bap-logo
Politics

တရုတ်နိုင်ငံ၏ ခနောက်စိမ်းတင်ပို့မှု စိစစ်လျော့ချရခြင်း အကြောင်းရင်း

Hy5mn1QOG10Hng9NR9soN-image

လွန်ခဲ့သော တစ်လ က

 

အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံက စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ခနောက်စိမ်းထုတ်ကုန်အချို့ ပြည်ပတင်ပို့မှုကို ထိန်းချုပ် လျော့ချရေး ချမှတ်ပြဋ္ဌာန်းသွားမည်ဟု ကြာသပတေးနေ့က ထုတ်ပြန်သည်။

 

တရုတ်အစိုးရ၏ ပြီးခဲ့သည့်နှစ် မဟာဗျူဟာမြောက် တွင်းထွက်သတ္တုများ တင်ပို့မှု စိစစ်လျော့ချမှုတွင် ထပ်တိုး ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

 

ခနောက်စိမ်းဆိုသည်မှာ ခဲရောင် ပြောင်လက်သည့် တပိုင်းသတ္တုဖြစ်ကာ ရှေးခေတ်ကပင် ဆေးဝါးများနှင့် အလှကုန်များတွင် အသုံးပြုခဲ့ကြသည်။

 

ယနေ့ခေတ် အသုံးတွင်ကျယ်ပုံမှာ မီးတောက်နှင့် မီးကူးစက်မှု လျော့ချရာတွင် ဖြစ်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာအဝှမ်း အသုံးပြုမှု၏ တစ်ဝက်ခန့်မှာ ၎င်းကဏ္ဍတွင် အသုံးပြုခဲ့သည်ဟု အကျိုးဆောင်အဖွဲ့အစည်း CICC ထံမှ သိရသည်။

 

တစ်ချိန်တည်းတွင်ပင် ခနောက်စိမ်းအသုံးပြုမှု ငါးပုံ တစ်ပုံမှာ နေရောင်ခြည်ခံ အပြားများ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရန် အလင်းမှ လျှပ်စစ်ထုတ်လုပ်သည့် ဖန်ထည်များပြုလုပ်ရာတွင် အသုံးပြုကြသည်။ ကျန်အသုံးပြုပုံ အများစုမှာ ခဲ-အက်ဆစ် ဘက်ထရီများတွင် အသုံးပြုကြသည်။

 

ခနောက်စိမ်းကို ရွှေတူးရာမှလည်း ဘေးထွက်ပစ္စည်းအဖြစ် ရရှိနိုင်ပြီး ခဲ-အက်ဆစ် ဘက်ထရီများကို ပြန်လည်ပြုပြင်ခြင်းဖြင့်လည်း ရရှိနိုင်သည်။

 

 

အနီအောက်ရောင်ခြည်သုံး ဒုံးကျည်များ၊ အဏုမြူလက်နက်များနှင့် ညကြည့် မျက်မှန်များတွင် အသုံးပြုရခြင်း၊ ကျည်ဆန်များနှင့် တင့်ကားများအတွက် မာကျောစေသည့် ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုရခြင်းစသည့် စစ်ဘက်ဆိုင်ရာ ကိရိယာများတွင်လည်း အသုံးပြုရသည့်အတွက် ခနောက်စိမ်းသည် မဟာဗျူဟာမြောက်တွင်းထွက် ဖြစ်လာသည်။

 

အများအားဖြင့် တူးဖော်ကြသည်မှာ stibnite ဟု ခေါ်သည့် သတ္တုရိုင်းဖြစ်ပြီး ၎င်းတွင် ခနောက်စိမ်းနှင့် ကန့် ပါဝင်သည်။ ခနောက်စိမ်းကို ရွှေတူးရာမှလည်း ဘေးထွက်ပစ္စည်းအဖြစ် ရရှိနိုင်ပြီး ခဲ-အက်ဆစ် ဘက်ထရီများကို ပြန်လည်ပြုပြင်ခြင်းဖြင့်လည်း ရရှိနိုင်သည်။

