bap-logo
Editorial

လှိုင်းတို့၏ အားကောင်းသော လားရာ

31iDcILKWm_CkOJevzpDB-image

လွန်ခဲ့သော ၂ နှစ် က

စစ်ဆင်ရေး ၁၀၂၇ သည် အရှိန်အဟုန်ကောင်းစွာ ဆက်ရွေ့နေပြီး စစ်တပ်၏ စခန်းများနှင့် မြို့အချို့ကို သိမ်းထား နိုင်ခဲ့သည်။ ရှမ်းမြောက်ဒေသတစ်ခုတည်းတွင် တိုက်ပွဲများရှိနေသည် မဟုတ်ဘဲ ကချင်၊ စစ်ကိုင်း၊ မန္တလေးနှင့် ကရင် အစရှိသည့်ဒေသများတွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

 

ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အခြားသော မဟာမိတ်လက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့က ကန့်ကွက်ခြင်း မရှိပါဘဲ ချိန်ကိုက် ဟန်ချက်ညီ လှုပ်ရှားမှုများဖြစ်လာစေရန် စီမံနေကြသည် ကိုလည်း မြင်တွေ့ရသည်။

 

တစ်ဖက်တွင် စစ်ကောင်စီတပ်များသည် ထိုသို့တိုက်ခိုက်ခံရခြင်းများကြောင့် အထိနာလျက်ရှိသည်။ လက်နက်ချ ခြင်းနှင့် ထွက်ပြေးခြင်းရှိသည်အထိ စစ်တပ်၏ အရေးသည် အလွန်နိမ့်ပါးနေသည်။ နိုင်ငံရေးထွက်ပေါက်အဖြစ် ယင်းတို့လမ်းခင်းထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်‌စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း သည်လည်း ယင်းတို့အတွက် ထွက်လမ်းတစ်ခု မဖြစ်တော့ပါ။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေး ထိုးထားသည့် လက်နက် ကိုင် အဖွဲ့များရှိနေသလို ရေးထိုးထားခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိသည်။ လက်မှတ်ရေး ထိုးထားပြီး ဆက်လက်ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ပျက်ပြယ်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောထားသည့် အဖွဲ့များလည်း ရှိနေသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်သော မဟာမိတ်အဖွဲ့သည် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးထားခြင်းမရှိပါ။

 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တစ်နိုင်ငံပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့်ပတ် သက်တဲ့ မူဝါဒကို အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်၏ အပိုဒ်(၁၀)သည် နွေဦးတော်လှန်ရေးနှင့် အများပြည်သူ၏ လိုလားချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အဓိက ကျသော အချက်တစ်ချက်လည်း ဖြစ်သည်။

 

တနည်းအားဖြင့် ဆိုရသော် စစ်ရေးအရနည်းလမ်းဖြင့် အဖြေရှာပြီးသည့်နောက် နိုင်ငံရေးနည်းလမ်းအရ ရှေ့ဆက် ရမည် အချက်တစ်ချက်လည်းဖြစ်သည်။ ထို့အပြင် ယင်းအချက်(၁၀) အပိုဒ်ခွဲ()တွင် ဖော်ပြထားသည့် "စစ် တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိစေရဟူသော မူနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့အားလုံးသည် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရမည်ဟူသော မူတို့ကိုအခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ပေါ်ပေါက်ရေးကို ဦးတည်သည့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရမည်" ဆိုသောအချက်သည် အလွန် ကောင်းမွန်မှန်ကန်သော အချက်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံအခြေအနေအရ သတိကြီးစွာဖြင့် ကိုင်တွယ်ရမည့် ကိစ္စလည်းဖြစ်သည်။

 

ထို့အတွက် အခြေခံသတိထားရမည်က လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာရခြင်း အကြောင်းအရင်းနှင့် ယင်းတို့ အဓိကကျသော လိုလားချက်ဖြစ်သည်။ ယင်းလိုလားချက်များကို ရှေ့တန်းတင်ဦးစားပေးပါမှ ထိုအချက်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များကို စုစည်းနိုင်မည်။

 

ထို့အပြင် တန်းတူခြင်း၊ သာတူညီမျှခြင်းနှင့် သမိုင်းကြောင်းတစ်လျှောက်ရှိခဲ့သော အပြစ်အနာအဆာ ဟောင်း များကိုပါ ခဝါချနိုင်ရမည်။ အနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့် မျိုးဆက်သစ်များအား စနစ်ကောင်းအမွေပေး နိုင်ရေး အလေးထားသင့်သည်။

 

ထိုသို့သော အကြောင်းအရာကိစ္စအသီးသီးအတွက် ပြည်သူက အာဏာအပ်နှင်းခြင်းခံထားရသော အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)သည် စာရွက်ပေါ်တွင် ထုတ်ပြန်သော သဘောထားထက် လက်တွေ့ကျသော ပကတိလုပ် ဆောင်မှုများကို ပို၍အလေးထားဆောင်ရွက်သင့်ပေသည်။

 

ယင်းသို့ဆောင်ရွက်ခြင်းသည် စစ်အာဏာရှင်အမြစ်ပြုတ်ရေး တိုက်စားချေဖျက်မှုကို ပို၍အားကောင်းစေသော နွေဦးတော်လှန်ရေးလှိုင်းလုံးများအတွက် ထိရောက်သည့် အထောက်အပံ့ဖြစ်ခြင်းအား မမေ့အပ်ကြောင်း တိုက်တွန်း ရပါသည်။

 

Burma Associated Press

စစ်ကောင်စီ
စစ်တပ်
အမျိုးသားညီညွတ်ရေးအစိုးရ
နွေဦးတော်လှန်ရေး
ပြည်သူ့ကာကွယ်ရေးတပ်မတော်
၁၀၂၇ စစ်ဆင်ရေး
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်

Share With
bap-logo