International
ထရန့်၏ ဒုတိယသက်တမ်းအတွက် အာရှမှ ပြန်လည် ပြင်ဆင်မှုများ
လွန်ခဲ့သော ၁၂ ရက် က
ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား အနိုင်ရရှိပြီး ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည်မှာ သေချာသည့် အရာဖြစ်သော်လည်း မသေချာ မရေရာမှုများလည်း ရှိနေသည်။
၎င်းတို့မှာ ၎င်း၏အုပ်ချုပ်မှု ဒုတိယသက်တမ်းအတွင်း မဟာဗျူဟာအရေးများ တိုးမြင့်လာနေပြီး နိုင်ငံတကာ စီးပွားရေး အချက်အချာ များရှိရာ အမေရိကန်နိုင်ငံအတွက် လုံခြုံရေးစိုးရိမ်ဖွယ်ရာများရှိနေသည့် အာရှ-ပစိဖိတ် ဒေသကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဆိုသည့် အရေးဖြစ်သည်။
ထရန့်၏ ပထမသက်တမ်းအတွင်း လုပ်ဆောင်ချက်များအရသော်လည်းကောင်း၊ ၎င်း၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များအတွင်း ကတိများမှသော်လည်းကောင်း ၎င်း အာရှကို မည်ကဲ့သို့ ချဉ်းကပ်လာဖွယ်ရှိသည်ကို မှန်းဆနိုင်သည်ဟု ကျွမ်းကျင်သူများက TIME ကို ပြောသည်။
၂၀၁၇ ၎င်း ကျမ်းသစ္စာကျိန်ဆိုပြီး မကြာမီတွင်ပင် အာရှနိုင်ငံ အများအပြား ပါဝင်သည့် ကုန်သွယ်မှု သဘောတူညီချက် Trans-Pacific Partnership မှာ အမေရိကန်နိုင်ငံ နှုတ်ထွက်ခဲ့သည်။ နိုင်ငံစုံစနစ်ကို မကြိုက်နှစ်သက်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ ၎င်းက နိုင်ငံတကာအဖွဲ့များတွင် ပါဝင်သည့် နိုင်ငံများကို အမေရိကန်အစိုးရနှင့် ကုန်သွယ်ဆက်ဆံရာတွင် အလွဲသုံးစားပြုသည်ဟုဆိုကာ တိုက်ခိုက်ခဲ့သည်။ ထရန့်သည် အမေရိကန်စစ်အင်အားကို မှီခိုနေရသည့် အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်များကိုလည်း မျှတမှုရှိ မရှိ မေးခွန်းထုတ်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ထရန့်က တရုတ်ကုန်ပစ္စည်းများကို ဒေါ်လာ ဘီလျံ ရာပေါင်းများစွာ အခွန်ကောက်ယူခြင်းဖြင့် တရုတ်နှင့် ကုန်သွယ်မှုစစ်ပွဲ စတင်ခဲ့သည်။ ၎င်း၏ နောက်ထပ်သက်တမ်းအတွင်း ၎င်းကုန်သွယ်ခွန်နှစ်ဆ တိုးကောက်သွားမည်ဟုလည်း ကတိပြုခဲ့သည်။ သို့ရာတွင် ၎င်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် "အလွန်ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း”၊ "တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ထားရှိရန်” ရည်ရွယ်ကြောင်းလည်း ပြောခဲ့သေးသည်။