 

တရုတ်နိုင်ငံ၏ အသစ်ချမှတ်လိုက်သော ခနောက်စိမ်းထုတ်ကုန် ကန့်သတ်ချက်တွင် သတ္တုရိုင်း၊ သတ္တုချောင်း၊ အောက်ဆီဂျင် ဒြပ်ပေါင်းတို့ ပါဝင်သည်။

 

တင်ပို့သူများသည် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများအတွက် လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ၎င်းလျှောက်ထားသည့် လုပ်ငန်းစဉ်မှာ နှစ်လမှ သုံးလအထိ ကြာမြင့်လေ့ ရှိသည်။

 

စည်းမျဉ်းစည်းကမ်းများတွင် ရွှေ-ခနောက်စိမ်း အရည်ကြိုခြင်း၊ ခွဲထုတ်သန့်စင်ခြင်း နည်းပညာကို ခွင့်ပြုခြင်း မရှိဘဲ တင်ပို့မှု မပြုလုပ်ရန်လည်း ပါဝင်သည်။

 

ပမာဏကို ကန့်သတ်ခြင်းမရှိသော်လည်း ပြီးခဲ့သည့် စိစစ်ကန့်သတ်ချက်များအရ ကန့်သတ်ချက်များ အသက်ဝင်လာပြီးလျှင် ခနောက်စိမ်း တင်ပို့မှု ကျဆင်းသွားဖွယ်ရှိသည်။

 

တရုတ်နိုင်ငံသည် ဂဲလီယမ် (ငွေ-အဖြူရောင်ရှိ သတ္တု) ဂျာမေနီယမ် (တစ်ပိုင်းလျှပ်ကူး ဒြပ်စင်)တို့ကိုလည်း ပြီးခဲ့သည်နှစ်က အလားတူ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ တရုတ်တင်ပို့သူအချို့ လိုင်စင်မရရှိကြကြောင်း၊ စည်းမျဉ်းသစ်အရ အဆုံးသတ် အသုံးပြုမည့် ရည်ရွယ်ချက်ကို နိုင်ငံရပ်ခြားမှ ဝယ်ယူသူများမှ မဖော်ပြလိုကြကြောင်း လုပ်ငန်းလုပ်ကိုင်သူ သတင်းအရင်းအမြစ်များက ပြောသည်။

 

တရုတ်နိုင်ငံသည် ခနောက်စိမ်း အများဆုံးထုတ်လုပ်သူဖြစ်သည်။ ၂၀၂၃ ခုနှစ် သတ္တုတွင်းထုတ်လုပ်မှု၏ ၄၈% ရှိပြီး တာဂျစ်ကစ္စတန် က ၂၅% နှင့် နောက်မှ လိုက်သည်ဟု အမေရိကန် ဘူမိဗေဒ စစ်ဆေးတိုင်းတာရေးအဖွဲ့ (USGS) အချက်အလက်များအရ သိရသည်။

 

တရုတ်နိုင်ငံတွင် ခနောက်စိမ်းသိုက်များမှာ Guangxi Hunan နှင့် Gansu ပြည်နယ်များတွင် အမြောက်များစုစည်းတည်ရှိသည်။

 

တရုတ်နိုင်ငံသည် ခနောက်စိမ်း သတ္တုချောင်း အကြီးဆုံး တင်ပို့သူလည်း ဖြစ်ပြီး ၎င်းတို့မှာ ၉၉% သန့်စင်မှုရှိသည်ဟု အတိုင်ပင်ခံအဖွဲ့အစည်း Project Blue က ပြောသည်။

 

 

