Politics
နျူကလီးယားမူဝါဒ အပြောင်းအလဲက အနောက်နိုင်ငံများကို သတိပေး အချက်ပြခြင်းဟု ရုရှားပြော
လွန်ခဲ့သော ၂ လ က
BAP၊ ဘာသာပြန်။
သမ္မတ ဗလာဒီမာ ပူတင် ဖွင့်ဆိုသည့် ရုရှားနျူကလီးယားလက်နက် မူဝါဒ အပြောင်းအလဲသည် ရုရှားကို တိုက်ခိုက်ရာတွင် အနောက်နိုင်ငံများပါဝင်လာပါက ၎င်းတို့အတွက် နောက်ဆက်တွဲအကျိုးဆက်များ ရှိလာမည်ဟု အချက်ပြခြင်းဟု ကြာသပတေးနေ့က ပြောသည်။
ရုရှားနိုင်ငံကို (နျူကလီးယား၊ ဇီဝနှင့် ဓာတုဒုံးကျည်လက်နက်များ မပါဝင်သော) သမားရိုးကျဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပါက ရုရှားနိုင်ငံက နျူကလီးယားလက်နက်များ အသုံးပြုသွားနိုင်ကြောင်း၊ ရုရှားနိုင်ငံကို တိုက်ခိုက်မှုတွင် နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံတစ်ခု ပါဝင်လျှင် ပူးပေါင်းတိုက်ခိုက်မှုဟု ယူဆသွားမည် ဖြစ်ကြောင်း ဟု ပူတင်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
ယူကရိန်းကို ရုရှားနိုင်ငံအတွင်းသို့ သမားရိုးကျ အနောက်တိုင်း ဒုံးကျည်များ ပစ်ခတ်ခွင့် ပေးရေး၊ မပေးရေး အမေရိကန်နှင့် ဗြိတိန်တို့၏ ကာလရှည်ကြာ စဉ်းစားသုံးသပ်မှုကို ရုရှား၏ တရားဝင် နျူကလီးယား မူဝါဒ အပြောင်းအလဲ ဆုံးဖြတ်ချက်ဖြင့် ရုရှားအစိုးရက တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ၎င်းပြင်ဆင်ပြောင်းလဲမှုကို "နိုင်ငံတော်၏ နျူကလီးယား အဟန့်အတား နယ်ပယ်ဆိုင်ရာ အခြေခံ မူဝါဒများ” ဖော်ထုတ်ချမှတ်လိုက်သည်ဟု ပြောသည်။
သတင်းထောက်များက ၎င်းအပြောင်းအလဲသည် အနောက်နိုင်ငံများကိ အချက်ပြခြင်းဖြစ်ပါသလားဟု မေးမြန်းရာ Peskov က "သေချာပေါက် အချက်ပြတယ်လို့ ယူဆနိုင်ပါတယ်။” ဟု ပြောသည်။
“အဲဒီနိုင်ငံတွေ ကျွန်တော်တို့နိုင်ငံကို နျူကလီးယားနဲ့မှလို့ မဆိုလိုဘဲ ဘယ်လိုနည်းနဲ့မဆို တိုက်ခိုက်လာရင် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိတယ်ဆိုတာ သတိပေးတဲ့ အချက်ပြမှုတစ်ခုပါပဲ။” ဟု Pekskov က ပြောသည်။
၎င်းက ကမ္ဘာကြီးသည် "မကြုံစဖူး ထိပ်တိုက်တွေ့မှု” ကို မျက်မြင်ကြုံတွေ့နေရကြောင်း၊ ယူကရိန်းနိုင်ငံတွင် "နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံများအပါအဝင် အနောက်နိုင်ငံများ၏ တိုက်ရိုက်ပါဝင်မူဖြင့်” ရန်စလာခြင်း ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရာထူးမှ ထွက်ခွာတော့မည့် နေတိုး အထွေထွေ အတွင်းရေးမှူး Jens Stoltenberg က ရုရှားအစိုးရသည် မဟာမိတ်အဖွဲ့ဝင်များကို ခြိမ်းခြောက်ရန် ကြိုးပမ်းနေသည်ဟု ပြောသည်။
“ရုရှားရဲ့ နျူကလီးယား အပြောအဆိုက အန္တရယ်ရှိပြီး အဆင်ခြင်မဲ့ပါတယ်။” ဟု နိုင်ငံခြား ဆက်ဆံရေး ကောင်စီတွင် Stoltenberg က ပြောသည်။ "ရုရှားဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့ အနီးကပ်စောင့်ကြည့် နေပါတယ်။”
နျူကလီးယား စာရွက်စာတမ်းများ ထုတ်ပြန်ခြင်း ပြု၊ မပြု ဆုံးဖြတ်ချက်ကို နောက်ရက်များတွင် ပြုလုပ်သွားမည်ဟု Peskov က ပြောသည်။
ရုရှား၏ လက်ရှိ နျူကလီးယားမူဝါဒမှ ၂၀၂၀ ခုနှစ်တွင် ပူတင်မှ တရားဝင်အမိန့်ပေးထုတ်ပြန်ထားခြင်းဖြစ်ပြီး ရန်သူ၏ နျူကလီးယား တိုက်ခိုက်မှု ကြုံရလျှင်ဖြစ်စေ၊ နိုင်ငံတည်မြဲရေးအတွက် ခြိမ်းခြောက်လာသော သမားရိုးကျတိုက်ခိုက်မှု ကြုံရလျှင်ဖြစ်စေ ရုရှားသည် နျူကလီးယားလက်နက်အသုံးပြုကောင်းပြုနိုင်သည်ဟု ပါရှိသည်။
အပြောင်းအလဲတွင် ဆိုဗီယက်အလွန် နျူကလီးယားစမ်းသပ်မှု ဆိုင်းငံ့ထားခြင်းကို ပယ်ချရန် ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းရာ Peskov က ဗုဒ္ဓဟူးနေ့ အစည်းအဝေးသည် ထိပ်တန်းလျှို့ဝှက်ဖြစ်သောကြောင့် ၎င်းမဖြေဆိုနိုင်ဟု ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပူတင်၏ မှတ်ချက်ကို "လုံးဝ တာဝန်မဲ့ခြင်း” ဟု ခေါ်ဆိုလိုက်သည်။
“အရင်က တရုတ်နိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံ အများအပြားက သူနျူကလီးယားလက်နက်ကိုင် လှုပ်နေတာနဲ့ ပတ်သတ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။” ဟု MSNBC နှင့် ကြာသပတေးနေ့ တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ပြောသည်။
ကိုးကား - Reuters
ပုံစာ - မေလ ၉ ရက် ၂၀၂၂ ခုနှစ်တွင် ကျင်းပသော ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အောင်ပွဲရမှု ၇၇ ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားမှ ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် ချီတက်လာသော BTR-82A သံချပ်ကာယာဉ်နှင့် Yars တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ်များ။ REUTERS/Evgenia Novozhenina/File Photo
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၃ ရက် က