၂၀၁၇ ခုနှစ်ကကဲ့သို့ မဟုတ်ဘဲ အာရှပုံစံကို ပထမအကြိမ် ကိုင်တွယ်ဖြေရှင်းခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်တွင် ၎င်းအနေဖြင့် "ပိုမို ပြင်ဆင်" လာမည်ဟု စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ် လူမှုရေးရာ၊ အနုပညာနှင့် လူမှုသိပ္ပံ ကောလိပ် မဟာဌာနမှူး Joseph Liow က TIME ကို ပြောသည်။ ၎င်း၏ အစိုးရအဖွဲ့သစ်တွင် ပါဝင်လာမည့်သူများကလည်း ပို၍ ထဲထဲဝင်ဝင် နားလည်သိရှိထားမည်ဖြစ်သည်။ တရုတ်အရေး သဘောထားတင်းမာသူများဖြစ်သည့် အထက် လွှတ်တော် အမတ် Marco Rubio၊ ကုန်သွယ်ရေး ကိုယ်စားလှယ်ဟောင်း Robert Lighthizer နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို ခန့်အပ်ရေး အဆိုပြုမှုများ ရှိနေသည်။
ထရန့်၏ ကျယ်ပြန့်သော နိုင်ငံခြားရေး မူဝါဒမှ ကူးသန်းဆောင်ရွက်ရေးအမြင်ကို ထင်ဟပ်နိုင်သူ "သီးခြား အထီးကျန်နေထိုင်ရေးဝါဒီ"များက ရာထူးကြီးများ ရလာနိုင်သည်ဟု ကယ်လီဖိုးနီးယား အခြေစိုက် ပညာရှင်အဖွဲ့ RAND မှ အကြီးတန်း ကာကွယ်ရေး ဆန်းစစ်လေ့လာသူ Derek Grossman က ပြောသည်။
သို့ရာတွင် ကြိုတင်မျှော်မှန်းရာတွင် အကန့်အသတ်များ ရှိနေသည်။ အခြားဒေသများမှာကဲ့သို့ပင် အာရှတွင်လည်း ထရန့်ကို ကြိုတင်ခန့်မှန်းမှု မပြုနိုင်ကြောင်း၊ အကြောင်းမှာ ၎င်း၏ သဘာဝ၊ လုပ်ပုံကိုင်ပုံဖြစ်သောကြောင့်ဟု လန်ဒန်အခြေစိုက် ပညာရှင်အဖွဲ့ Chatham House ၏ အာရှ-ပစိဖိတ် အစီအစဉ် ညွှန်ကြားရေးမှူး Ben Bland က TIME ကို ပြောသည်။ NTU မှ Rajaratnam နိုင်ငံတကာ လေ့လာရေး (RSIS) မှ တွဲဖက် သုတေသီ Kevin Chen က "သူက ဒီနေ့ ကျွန်တော်တို့ရဲ့ ဒေသတွင်း မဟာမိတ်တွေကို ထောက်ပံ့အားပေးချင်ပါတယ်လို့ ပြောရင် ပြောမယ်။ နောက်တစ်ရက်မှာတော့ ‘ငါတို့ ပေးရတာ များလွန်းတယ်’ လို့ ဆုံးဖြတ်ရင် ဆုံးဖြတ်မှာပဲ" ဟု ပြောသည်။
အောက်ပါအချက်များမှာ ထရန့်၏ ဒုတိယသက်တမ်း အုပ်ချုပ်မှုတွင် အာရှဒေသနှင့် ထိတွေ့ဆက်ဆံရာ၌ မျှော်မှန်းချက်အချို့ဖြစ်သည်။
ပြီးခဲ့သည့် ကုန်သွယ်မှု စစ်ပွဲအတွင်း အမေရိကန်၏ စည်းကျပ်မှုကို ရှောင်ရှားလို့သည့်အတွက် တရုတ်နိုင်ငံက ကုန်ထုတ်လုပ်မှုများကို အာရှနိုင်ငံများသို့ ရွှေ့ပြောင်းခဲ့သည့်အတွက် အကျိုးအမြတ်ရခဲ့သည့် အာရှစီးပွားရေးသည် ယခုအခါ ခက်ခဲလာဖွယ်ရှိသည်
စီးပွားရေး
