Urban Life
မိုင်တိုင် ၁၁၅ က တူတူပုန်းကြသူများ
လွန်ခဲ့သော ၂ ရက် က
BAP၊ နိုဝင်ဘာ ၉။
“ အသုပ်စုံရမယ်နော် အသုပ်စုံ၊ လာနော်” ဟူသောအသံသည် အမှောင်ထဲမှထွက်လာနေသည်။
အဝေးပြေးလမ်းမ၏ တထောက်နားရာ ၁၁၅ မိုင် ယာဥ်ရပ်နားစခန်းက ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ၏ အသံဖြစ်သည်။
မည်သည့်အချိန်ရောက်လာမည်ကိုမသိသည့် ရဲယာဉ်များ တန်းခနဲမြင်နိုင်သွားသည်ကို တတ်နိုင်သမျှ ကာကွယ်ရန် မီးမထွန်းဘဲ အမှောင်ထဲမှ အသံပေးနေခြင်းပင်။
၁၁၅ မိုင်ယာဥ်ရပ်နားစခန်းရှိ ခေါင်းဗျပ်ထိုးရောင်းသည့် ဒေသခံ ဈေးသည်အများအပြားသည် စစ်ကောင်စီ ၏ ကင်းလှည့်ရဲယာဉ်နှင့် ပြေးတမ်းလိုက်တမ်းကစားသကဲ့သို့ ရှောင်ရင်းပုန်းရင်း ဈေးရောင်းကြရသည်။
ရပ်နားစခန်းတွင် ခေါင်းဗျပ်ထိုးဈေးသည်များအပါအဝင် လမ်းဘေးဈေးသည်များကို လိုက်လံ ဖမ်းဆီးမှု သည် နေ့တွင်သာမက ညတွင်လည်းမနားပေ။ ၁၁၅ မိုင်အနီးရှိ စစ်ဆေးရေးဂိတ်များမှ ရဲများသည် ယာဉ်ဖြင့် ယာဥ်ရပ်နားစခန်းဝင်းအတွင်း မကြာခဏ ကင်းလှည့်ကြသည်။ ကင်းလှည့်ရင်း ခေါင်းဗျပ်ထိုးဈေးသည်များနှင့် လမ်းဘေးဈေးသည်များတွေ့ပါက ၎င်းတို့ရောင်းချနေသည့် ပစ္စည်းများကို သိမ်းဆည်းသွားလေ့ရှိသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းအချို့ဒေသများတွင် ခရီးစဥ်များရပ်နားထားသော်လည်း အချို့ ဧရိယာများတွင်မူ အဝေးပြေးယာဥ်လိုင်းများပြေးဆွဲလှုပ်ရှားနေဆဲဖြစ်သည်။
၁၁၅ မိုင်ယာဥ်ရပ်နားစခန်းသည် အဝေးပြေးယာဉ်အဝင်အထွက်များနှင့် လှုပ်ရှားပြေးလွှားနေဆဲပင် ဖြစ်သည်။ ခရီးသွားယာဉ်အဝင်အထွက်များသကဲ့သို့ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးသည်များကို လည်း ပုံစံအမျိုးမျိုးနှင့်တွေ့နိုင်သည်။
၂၀၂၁ စစ်အာဏာမသိမ်းမီက ၁၁၅ မိုင်ယာဥ်ရပ်နားစခန်းတွင် ၂၄ နာရီဖွင့်သည့် စားသောက်ဆိုင် အကြီးများသာမက ဆိုင်ကယ်၊ လှည်း စသည်နှင့် ရောင်းသည့် ဈေးသည်များ၊ ဗန်းနှင့် ခေါင်းဗျပ်ထိုး ဈေးသည်များ၊ စားစရာထည့်ထားသည့် အထုပ်ငယ်များကိုင်ကာ လိုက်လံရောင်းချသည့် ဈေးသည်များ၊ စသည်တို့ကို တွေ့နိုင်သည်။
