင်စီထောက်ခံသူများ၏ ထုတ်လွှင့်ချက်များ၌ စစ်ကိုင်းဒေသအတွင်း KIA ၏ အကူအညီဖြင့် ဗမာအချင်း ချင်း သတ်ဖြတ်နေကြောင်း၊ ရှမ်းမြောက်တွင်လည်း ရှမ်းတိုင်းရင်းသားများအပေါ် တိုက်ခိုက်နေခြင်းကို SSPP ကဲ့သို့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များက ထိုင်ကြည့်နေကြောင်း၊ PDF များသည် NLD နှင့် NUG လက်အောက်ခံ အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ယင်းတို့အား အမြစ်ပြတ်မချေမှုန်းပါက တိုင်းပြည်ပြိုကွဲ မည် ဖြစ်ကြောင်း စသဖြင့် ပါဝင်သည်။ အထူးသဖြင့် ဗမာများနှင့် အခြားသောလူမျိုးစုများကို ခွဲခြားပြောဆို၍ ဝါဒဖြန့်လှုံ့ဆော်ကြသည်ကို တွေ့ရ၏။
ယင်း၏ နောက်ဆက်တွဲများအဖြစ် စစ်ကောင်စီအား ထောက်ခံသော အုပ်စုများသည် အကြမ်းဖက်သမားများ အား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်သည့်ပွဲများကို နေပြည်တော်တွင် နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ရှမ်းမြောက်ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်အဖွဲ့များကို အကြမ်းဖက်သမားများဟု အမည်တပ် သမုတ်လာသည်ကို တွေ့ရသည်။ ထို့အတူ နိုဝင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။
ထိုသို့အခြေအနေများသည် ပြည်သူ၏ထောက်ခံမှုမရသော၊ ခုခံတွန်းလှန်စစ်ပွဲများတွင်အထိနာနေသော စစ် ကောင်စီ၏ ပရိယာယ်များဖြစ်ကြောင်း သတိမူသင့်ပါသည်။ ဤသို့သောဝါဒဖြန့် လုပ်ရပ်များသည် စစ်အုပ်စုနှင့် ယင်းအပေါင်းအပါများ၏ လုပ်ရိုးလုပ်စဉ်များဖြစ်သော်လည်း သတိလက်လွတ်မထားသင့်ပါ။
ခုခံတွန်းလှန်စစ်ဆင်နွှဲနေကြသော အင်အားစုများနှင့် ထောက်ခံအားပေးသူများကလည်း မိမိတို့၏ရရှိလာသော စစ်ရေးအောင်ပွဲများအပေါ် ဝမ်းမြောက်ဂုဏ်ယူကြသည့်နည်းတူ စစ်အုပ်စု၏ ခြေလှမ်းများနှင့် လှုပ်ရှားမှုများ အပေါ် မျက်ခြေမပြတ်သင့်ပါ။ အမုန်းစကားနှင့် သတင်းအချက်များအား လက်နက်သဖွယ်အသုံးပြု၍ အချင်းချင်းအကြား သွေးကွဲစေရန် အားထုတ်နေခြင်းများကို သတိမူသင့်ပါသည်။ လိုအပ်သောဖြေရှင်းချက် များနှင့် ပြန်လည်ကုစားခြင်းများကိုလည်း အရေးတယူဆောင်ရွက်သင့်ပါသည်။
နွေဦးတော်လှန်ရေးဆင်နွှဲရခြင်းသည် ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်တည်ဆောင်ရန်ဖြစ်၍ တော်လှန်ရေးအင်အား စုများသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီ နည်းနာစံနှုန်းများကို အလေးအနက်ထား လေးစားလိုက်နာသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။