ထရန့်က ၎င်းကိုယ်တိုင် "အခွန်ကောက်သူ တစ်ဦး” ဟု ခေါ်ဆိုခဲ့ပြီး ကုန်သွယ်မှု စည်းကျပ်ခြင်းမှာ ၎င်း၏ စီးပွားရေးပလက်ဖောင်းတွင် အလယ်ဗဟိုချက်ဖြစ်သည်။ ဝေဖန်သူများက အမေရိကန်နိုင်ငံတွင်း အခွန်ဝန်ထုပ်ဝန်ပိုး ကြီးမားလာနိုင်သည့် အန္တရာသတိပေးနေသည့်အကြားမှ ၎င်းကဲ့သို့ ကျင့်သုံးခြင်းဖြစ်သည်။ ထရန့်က တရုတ်ကုန်ပစ္စည်းများကို ၆၀%၊ အခြားနိုင်ငံများမှ ကုန်စည်များကို ၁၀ မှ ၂၀ %အထိ အခွန် ပြဌာန်းရန် စီစဉ်ထားသည်ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ကုန်သွယ်မှု စစ်ပွဲအတွင်း အမေရိကန်၏ စည်းကျပ်မှုကို ရှောင်ရှားလို့သည့်အတွက် တရုတ်နိုင်ငံက ကုန်ထုတ်လုပ်မှုများကို အာရှနိုင်ငံများသို့ ရွှေ့ပြောင်းခဲ့သည့်အတွက် အကျိုးအမြတ်ရခဲ့သည့် အာရှစီးပွားရေးသည် ယခုအခါ ခက်ခဲလာဖွယ်ရှိသည်။ အကြောင်းမှာ အမေရိကန်-တရုတ် ကုန်သွယ်မှုများ အခြားနိုင်ငံများမှ လမ်းကြောင်းပြောင်း စီးဆင်းနေမှုကို ထရန့်က ဟန့်တားငြင်းဆန်နိုင်ဖွယ်ရှိသည်။
ဂျပန် နိုင်ငံတကာရေးရာအင်စတိကျု ဧည့်အဖွဲ့ဝင် Stephen Nagy က "တရုတ်နိုင်ငံနှင့် ပြန်လည်ချိန်ညှိခြင်း၊ မတူကွဲပြားသည့် ရွေးချယ်မှုများပြုခြင်းတို့ဖြင့်" ၎င်းတို့လည်း အခွန်နှင့် ရင်ဆိုင်ရကာ အာရှနိုင်ငံများအပေါ် ဖိအားများ ရှိလာမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း TIME ကို ပြောသည်။ "တရုတ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အရှေ့တောင်အာရှနိုင်ငံတွေ၊ ဩစတြေးလျစတဲ့ နိုင်ငံတွေအတွက် ပို၍ ပို၍ ခက်ခဲလာနိုင်တယ်လို့ ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုရင် သူတို့လည်း အခွန်ကောက်တာ ခံရမှာဖြစ်လို့ပါ”
အခွန်မြင့်မားသည့် နိုင်ငံခြားရေးမူဝါဒသည် အာရှ၏ လွတ်လပ်သည့် ကုန်သွယ်မှု စီးပွားရေးကိုလည်း သိသာစွာ ရိုက်ခတ်နိုင်သည်။ အာရှအခြေစိုက် ကုန်သွယ်မှုရေးရာ အကျိုးပြုအဖွဲ့ Hinrich Foundation ၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများ၏ ပျမ်းမျှ ကုန်သွယ်မှု နှင့်ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုသည် ကမ္ဘာ့အခြားနိုင်ငံတစ်ခုချင်း၏ ပျမ်းမျှတန်ဖိုးထက် များပြားသည်ဟု ဆိုသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ ကုန်သွယ်မှု-ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု အချိုးသည် ကမ္ဘာ့ပျမ်းမျှ တန်ဖိုးထက် နှစ်ဆခန့် များပြားသည်ဟု ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံ အောက်စဖို့ဒ် စီးပွားရေးက ထရန့်၏ အခွန်စည်းကျပ်မှုသည် "တရုတ်နိုင်ငံမဟုတ်သည့် အာရှနိုင်ငံများ” အတွက် အသားတင်ဆုံးရှုံးသူ ဖြစ်လိမ့်မည်ဟု Al Jazeera နှင့် Economist တို့က တင်ပြခဲ့သည်။ အကြောင်းမှာ ၎င်းနိုင်ငံများမှ အမေရိကန် တင်သွင်းမှု ၃% သို့လည်းကောင်း၊ ၎င်းနိုင်ငံများသို့ တင်ပို့မှု ၈%သို့လည်းကောင်း လျော့ကျသွားမည်ဟု မျှော်မှန်းထားသည့်အတွက် ဖြစ်သည်။