တရုတ်နိုင်ငံသည် ခနောက်စိမ်း ထရိုင်အောက်ဆိုက် (ATO) အပါအဝင် သန့်စင်ပြီး ခနောက်စိမ်း အကြီးဆုံး ထုတ်လုပ်သူလည်း ဖြစ်သည်။ ၎င်းကို အစဉ်အလာအရ မီးတောက် ထိန်းသိမ်းလျော့ချရာတွင် အသုံးပြုကြပြီး ဆိုလာ ဖန်ထည်များ ကြည်လင်သန့်စင်ရေး အထောက်အကူပြုပစ္စည်းအဖြစ်လည်း တိုးမြှင့်သုံးစွဲလာကြသည်။

 

တရုတ်နိုင်ငံသည် ခနောက်စိမ်း သတ္တုချောင်း အကြီးဆုံး တင်ပို့သူလည်း ဖြစ်ပြီး ၎င်းတို့မှာ ၉၉% သန့်စင်မှုရှိသည်ဟု အတိုင်ပင်ခံအဖွဲ့အစည်း Project Blue က ပြောသည်။ တရုတ်နိုင်ငံတွင် ဆိုလာပြားထုတ်လုပ်မှု မြင့်တက်လာသည့်အတွက် သတ္တုချောင်းများ ဝယ်ယူသုံးစွဲမှုမှာ ပြည်တွင်းတွင်လည်း များပြားလာသည်။

 

တရုတ်နိုင်ငံမှ သတ္တုချောင်းများ အပါအဝင် အချောမသတ်ထားသည့် ခနောက်စိမ်း နှစ်အလိုက် တင်ပို့မှု ၂၀၂၄ နှစ်ဝက်တွင် ၄၅% ဖြစ်သော ၁၆၉၄ မက်ထရစ်တန်သို့ ကျဆင်းသွားသည်ဟု အကောက်ခွန် အချက်အလက်များက ဖော်ပြနေသည်။

 

ထို့အတွက် ဥရောပမှ ATO သန့်စင်ထုတ်လုပ်သူများက တာဂျစ်ကစ္စတန်၊ ဗီယက်နမ်နှင့် မြန်မာတို့မှ အစားထိုးရန် ရှာဖွေကြိုးပမ်းနေကြပြီး အမေရိကန်မှ ဝယ်ယူသူများကမူ အိန္ဒိယမှ အများစု ဝယ်ယူသည်ဟု Project Blue က ဆိုသည်။

 

တွေ့ရှိထားပြီး ခနောက်စိမ်းသိုက်များမှာ ၂၄ နှစ်စာ လိုအပ်ချက်အတွက် ရရှိနိုင်ပြီး တွေ့ရှိထားပြီး မြေရှား၊ လစ်သီယမ်နှင့် အခြားသတ္တုသိုက်များထက် များစွာ လျှော့နည်းနေကာ ငွေသတ္တုထက် အနည်းငယ်သာ ပိုသည်ဟု USGS အချက်အလက်များတွင် ဖော်ပြထားသည်။

 

တရုတ်နိုင်ငံသည် အကြီးဆုံး ခနောက်စိမ်း သတ္တုရိုင်း ထုတ်လုပ်သူဖြစ်သော်လည်း သတ္တုရိုင်းအဆင့် ကျဆင်းမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များ ပိုမို တင်းကျပ်မှုကြောင့် ၂၀၂၀ တွင် တန် ၆၁,၀၀၀ ထုတ်လုပ်ခဲ့ရာမှ ၂၀၂၃ တွင် တန် ၄၀,၀၀၀ သို့ ထုတ်လုပ်မှု လျော့ကျသွားသည်။

 

သတ္တုရိုင်းထုတ်လုပ်မှုတွင် လွှမ်းမိုးထားသော်လည်း တရုတ်နိုင်ငံသည် သန့်စင်ပြီးခနောက်စိမ်း အသားတင် တင်သွင်းသူဖြစ်ကာ ထိုင်း၊ မြန်မာ၊ ရုရှားတို့အပါအဝင် အခြားနိုင်ငံများမှ သတ္တုရိုင်းများအပေါ်တွင် မှီခိုထားသည်။

 

