bap-logo
Politics

အိန္ဒိယနှင့် မနီပူရ်ပြည်နယ်တွင် ပဋိပက္ခဖြစ်နေသော တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးနေ

v4bfPsW-AK-BihkbbXK5R-image

လွန်ခဲ့သော ၃ နာရီ က

BAP၊ ဘာသာပြန်။



အိန္ဒိယအစိုးရက အရှေ့မြောက်ပိုင်း မနီပူရ်ပြည်နယ်တွင် ကာလကြာရှည်စွာ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်း သားအဖွဲ့နှစ်ခုနှင့် ဆွေးနွေးအဖြေရှာမှု ပြုလုပ်နေသည်ဟု ပြည်ထဲရေးဝန်ကြီး Amit Shah က အင်္ဂါနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



တနင်္လာနေ့တွင် မနီပူရ်ပြည်နယ်၌ အင်တာနက်နှင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများ ပြန်လည် ရရှိလာခဲ့သည်ဟု တရားဝင်အမိန့်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် အပတ်တွင် ကျောင်းသားဆန္ဒပြမှု များမှ အကြမ်းဖက်မှုများဖြစ်ပေါ်လာစဉ်အတွင်း လူများစု မေထေးများနှင့် လူနည်းစု ကူကီးအဖွဲ့များ အကြား အသစ်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများကြောင့် ၎င်းဝန်ဆောင်မှုများ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။



ကျွန်တော်တို့ မနီပူရ်ပြည်နယ်မှာ အခြေအနေတွေ ထိန်းချုပ်ရေး စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု နာရင်ဒရာ မိုဒီ၏ တတိယသက်တမ်း အုပ်ချုပ်ရေး ပထမရက် ၁၀၀ ရှင်းလင်းပွဲအခမ်းအနားတွင် Shah က သတင်းထောက်များကို ပြောသည်။



တိုင်းရင်းသားအဖွဲ့နှစ်ခုလုံးက နားလည်မှု မရကြသေးဘူးဆိုရင် ဒီအရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။” ဟု Shah က ပြောသည်။ အစိုးရက လာမည့်ရက်များအတွက် အားထုတ်ကြိုးပမ်းမှုမျိုးစုံကို ဖော်ပြထားသည့် "လမ်းပြမြေပုံ” တစ်ခုကို ပြင်ဆင်ထားသည်ဟုလည်း ၎င်းက ပြောသည်။



မိုဒီနှင့် Shah Bharatiya Janata ပါတီတို့က မနီပူရ်အစိုးရကို ဦးဆောင်နေသည်။



ဒေသတွင်းအစိုးရက ပြီးခဲ့သည့်အပတ်တွင် Imphal တောင်ကြားဒေသနှင့် ပတ်ဝန်းကျင်ခရိုင်များကို ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသည့် အစိုးရနှင့် ပုဂ္ဂလိကကောလိပ်များကို ရက်အနည်းငယ် ပိတ်ထားရန်လည်း အမိန့်ထုတ်ခဲ့သည်။



ကျောင်းများ အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် သတ်မှတ်ထားသည်ဟု အစိုးရအမိန့်က ဖော်ပြထားပြီး ညမထွက်ရအမိန့် တချို့တဝက် ကျန်ရှိနေသေးသည်။



မေထေးနှင့် ကူကီးအသိုင်းအဝိုင်းများအကြား ပြီးခဲ့သည့်နှစ်တွင် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် အနည်းဆုံး ၂၂၅ ဦး သေဆုံးခဲ့ပြီး ၆၀၀၀၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။ ကူကီးမျိုးနွယ်စုများအတွက် စီးပွားရေးအကျိုးအမြတ်များ၊ အစိုးရအလုပ်အကိုင် ခွဲတမ်းများနှင့် ပညာရေးဆိုင်ရာခွဲတမ်းများ မျှဝေရာတွင် မကျေနပ်သည့်အတွက် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



ကိုးကား - Reuters



ပုံစာ - စက်တင်ဘာ ၁၀ ရက် ၂၀၂၄ ခုနှစ် အိန္ဒိယနိုင်ငံ မနိပူရ်ပြည်နယ် Imphal မြို့တွင် တိုင်းရင်းသားအကြမ်းဖက်မှုများအဆုံးသတ်ရေး ဆန္ဒဖော်ထုတ်တောင်းဆိုနေသူများထံသို့ ရဲတပ်ဖွဲ့မှ ပစ်ခတ်သော မျက်ရည်ယိုဗုံးကျရောက်နေစဉ်။ REUTERS/Stringer/ File Photo



Burma Associated Press

 

အိန္ဒိယ
မနိပူရ်

Share With
bap-logo