ဒေသတွင်း နိုင်ငံစုံ ကုန်သွယ်မှုမိတ်ဖက်မှုများလည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ၎င်း ရွေးကောက်ပွဲ အနိုင်ရလျှင် အမေရိကန်နှင့် အာရှနိုင်ငံ အများအပြား အပါအဝင် နိုင်ငံ ၁၃ တို့အကြား အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်ကို ပစ်ပယ်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်နှစ်တွင် ထရန့်က ပြောခဲ့သည်။ ထရန့်သည် "အမေရိကန်နိုင်ငံသည် နှစ်နိုင်ငံ ပူးပေါင်းမှုတွင် ၎င်း၏ ခိုင်မာမှုနှင့် အရွယ်အစားကို ပိုမို ချိန်ညှိနိုင်သည်ဟု ယုံကြည်ကြောင်း” RSIS သုတေသီအဖွဲ့ဝင် Adrian Ang က ပြောသည်။ ထရန့်က နိုင်ငံစုံ သဘောတူညီချက်များဖြင့် "ချည်နှောင်ခံထားရခြင်းကို” မလိုလားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
အမေရိကန်နိုင်ငံက နိုင်ငံစုံစနစ်မှ ထွက်ခွာနိုင်သည့်အတွက် အာရှစီးပွားရေး ထိခိုက်အားနည်းလာနိုင်ကြောင်း၊ အမေရိကန်အစိုးရ၏ “ပိုမို ကာကွယ်မှုဝါဒီ” ကို တုန့်ပြန်ရန် ကမ္ဘာ့နိုင်ငံအစိုးရများကလည်း "ပိုမို ပြင်ဆင်”၊ "ပိုမို ကြံ့ကြံ့ခံ” မှုများ လုပ်ဆောင်လာနိုင်သည်ဟု Ang က ရှင်းလင်းဖော်ပြသည်။ ဥပမာ၊ Trans-Pacific Partnership (TPP) မှ အမေရိကန်နိုင်ငံ နှုတ်ထွက်ပြီးနောက် ဂျပန်နိုင်ငံက ဦးဆောင်မှု ယူခဲ့ကာ ၂၀၁၈ ခုနှစ်တွင် The Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) သဘောတူညီချက်ကို စတင်ခဲ့သည်။ CPTPP သည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များအတွက် "ရွှေရောင် စံနှုန်း” ဖြစ်ရန် ရည်မှန်းထားကာ အခြား သိသာထင်ရှားသော တရုတ်နှင့် အင်ဒိုနီးရှားတို့၏ စီးပွားရေးကဏ္ဍများတွင်လည်း ကျင့်သုံးနေသည်။
၎င်း၏ မဲဆွယ်စည်းရုံးမှုများတွင် မြောက်ကိုးရီးယားခေါင်းဆောင်နှင့် ဆက်ဆံရေးများကို ပြောဆိုလေ့ရှိသည်။ ၎င်းကဲ့သို့သော ဆက်ဆံရေးများမှာ ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများဖြစ်ပြီး နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေး ပုံမှန်လုပ်ဆောင်နေသည့် မြောက်ကိုးရီးယားအစိုးရကို ဒုံးကျည်များ ပစ်လွှတ်ခြင်မှ ရပ်တန့်စေခဲ့သည်ဟု ၎င်းက ပြောသည်
သံတမန်ရေး
