bap-logo
Politics

မြန်မာနိုင်ငံမှ နျူကလီးယားကုန်ကြမ်းများ တရားမဝင်ကုန်သွယ်မှုဖြင့် ဂျပန်ရာဇဝတ်ခေါင်းဆောင်ကို အမေရိကန် စွဲချက်တင်

U64B8Y4fLFDIGQClmkj0A-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနိုင်ငံမှ နျူကလီးယားကုန်ကြမ်းများကို အီရန်နိုင်ငံ၏ နျူကလီးယားလက်နက်များတွင် အသုံးပြုရန် ကုန်သွယ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ဂျပန် ရာဇဝတ်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ကို အမေရိကန်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု တရားရေးဌာနက ပြောသည်။

 

မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် နျူကလီးယားကုန်ကြမ်းများ ကွန်သွယ်ခဲ့ကြသည့် အသက် ၆၀ အရွယ်ရှိ Takeshi Ebisawa နှင့် ပူးတွဲစွပ်စွဲခံရသူ အသက် ၆၁ နှစ် အရွယ်ရှိ Somphop Singhasiri တို့သည် "အီရန်မှ နျူကလီးယား လက်နက်များတွင် အသုံးပြုမည်ဟု အပြည့်အဝမျှော်လင့်ရသည့် ယူရေနီယံနှင့် လက်နက်အဆင့် ပလူတိုနီယံတို့ကို ကမ်းလှမ်းခဲ့သည်။” ဟု မူးယစ်ဆေးဝါး နှိမ်နင်းမှု ကြီးကြပ်ရေးအဖွဲ့ အကြီးအကဲ Anne Milgram က ပြောသည်။

 

နှစ်ဦးလုံးကို ထိန်းသိမ်းထားရန် ညွှန်ကြားထားကြောင်း တရားရေးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

 

Ebisawa သည် မြန်မာနိုင်ငံမှ လက်နက်အဆင့် နျူကလီးယားကုန်ကြမ်းများနှင့် ပြင်းထန်သော မူးယစ်ဆေးဝါးများကို ရောင်းချရန်၊ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် လက်နက်ကိုင်အဖွဲ့ တစ်ခုကိုယ်စားပြု ပူးပေါင်းကြံစည်မှုဖြင့် စွဲဆိုခံခဲ့ရသည်ဟု လက်ထောက် ရှေ့နေချုပ် Matthew Olsen က ပြောသည်။

 

ဒီကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်သွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို စဉ်းစားပုံဖော်ကြည့်ရတာ ခြောက်ခြားတုန်လှုပ်စရာပါ။” ဟု Olsen က ပြောသည်။

 

၎င်းဂျပန်လူမျိုးနှစ်ဦးကို ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လက်နက်ကိုင် ကျူးလွန်မှုများဖြင့် တရားစွဲဆိုခံထားရသည်။ စွဲဆိုမှုအသစ်များကို အစားထိုးစွဲဆိုချက်တွင် ထည့်သွင်းထားခြင်းဖြစ်သည်။

 

ကိုးကား - Reuters

 

ပုံစာ - ဖေဖော်ဝါရီလ ၃ ရက် ၂၀၂၁ ခုနှစ် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုတွင် သတင်းပေးတစ်ဦး၊ အသွင်ယူ ဒိန်းမတ်ရဲအရာရှိနှစ်ဦးတို့နှင့် တွေ့ဆုံစဉ် ဒုံးလက်နက်ကိုင်ဆောင်၍ ဟန်ရေးပြနေသည့် Takeshi Ebisawa ကို မူးယစ်ဆေးဝါးနှိမ်နင်မှု ကြီးကြပ်ရေးအဖွဲ့၏ ရာဇဝတ်မှုစွဲဆိုချက်ဓာတ်ပုံများတွင် တွေ့ရစဉ်။ (Photo: U.S. Magistrate Judge/Southern District of New York/Handout via REUTERS/File Photo)

 

နျူကလီးယား
မြန်မာ
Takeshi Ebisawa

Share With
bap-logo