bap-logo
Politics

အိန္ဒိယနိုင်ငံ မနီပူရ်ပြည်နယ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုနောက် ၂ ဦး သေဆုံး

lbCmoNuwKXTFIeiruvX_v-image

လွန်ခဲ့သော ၇ လ က

အကြမ်းဖက်မှုများ ကြိုကြားဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မနီပူရ်ပြည်နယ် Churachandpur ခရိုင်တွင် ကြာသပတေးနေ့နှောင်းပိုင်းက ဆူပူနေသည့် လူအုပ်တွင်း လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

 

မြန်မာနယ်စပ် အိန္ဒိယ၏ပြည်နယ်တွင် စီးပွားရေးအကျိုးအမြတ်များနှင့် ခွဲတမ်းများ မျှဝေမှုပေါ် မကျေနပ်ရာမှ လူများစု မေထေးနှင့် လူနည်းစု ကူကီအသိုင်းအဝိုင်းများအကြား ပြီးခဲ့သည့်နှစ် မေလနောက်ပိုင်း ဖြစ်ပွားခဲ့သော အပြင်းအထန် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့သည်။ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ၍ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။

 

ကူကီ-ဇို အသိုင်းအဝိုင်း အဓိက နေထိုင်ရာ Churachandpur ခရိုင်သည် မေလတွင် ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားများအကြား ထိပ်တိုက်ပဋိပက္ခဖြစ်ပွားမှုကို ပထမဆုံးတွေ့မြင်ခဲ့ရသည့် ခရိုင်ဖြစ်သည်။

 

ကူကီး ဒေသခံငြိမ်းချမ်းရေးရဲအရာရှိတစ်ဦးကို လက်နက်ကိုင်ထားသူများနှင့် လူမှုမီဒီယာတွင် တွေ့ရသည်ဆိုကာ ခရိုင်ရဲတပ်ဖွဲ့က တာဝန်မှ ဆိုင်းငံ့လိုက်ရန် အမိန့်ထုတ်လိုက်ပြီးနောက် ကြာသပတေးနေ့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲရုံးကို ညနေ ၇ နာရီခွဲခန့်တွင် လူပေါင်း ၄၀၀ ခန့်က နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပြီး အမိန့်ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

 

လူအုပ်ကြီးက မြို့လယ်ခေါင်တွင် ရှိသော ရဲတပ်ဖွဲ့အကြီးအကဲ ရုံးခန်းများရှိရာ အိမ်ယာသာမက ခရိုင်အုပ်ချုပ်ရေးရုံးများရကိုပါ တိုက်ခိုက်ခဲ့သည်။

 

သူတို့က အိမ်ယာ ဂိတ်တွေနဲ့ နံရံတွေကို ကျော်တက်ကြတယ်။ ယာဉ်တွေ အတော်များများ မီးရှို့ခံရတယ်။ ညပိုင်းမှာတော့ ဒု ကော်မရှင်နာရဲ့ အစိုးရနေအိမ်ကို မီးရှို့ခဲ့ကြတယ်။” ဟု အကြီးတန်း ရဲအရာရှိတစ်ဦးက ဖုန်းဖြင့် ပြောသည်။

 

လုံခြုံရေးတပ်ဖွဲ့များက ပထမတွင် လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များကို အမြင့်သို့ ပစ်လွှတ်ခဲ့ကြပြီးနောက် "မတတ်သာ၍ ပစ်ခတ်ခဲ့” သည်ဟု အရာရှိက ပြောသည်။ ၎င်းအရာရှိကို မီဒီယာသို့ ပြောခွင့်မပေးထားသဖြင့် အမည်မထုတ်ဖော်ရန် တောင်းဆိုခဲ့သည်။

 

၂၅ ဦးခန့် ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ကုသပေးနေကြောင်း အရာရှိက ပြောသည်။

 

Churachandpur တွင် အာဏာပိုင်များက မိုဘိုင်းအင်တာနက်များကို နောက် ငါးရက်အထိ ဖြတ်တောက်ထားခဲ့သည်။

 

လူမျိုးစုများဆိုင်ရာ အမြင့်ဆုံးအဖွဲ့ဖြစ်သော ဌာနေလူမျိုးစုခေါင်းဆောင်များဖိုရမ် Indigenous Tribal Leaders' Forum (ILTF) က တာဝန်ဆိုင်းငံ့ရန် အမိန့်ပေးခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ Shivanand Surve ကို Churachandpur မှ လာမည့် ၂၄ နာရီအတွင်း ထွက်ခွာရန် သတိပေးထားသည်။

ကိုးကား - Reuters

ပုံစာ - ဂျူလိုင်လ ၂၄ ရက် ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံ မနီပူရ်ပြည်နယ် Churachandpur ခရိုင် မြင်ကွင်း (Photo:REUTERS/Adnan Abidi/File Photo)

 

အိန္ဒိယ
သတ်ဖြတ်ခဲ့
ရဲတပ်ဖွဲ့
မနီပူရ်

Share With
bap-logo