ပထမသက်တမ်းတွင် ထရန့်သည် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအမ်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ကဲ့သို့သော အာဏာရှင်များနှင့် ထိတွေ့ ဆက်ဆံခဲ့သည်။
ထရန့်က ကင်မ်နှင့် ထပ်မံ ထိတွေ့ဆက်သွယ်ရန် ဆန္ဒရှိသည်ဟု ကျွမ်းကျင်သူများက TIME ကို ပြောသည်။ ၎င်း၏ မဲဆွယ်စည်းရုံးမှုများတွင် မြောက်ကိုးရီးယားခေါင်းဆောင်နှင့် ဆက်ဆံရေးများကို ပြောဆိုလေ့ရှိသည်။ ၎င်းကဲ့သို့သော ဆက်ဆံရေးများမှာ ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများဖြစ်ပြီး နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေး ပုံမှန်လုပ်ဆောင်နေသည့် မြောက်ကိုးရီးယားအစိုးရကို ဒုံးကျည်များ ပစ်လွှတ်ခြင်မှ ရပ်တန့်စေခဲ့သည်ဟု ၎င်းက ပြောသည်။ "ကျွန်တော် သူနဲ့ အဆင်ပြေတယ်” ဟု ထရန့်က ပြောခဲ့သည်။ "သူ ကျွန်တော့်ကို သတိရနေမယ် ထင်ပါတယ်။”
ပူတင်ကလည်း အမေရိကန်၏ ယူကရိန်းကို အားပေးထောက်ခံမှုကြောင့် အားနည်းခဲ့သော မော်စကို-ဝါရှင်တန် ဆက်ဆံရေး ပြန်လည် အသက်သွင်းရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ ထရန့်က ၎င်းသမ္မတဖြစ်လာလျှင် ယူကရိန်းကို ထောက်ပံ့မှုအား ဖြတ်တောက်မည်ဟု ပြောဆိုခဲ့ဖူးသည်။
ထရန့်၏ အရောင်းအဝယ်ဆန်သည့် သဘာဝကြောင့် အာရှမှ အနီးကပ်မဟာမိတ်များက ၎င်းတို့၏ အဖိုးတန် အသုံးဝင်မှုကို သက်သေပြရလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆသည်။ "သူတို့ [အုပ်ချုပ်ရေး] က အဲဒီ မဟာမိတ်တွေကဆီက ငွေကို ညှစ်ထုတ်နိုင်သလောက် ညှစ်ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။” ဟု RSIS မှ Chen က ပြောသည်။
ထရန့်သည် သမ္မတအနေဖြင့် အမေရိကန် နိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ "အန္တိမ အာဏာပိုင်” နေရာတွင် ရှိသည့်အတွက် အမေရိကန်နှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူညီမှုရှိသည့် နိုင်ငံများပင်လျှင် ၎င်းတို့ကို စွန့်ပယ်ခြင်း မခံရစေဘဲ ယုံကြည်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထရန့်က "ငွေလုပ်စက်" ဟု ၎င်းခေါ်သည့် တောင်ကိုးရီးယားနိုင်ငံကို ၎င်းနိုင်ငံတွင် အမေရိကန် တပ်ဖွဲ့များ ချထားရန် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုမည်ဟု ပြီးခဲ့သည့်လတွင် ထရန့်က ပြောခဲ့သည်။
ရွေးကောက်ပြီးနောက် ဂျပန်နှင့် တောင်ကိုးရီးယားခေါင်းဆောင်များက ထရန့်နှင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်သွားလိုသည့်ဆန္ဒများကို ထုတ်ဖော်ခဲ့ကြသော်လည်း ဘက်ညီ မျှတစေရန် ဆန္ဒရှိမှုကိုလည်း ဖော်ပြခဲ့ကြသည်။
ထရန့်ကို "တန်ဖိုး အခြေခံသည့်” မဟာမိတ်များထံမှ ဖယ်ခွာရန်လည်း မျှော်လင့်ထားသည့်ဟု ကျွမ်းကျင်သူများက ပြောသည်။ ၎င်း၏ ပထမသက်တမ်းအတွင်းတွင် ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒဖော်ထုတ်သူများနှင့် Xinjiang မှ ဝီဂါများအား လူ့အခွင့်အရေးချိုးဖောက်မှုကို ဆန့်ကျင့်သည့် နှစ်ပါတီသဘောတူညီချက် ဥပဒေမူကြမ်းကိုထရန့်က လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် ပထမသက်တမ်းအတွင်းကကဲ့သို့ပင် ၎င်းသည် ရှီကျင့်ဖျင်နှင့် ဆက်ဆံရေး ပျက်ပြားစေနိုင်သည့် စီးပွားရေးမဟုတ်သည့် စီမံဆောင်ရွက်မှုများ၊ အလားအလာရှိသည့် ကုန်သွယ်ရေး သဘောတူညီချက်များကို စိန်ခေါ်မှုများအပေါ် ပိုမို သတိထား လုပ်ဆောင်နိုင်ကြောင်း Grossman က သတိပေးသည်။
ဒေသတွင်း လုံခြုံရေး
“ကျွန်တော် စစ်ပွဲတစ်ခု စတင်မှာ မဟုတ်ပါဘူး။ ကျွန်တော် စစ်ပွဲတွေကို ရပ်တန့်သွားမှာပါ” ဟု ထရန့်က ရွေးကောက်ပွဲ အောင်ပွဲမိန့်ခွန်းတွင် ပြောသည်။ သို့သော် ကျွမ်းကျင်သူများက တပ်အပ် မသေချာပေ။
၎င်း၏ ပထမသက်တမ်းအတွင်း ၎င်း၏ အုပ်ချုပ်ရေးက အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ယူဆောင်လာခဲ့သည်။ ၎င်းမဟာဗျူဟာသည် တရုတ်ဩဇာနှင့် အခိုင်အမာ ပြုမူပြောဆိုမှုများ တိုးမြင့်လာနေစဉ် အတွင်း ဒေသတွင်း၌ အားလုံးအတွက် "လွတ်လပ် ပွင့်လင်းရေး” သေချာစေရန် ကြိုးပမ်းမှုဖြစ်သည်။ ၎င်းကြိုးပမ်းမှုကို သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တွင် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ၎င်းအနေဖြင့် ထရန့်သည် ဒုတိယသက်တမ်းအတွင်း ၎င်းမဟာဗျူဟာကို စွန့်လွှတ်ရန် မမြင်ကြောင်း Grossman ကဲ့သို့ပင် အခြား ကျွမ်းကျင်သူများကလည်း ယခင်က TIME ကို ပြောခဲ့သည်။
ထရန့်သည် ထိုင်ဝမ်တွင် ဖြစ်နိုင်ချေရှိသည့် ပဋိပက္ခအတွင်း ပါဝင်မည့်အစား တရုတ်အစိုးရနှင့် သဘောတူညီမှု တစ်ခု ပြုလုပ်လိမ့်မည်ဟု RSIS မှ Chen က ဆိုသည်။ "ကျွန်တော် ပြောမယ်။ ခင်ဗျားတို့ ထိုင်ဝမ်ကို ဝင်ရင် ဝမ်းနည်းပါတယ်။ အခွန် ၁၅၀% ကနေ ၂၀၀% ထိ တိုးကောက်ရပါမယ်။” ဟု Wall Street Journal ကို ပြောသည်။ စစ်အင်အား အသုံးပြုမှုကို မေးမြန်းရာ ထရန့်က "ကျွန်တော် လုပ်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုရင် [ရှီက] ကျွန်တော့်ကို လေးစားပါတယ်။ ကျွန်တော် သောက်ရူး[f— crazy]ဆိုတာ သူသိတယ်။”