ထိုဈေးသည်များ လော်စပီကာနှင့်အော်၍ရောင်းချသည့်အသံ၊ ရိုးရိုးပါးစပ်နှင့်အော်၍ရောင်းချသည့်အသံ တို့ဖြင့် စည်ကားသည်။ ညအချိန်များတွင် သန်းခေါင်နီးပါးအချိန်များအထိ ထိုဈေးသည်များကို တွေ့ရသည်။ ရောင်းချသည်များတွင် မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်၊ ငါးချဥ်၊ ငါးချဥ်သုပ်၊ အချဥ်ပေါင်း၊ ငုံးဥ၊ ကွမ်းယာထုပ်များ၊ ကြက်ကြော်၊ ငှက်ကြော် စသည် အမျိုးအစားအစုံအလင် တွေ့ရသည်။
အာဏာသိမ်းပြီးနောက်တွင် ခရီးသွားများသည် မှတ်ပုံတင်မပါလျှင် ခရီးသွားမရခြင်းနှင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကိုဖြတ်ရခြင်း၊ အစစ်ဆေးခံရခြင်းသည်လည်း လမ်းခရီးအင်္ဂါရပ်များ ဖြစ်လာသည် အထိ ပြောင်းလဲသွားချေပြီ။ ထိုရိုက်ခတ်မှုသည် ၁၁၅ မိုင်ယာဥ်ရပ်နားစခန်းရှိ ခေါင်းဗျပ်ထိုး တနိုင်တပိုင် ဈေးသည်များဆီသို့လည်း ပြန့်နှံ့သည်။
ရပ်နားစခန်း ယာဥ်ရပ်နားရာနေရာရှေ့တွင်ပင် စစ်ကောင်စီ၏ ၁၁၅ မိုင် ရဲစခန်းရှိသည်၊ ထို့အပြင် စစ်ကောင်စီ၏ စစ်ဆေးရး ဂိတ်များလည်းရှိသည်။
ညဦးအစောပိုင်းအချိန် ၇ နာရီခန့်တွင် ယာဥ်ရပ်နားစခန်းအတွင်း ဘေးတွဲတစ်စီးပေါ်မှ အမျိုးသမီးငယ် တဦးသည် ဗန်းတခုကို လက်နှစ်ဖက်ဖြင့်ကိုင်၍ဆင်းလာသည်။ သူ့နောက်တွင် အမျိုးသားတဦးက ပလပ်စတစ်ခုံတလုံးယူလာသည်။ ၎င်းတို့သည် သွက်သွက်လက်လက်လှုပ်ရှားနေပြီး တမိနစ်အတွင်းပင် ဈေးသည်တဦးအသွင်ပေါ်လာသည်။ ယူလာသည့်ပလပ်စတစ်ခုံအသေးပေါ်တွင် ထိုလင်ဗန်းကို တင်ထားပြီး အသုပ်စုံရမည်ဟု ၎င်းကအော်ကာဈေးရောင်းသည်။ မျက်လုံးများကတော့ ဝယ်သူကိုလည်း ရှာရင်း ဟိုကြည့်သည်ကြည့်လည်းလုပ်ရင်း ဂဏှာမငြိမ်။