တစ်ချိန်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သန့်စင်ပြီး ခနောက်စိမ်း အဓိက တင်ပို့သူဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အဓိကထုတ်လုပ်သူ Poyus ကုမ္ပဏီ၏ ထုတ်လုပ်မှု ကျဆင်းခြင်းခဲ့ခြင်းကြောင့် တင်သွင်းမှ သိသာစွာ လျော့နည်းသွားသည်။ ပို့ကုန် အကောက် ခွန်များ၊ သတ္တုထုတ်ယူမှု အကောက်ခွန်များကြောင့်လည်း နိုင်ငံရပ်ခြားသို့ တင်ပို့လိုခြင်း မရှိကြပေ။

 

ခနောက်စိမ်းဈေးနှုန်းများ စံချိန်တင် မြင့်တက်နေပြီဖြစ်သည်။

 

ဇူလိုင်လကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ ၉၉.၆၅% သန့်စင်သော ခနောက်စိမ်းသည် ဥရောပ အနောက်မြောက်ပိုင်း သို့ CIF (ကုန်ကျစားရိတ်၊ အာမခံ၊ သယ်ယူရေး ကျခံမှု သဘောတူညီချက်) ကုန်သွယ်မှု တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၂၀၀၀ ဖြင့် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်ခဲ့သည်ဟု လန်ဒန်စတော့အိတ်ချိန်းအဖွဲ့ LSEG အချက်အလက်များက ဖော်ပြထားသည်။

 

တရုတ်နိုင်ငံတွင်မူ ၉၉.၉၁% သန့်စင်သော ခနောက်စိမ်းမှာ တစ်တန်လျှင် စံချိန်တင် ယွမ် ၁၆၂၅၀၀ (ဒေါ်လာ ၂၂၆၅၇) နှင့် ဗုဒ္ဓဟူးနေ့တွင် ရောင်းဝယ်ခဲ့သည်ဟု ရှန်ဟိုင်းသတ္တုအိတ်ချိန်းအချက်အလက်များအရ သိရသည်။

 

ကန့်သတ်ချက်အသစ်ကြောင့် ယခင် တရုတ်ဝယ်ယူသူဟောင်းများက ကုန်ကြမ်းသိုလှောင်မှု ပိုမိုလုပ်ဆောင်ရန် ကြိုးပမ်းခြင်းကြောင့် ဈေးနှုန်းများမှာ ယခုနှစ်တွင် တစ်တန်လျှင် နောက်ထပ် ဒေါ်လာ ၈၀၀၀ ထပ်မံ တက်လာကာ ဒေါ်လာ ၃၀,၀၀၀ သို့ ရောက်ရှိနိုင်သည်ဟု လုပ်ငန်းအကဲဖြတ်ဆန်းစစ်သူများက ပြောသည်။

 

တရုတ်နိုင်ငံမှ ခနောက်စိမ်းထုတ်လုပ်သူများ၏ ရှယ်ယာဈေးနှုန်းများ သောကြာနေ့က ၁၀% ခုန်တက်သွားသည်။

 

အမေရိကန် သတ္တုတွင်း ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်း Perpetua ရှယ်ယာတန်ဖိုးများ သုံးနှစ်ကျော်အတွင်း အမြင့်ဆုံးဖြစ်သော ၂၄% သို့ ကြာသပတေးနေ့က မြင့်တက်သွားသည်။

 

ကိုးကား - Reuters

ပုံစာ - နိုဝင်ဘာလ ရက် ၂၀၂၁ ခုနှစ် တာဂျစ်ကစ္စတန်နိုင်ငံအနောက်ပိုင်း TALCO တရုတ်-တာဂျစ် ခနောက်စိမ်းနှင့် ရွှေ ဖက်စပ်တူးဖော်ရေးမှ ပိုင်ဆိုင်သည့် စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်။ (REUTERS/Nazarali Pirnazarov/File Photo)

 

Burma Associated Press

တရုတ်
ခနောက်စိမ်း
တွင်းထွက်သတ္တုများ
ကမ္ဘာ

Share With
bap-logo