Politics
မုံရွာမှာ စစ်တပ်က နေအိမ်နဲ့ဆိုင်တွေကိုဖောက်ပြီး အသက် ၅၃ နှစ်အရွယ် အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့
လွန်ခဲ့သော တစ်နှစ် က
မုံရွာ၊ ဖေဖော်ဝါရီ ၂၅။
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ် မုံရွေးရွာမပိုင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်က စစ်တပ်က နေအိမ်နဲ့ဆိုင်တွေကို ဝင်ရောက်ဖောက်ထွင်းယူပြီး၊ အခြားရွာကနေ စျေးရောင်းပြီးဆိုင်ကယ်နဲ့ပြန်လာသူတဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ၅၃ နှစ် အရွယ်ဖြစ်ပြီး၊ ခင်မွန်ရွာကို ပြန်လာချိန် ရွာအဝင်မှာ စစ်တပ်နဲ့တွေ့ပြီး၊ စစ်တပ်ကဆိုင်ကယ်ရပ်ဖို့ပြောတာကို မကြားဘဲမောင်းခဲ့တာကြောင့် ပစ်သတ်ခံရတာလို့ဒေသခံတဦးက ပြောပါတယ်။
" သေသူက စျေးရောင်းအပြန် ကစကတွေကရွာအဝင် ထိပ်တိုက်တိုးတယ်၊ စျေးသည်က ဆိုင်ကယ်နဲ့လာတယ်၊ သူ့ဆိုင်ကယ်အသံနဲ့ သူတို့ရပ်ခိုင်းတာ မကြားတော့ သူတို့ရပ်ခိုင်းတာ မရပ်လို့ ပစ်တယ် "လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေပြန်ထွက်သွားချိန်ကြမှ ပစ်ခတ်ခံရသူရဲ့အလောင်းကို မိသားစုက ပြန်လည် သယ်ဆောင်သွားကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ မုံရွာမြို့နယ်ကကျေးရွာတွေကို ဝင်ရောက်ပြီး ပစ္စည်းယူတာ၊ ရမ်းကားပစ်ခတ်ခဲ့တာတွေ မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ထနောင်းတောရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၄ နှစ်အရွယ်ကလေးငယ်တဦးအပါဝင် အမျိုးသား ၅ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူအချို့ဆီက သိရပါတယ်။
"ရွာကို အတင်းဝင်းပြီး သူတို့နဲ့တွေ့တဲ့သူ ဖမ်းသတ် ရမ်းပစ် ထုံးစံလိုဖြစ်နေပါပြီဗျာ၊ သူတို့လာရင် ပြည်သူတွေ ပြေးကြရတယ်၊ မပြေးနိုင်ဘဲ အိမ်မှာပုန်းနေရင် ရမ်းပစ်လို့မှန်ရင် ဒဏ်ရာနဲ့အသေပဲ ရှိတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့နယ် မုံရွေး၊ ကြေးမုံနဲ့ အနီးနား ကျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေ လုပ်နေပြီး ၊ရွာမီးရိူ့တာတွေပြုလုပ်နေတာကြောင့် ဒေသခံတွေစစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ဒေသခံ
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က