၎င်း၏လင်ဗန်းတွင် ကြာဇံ၊ ခေါက်ဆွဲ၊ မုန့်ဖက်၊ ပဲပင်ပေါက်၊ ခပ်သေးသေးညှပ်ထားသည့်ပဲပြားကြော်၊ တို့ဟူးတို့ကို သူ့နေရာနှင့်သူပုံထားသည်။ နံဘေးတွင် ဆီကျက်၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် ပုလင်းတို့နှင့် ဖော့ဘူးနှင့် တစ်ခါသုံးဝါးတူများထည့်ထားသည် ကျွတ်ကျွတ်အိတ်တို့ရှိသည်။ ဝယ်သူရှိပါက အသင့်ပြင်ထားသည့် ဇလုံအတွင်း အဆာပလာများထည့်ကာ ပလက်စတစ်လက်အိတ်ဖြင့်နယ်ဖက်၍ ဖော့ဘူးထဲထည့်ကာ တစ်ခါသုံးတူပေးသည့် အချိန်သည် စက္ကန့်ပိုင်းသာကြာသည်။
မနေ့ကဆို ညီမရဲ့ဗန်းကိုသိမ်းသွားတာ၊ ကြက်ကြော်တွေ။ ခြောက်သောင်းဖိုးလောက်ရှုံးသွားတယ်။ ဒီနေ့ဈေးမထွက်နိုင်ဘူး
မည်သည့်အသုပ်ဖြစ်စေ တစ်ပွဲနှစ်ထောင် ကျပ်ကျသင့်သည်။ ယင်းပမာဏသည် အနီးအနားရှိ ဆိုင်ကြီးများထက် ပိုမိုသက်သာသည့်ဈေးနှုန်းဖြစ်သည်။ ဖော့ဘူးနှင့်တူနှင့်အဆင်သင့် သုံးဆောင်နိုင်ခြင်း သည် ဆိုင်ကြီးများနှင့်ယှဥ်နေသော ၎င်းတို့၏ဆွဲဆောင်မှုပင်။ ဈေးဗန်းဆိုင်တွင် အသုပ်သုပ်သူသည် အမှောင်ထဲတွင်ပင် သုပ်သည်၊ မီးလုံးနှင့်ဖုန်းရှိသော်လည်းမထွန်းပေ။ မီးရောင်ကြောင့် စစ်ကောင်စီ ကင်းလှည့်ယာဉ်မြင်မသွားရန်လိုသည်။
သိပ်မကြာမီပင် ယာဥ်ရပ်နားစခန်းအတွင်းသို့ စစ်ကောင်စီ၏ ရဲယာဉ်တစ်စီး တရကြမ်းဝင်လာကာ ဝေ့ကာဝိုက်ကာဖြင့် ယာဉ်ပါကင်နေရာတွင်ရပ်လိုက်သည်။ DC အသေးအမျိုးအစား ယာဉ်ပေါ်တွင် ယာဥ်မောင်းနှင်သည့်ရဲနှင့် နောက်တွင် သေနတ်တလက်ကိုင်ကာ လိုက်လာသည့်ရဲ နှစ်ဦးသာပါသည်။ သေနတ်ကိုင်သည့် ရဲသည် သေနတ်ချိန်ကာ အဆင်သင့်ပြင်ထားသည့်ဟန်ဖြင့် အပြင်ဘက်သို့ မျက်နှာမူထားသည်၊ ဈေးသည်များတွေ့လျှင်ဖမ်းသည်။
“မနေ့ကဆို ညီမရဲ့ဗန်းကိုသိမ်းသွားတာ၊ ကြက်ကြော်တွေ။ ခြောက်သောင်းဖိုးလောက်ရှုံးသွားတယ်။ ဒီနေ့ဈေးမထွက်နိုင်ဘူး” ဟု အသက် ၁၈ နှစ်ဝန်းကျင် မဖြူဖြူ(အမည်လွှဲ)ကဆိုသည်။
၎င်းက ညနေနှင့် ညဦးပိုင်းအချိန်များတွင် ယာဥ်ရပ်နားစခန်းဝင်းအတွင်း ဗန်းနှင့်ကြက်ကြော်ရောင်းသည်၊ ဈေးဦးပင်မပေါက်သေးခင် ယာဥ်ရပ်နားစခန်းအတွင်း ဝင်လာသည့် ရဲယာဉ်နှင့်တိုးကာအသိမ်းခံရခြင်းပင်။ ထိုသို့အသိမ်းခံရခြင်းသည်လည်း ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း တကြိမ်မက အသိမ်းခံခဲ့ရ ဖူးသည်ဟု ၎င်းကဆိုသည်။
အသိမ်းခံရတိုင်း ဗန်းပင်ပြန်မရဟု ၎င်းကပြောသည်။
“အရင်ကဆို စတီးဗန်းအထူတွေဘာတွေသုံးတယ်။ နောက်ကျတော့ ဈေးသိပ်မကြီးတဲ့ ဗန်းအပါးတွေ သုံးရတာပေါ့” ဟု၎င်းကဆိုသည်။
ကြက်ကြော်ကို တစ်ကောင်နှစ်ထောင်ကျပ်ဖြင့်ရောင်းပြီး ဗန်းထဲတွင် အကောင်နှစ်ဆယ်မှ သုံးဆယ် ဝန်းကျင်အတွင်းရှိသည်။
အသက် ၃၀ ဝန်းကျင်အရွယ် မမြမြ ကတော့ ကြက်ကြော်သည်ကဲ့သို့ ဈေးဗန်းအသိမ်းမခံရသော်လည်း ဗန်းကို ယာဉ်က တက်ကြိတ်သွားသည်ဟုဆိုသည်။
ယာဉ်မှာ တရစပ်မောင်းရာဈေးဗန်းအားမမြင်ဘဲ တက်ကြိတ်မိသည်ဟုဆိုသည်။ ဈေးဗန်းအဖျားပိုင်းကို တက်ကြိတ်သွားပြီး ဆောရီးဟုပြောသွားကြောင်း၎င်းကဆိုသည်၊ ဈေးဗန်းကိုတော့သိမ်းမသွား။
မမြမြကတော့ အများကြီးမဆွေးနေပေ၊ အဖျားတက်ကြိတ်ခံရသည့်ဈေးဗန်းထဲရှိ ပစ္စည်းများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်လုပ်ပြီး ဈေးဆက်ရောင်းရန်ပြင်နေသည်။ ဈေးဗန်းထဲရှိ ကြာဇံဖက်အချို့က ဗန်းအပြင်သို့ မသပ်မရပ်ထိုးထွက်နေသည်။
၎င်းတို့သည် ယာဉ်ဝင်းနှင့်အနီးအနားရှိရွာများတွင် နေထိုင်ကြသည်။ ယင်းတို့ကဲ့သို ဈေးလာရောင်းကြ သည့်သူများကို အများအပြားတွေ့နိုင်သည်။ ကင်းလှည့်ယာဉ်လာချိန်တွင် ဖျက်ခနဲ ပျောက် သွားတတ်ကြသည်၊ ထိုသို့ ပုန်းလျိုးကွယ်လျိုး စိန်ပြေးတန်း ဈေးရောင်းသူ အများစုသည် ဆယ်ကျော်သက်အရွယ်လူငယ်များနှင့် လူလတ်ပိုင်းများဖြစ်ကြသည်။
သို့မှသာပြေးနိုင်လွှားနိုင်ကြပေမည်။ ယခင်နှစ်များက ဤဝင်းတွင်တွေ့ခဲ့သည့် ဈေးဗန်းရှေ့ ငုတ်တုတ်ထိုင် ရောင်းသည့်အသက်ကြီးကြီးဈေးသည်များကို မတွေ့ရပေ။
လွန်ခဲ့သည့် လေးငါးနှစ်ခန့်က ထိုဈေးသည်ကြီးများထံတွင် ရခဲ့သည့် သရက်သီးနှင့်ဆား အချဥ်ပေါင်း၊ ငုံးဥ၊ သရေစာ တို့သည် ကျွတ်ကျွတ်အိတ်ဖြင့် အဆင်သင့်ထုပ်ပြီးသားအခြေအနေဖြင့် မိုးဘိုင်းအသွင်သို့ ပြောင်းသွားသည်။ ယာဥ်ဝင်းအတွင်း တထုပ်တထောင်တန် အချဥ်ပေါင်း ကျွတ်ကျွတ်အိတ်များကို ကိုင်ကာ လမ်းလျှောက်ပတ်ရောင်းနေသည့် ဈေးသည်များကို တွေ့ရသည်၊ အများစုမှာ ဆယ်ကျော်သက်အရွယ် များပင်။
“အဲ့ဒါ စခန်းမှုုးယာဉ်မလား၊ စခန်းမှုုးဆို သဘောကောင်းတယ်။ ဒီနေ့စခန်းမှုုးမပါဘူးလား” ဟု ဈေးဗန်းများ ဖွက်ပြီးနောက် သူတို့အချင်းချင်း ပြောနေကြရင်း ကင်းလှည့်ယာဉ်ကို စောင့်ကြည့်နေ ကြသည်။
ကင်းလှည့်ယာဉ်လာသည်နှင့် “လာပြီ လာပြီ…ပြေးပြေး”၊ “ ငါက ဗန်းကို အမြန်ဖွက်လိုက်တာ”၊ “သူ့ဗန်းပါသွားတယ်” ဟူသည့်အသံတို့သည် ၎င်းတို့စုရာအရပ်မှာ ပေါ်ပေါ်လာတက်သည်။
အနီးအနားတွင် ရပ်နေသည့် ခရီးသည်များရှိပါက နားမလည်နိုင်ဖြစ်နေလျှင် သူတို့အခြေအနေကို ရှင်းပြကြသည်။
၎င်းတို့ထဲတွင် ဆန္ဒပြဖူးသူလည်း ပါသည်၊ သဘောကောင်းသည့် ရဲကိုရှာနေသူလည်းပါသည်၊ ကလေးလည်းပါသည်၊ ဆယ်ကျော်သက်လည်းပါသည်၊ လူလတ်လည်းပါသည်။
ဈေးသည်တဦးက ၎င်းကဆန္ဒပြဖူးသဖြင့် သူ့ကိုဖိ၍ ပိုဖမ်းသည်ဟု ထင်ကြောင်း အပေါင်းအသင်းများကို ပြောပြသည်။ ၎င်းသည် ထိုနေ့တွင်လည်း စစ်ကောင်စီကင်းနှင့် ထိပ်တိုက်တွေ့ထားရသဖြင့် မျက်နှာမကောင်း။
အာဏာသိမ်းမှုများဖြစ်ပွားပြီးနောက် ယာဥ်ရပ်နားစခန်းတွင် မိုးတိုးမက်တပ်ရပ်ကာ ယာဉ်စောင့်နေ ကြသည့် ခရီးသည်များ ဦးရေလည်း ယခင်ထက်များလာသည်။
အာဏာမသိမ်းမီက ခရီးသည် အများစုသည် မိုက်နှင့်အော်သည်အထိ ဆိုင်တွင်ပင်ထိုင်ကာ စားသောက်ကြသည်ကို အတွေ့များသည်။ နောက်ပိုင်းတွင် ဆိုင်ရှိအစားအစာများ ဈေးကြီးသဖြင့် အပြင်တွင်ပင် ဗျပ်ထိုးဈေးသည်များထံမှ မုန့်ဝယ်စားကြသည့်သူများ၊ ထမင်းချိုင့်ထည့်လာကာ ပလက်ဖောင်းပေါ်တွင် ဖျာခင်းစားသည့်သူများ၊ မိုးတိုးမက်တပ်ယာဉ်တံခါးဖွင့်သည်အထိ စောင့်နေကြ သူများ တနှစ်ထက်တနှစ် ပိုမိုတွေ့လာရသည်။
ထိုကဲ့သို့ ခရီးသည်အရေတွက် များလာသော်လည်း ဗျပ်ထိုးဈေးသည်များအရေအတွက်မှာ ယခင်ထက် သိသိသာသာလျော့သွားရုံသာမက ပြေးတိုင်းလိုက်တမ်းဖြင့် စိုးရိမ်မကင်းစွာ ဈေးရောင်းနေကြ ရသည်။
ပုံစာ- အမြန်လမ်းမကြီး ယာဉ်ရပ်နားစခန်းမြင်ကွင်း (ပုံဟောင်း)
Burma Associated Press
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၂ ရက် က