“တရုတ်အစိုးရက အမေရိကန် ကြားဝင်နှောက်ယှက်မှု များများစားစား မရှိတဲ့အတွက် ထိုင်ဝမ်ကို သိမ်းလိုက်နိုင်ရင် ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုကြီးမားလာမှာကို စိုးရိမ်ရပါတယ်။” ဟု Chen က ပြောသည်။ အမေရိကန်နိုင်ငံက အာရှတွင် အကာအကွယ်ပေးခြင်းကို တစ်ဖက်သတ် လျော့ချလိုက်မည်ကိုလည်း စိုးရိမ်ဖွယ်ရှိသည်ဟု Chan က ပြောသည်။ ထရန့်က အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် စစ်ပွဲများ ရပ်တန့်စေရန် ကတိပြုခဲ့သော်လည်း ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင်မူ ထပ်တူ လုပ်ဆောင်ဖွယ်ရာ မရှိဟု ဂျပန်အခြေစိုက် ပညာရှင် Nagy က ပြောသည်။
"ထရန့်က ’အဲဒါ ကျွန်တော့် ပြဿနာ မဟုတ်ဘူး။ ဒေသတွင်းနိုင်ငံတွေရဲ့ ပြဿနာပါ။ သူတို့ ဖြေရှင်းရမယ့် ပြဿနာပါ။ မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ (ဒေသတွင်း နိုင်ငံများ)မှာ ဆန္ဒမရှိဘူးဆိုရင် ဘာဖြစ်လို့ အမေရိကန်နိုင်ငံက သူ့ရဲ့ အရင်းအမြစ်တွေကို မြန်မာနိုင်ငံ အရင်လို ပြန်ဖြစ်လာဖို့ သုံးစွဲရမှာလဲ' လို့ ပြောလိမ့်မယ်ထင်တယ်။" ဟု Nagy က ပြောသည်။
ထရန့်၏ စစ်ဆန့်ကျင်ရေး ရပ်တည်ချက်ဆိုသည်မှာ မြောက်ကိုးရီးယားနှင့် တရုတ်ကဲ့သို့သော ဒေသတွင်း ခြိမ်းခြောက်နေသူများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အသိအမှတ်ပြု လိုက်လျောခြင်း ဖြစ်ပါက အဆုံးစွန်အားဖြင့် ဒေသတွင်း ယခင်အနီးကပ် မဟာမိတ်များက ၎င်းတို့၏ လက်နက်အင်အား ပိုမိုအားကောင်းခိုင်မာစေခြင်းဖြင့် ဖြေရှင်းသွားလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ "ဒီနိုင်ငံတွေက အမေရိကန်ရဲ့ နျူးကလီးယား ထီးရိပ်ကို မယုံကြည်ရဘူးဆိုရင် သူတို့ကိုယ်ပိုင် နျူးကလီးယားနဲ့ ဟန့်တားဖို့ ရှာဖွေကြိုးပမ်းဖို့ လိုအပ်လာနိုင်တယ်။" ဟု Chen က ပြောသည်။ "ဘေးကင်းလုံခြုံမှု ရှိမှာ မဟုတ်တော့ဘူး” “ဧရာမ အရှုပ်အထွေးကြီး ဖြစ်လာလိမ့်မယ်။”
ကိုးကား - TIME
ပုံစာ - ဂျွန်လ ၂၉ ရက် ၂၀၁၉ ခုနှစ် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ပြုလုပ်သော G20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးမှ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ နှစ်နိုင်ငံ အစည်းအဝေး။ (Photo: REUTERS/Kevin Lamarque/File Photo