bap-logo
Politics

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေက ဖိအားပေးအလုပ်လုပ်ခိုင်း

oda2t-GhkocTNF1D_SMTx-image

လွန်ခဲ့သော တစ်နှစ် က

 

သာယာဝတီဖေဖော်ဝါရီ ၂၅။

 

ပဲခူးတိုင်း၊ သာယာဝတီထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဖိအားပေး အလုပ်လုပ်ခိုင်းနေပြီး အလုပ်မလုပ်တဲ့သူတွေဆီကငွေညှစ်‌တောင်း ခံမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။

 

"ကျွန်တော်တို့စနှစ်တကျစာရင်းပြုစုထားတယ်၊ သာယာဝတီထောင်အာဏာပိုင်ကအဆိုးဆုံးမို့ သူ့ကို အရေးယူ ဆောင်ရွက်ရမယ့်အထဲမှာ ထည့်သွင်းထားတယ်ဆိုတာကို တခါထဲအသိပေးလို ပါတယ်" ဆိုပြီး (PPNM)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။

 

အကျဉ်းထောင်ကခိုင်းတဲ့ အလုပ်ဘုတ်တွေကို မလုပ်လိုပါက ထောင်အာဏာပိုင်တွေထံ မိသားစုဝင်တွေ ကတဆင့် မြန်မာငွေ ၅ သိန်းကျပ်ကနေ ၁၀ သိန်း အထိ ပေးဆောင်နေရပြီး လောလောဆယ် မိသားစု ၁၀ ဦးဆီကတောင်းခံနေတာကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

 

အကျဉ်းထောင်တွေအတွင်း အကျဉ်းသားတွေအတွက် အိမ်သာသန့်ရှင်းရေးဘုတ်၊ တောင်ယာဘုတ်၊ ရေချိုးကန်ဘုတ်၊ ထမင်းချက်ဖိုကြီးဘုတ် အပါအဝင် အလုပ်ဘုတ်များစွာရှိနေပြီး လက်ရှိကာလအထိ နိုင်ငံရေးအကျဉ်းသားတွေကို ဖိအားပေးပြီး အဆိုပါ အလုပ်ဘုတ်တွေကို အတင်းအဓမ္မ ခိုင်းစေမှုများရှိတယ်လို့ ဆိုပါတယ်။

 

လက်ရှိ သာယာဝတီထောင်မှာ ထောင်ပိုင် ရဲရင့်နိုင်ဆိုသူ အုပ်ချုပ်နေပြီး ဦးစီးအရာရှိ သန်းဝင်း၊ ဦးစီးအရာရှိ ကျော်လှိုင်မိုးနဲ့ လက်ထောက်ကြည့်ကြပ်ရေးမှုး ချမ်းသာတို့ ပူးပေါင်းကာ ငွေကြေးကောက်ခံနေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အသိပေးထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း သာယာဝတီ အကျဉ်းထောင်မှာ အာဇာနည်နေ့ လှုပ်ရှားမှု‌ကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး၊ အကျဉ်းသား ၁၆ ဦး စုစုပေါင်း ၃၁ဦး ညှင်းပန်းနှိပ်စက်ခံ​ခဲ့ရဖူးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆီသိရပါတယ်။

 

ပုံစာ- ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင် (ဓာတ်ပုံ - လူမှုကွန်ရက် )

Burma Associated Press

ပဲခူး
သာယာဝတီထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo