bap-logo
Politics

အမေရိကန်-တရုတ် ဆွေးနွေးပွဲအပြီး တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးဖိအား မြှင့်တင်

EbLGVyHWXw2_50EjXhqCd-image

လွန်ခဲ့သော ၈ လ က

 

တရုတ်နိုင်ငံက စစ်လေယာဉ် ၃၀ ကျော်နှင့် ရေတပ်သင်္ဘောအဖွဲ့တစ်ခု ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းသို့ စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က SU-30 တိုက်လေယာဉ်များအပါအဝင် လေယာဉ် ၃၃ စီး၊ ရေတပ် ရေယာဉ် ခြောက်စီးတို့ကို ထိုင်ဝမ်ဝန်းကျင်သို့ သောကြာနေ့ မနက် ၆ နာရီမှ စနေနေ့ မနက် ၅ နာရီအကြား စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် စစ်လေယာဉ် ၁၃ စီးက ကျွန်းနှင့် ပြည်မကြီး၏ ကြားခံနယ်မြေအဖြစ် တရားဝင် သတ်မှတ်မထားသည့် နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည်။ ထိုင်ဝမ်က အခြေအနေကို စောင့်ကြည့်နေပြီး ထိုသို့လှုပ်ရှားမှုများအတွက် ၎င်း၏ ကိုယ်ပိုင်တပ်ဖွဲ့များကို ပြင်ဆင်နေရာချထားခြင်း ပြုလုပ်ခဲ့သည်။

 

၎င်းစစ်ရေးဖိအားမှာ အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ တင်းမာမှုလျော့ချရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်။ AP သတင်းဌာနက တွေ့ဆုံမှု မည်သည့်အချိန်တွင် ပြုလုပ်မည် သို့မဟုတ် တွေ့ဆုံပြီးစီးပြီဖြစ်သည်ကို မသိရကြောင်း ရေးသားထားပြီး Reuters သတင်းဌာနကမူ သောကြာနေ့နှင့် စနေနေ့တွင် တွေ့ဆုံခဲ့သည်ဟု ဖော်ပြထားသည်။

 

တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တက်ရောက်ဆွေးနွေးမည်ဟု Reuters က ဖော်ပြထားသည်။

 

“တွေ့ဆုံဆွေးနွေးမှု အသစ်မှာ Wang က ထိုင်ဝမ်အရေးအပါအဝင် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် တရုတ်၏ ရပ်တည်မှုကို ဖော်ပြသွားမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စများ၏ ဘုံအကျိုးစီးပွားကို အမေရိကန်နှင့် အမြင်ချင်း ဖလှယ်သွားမည်။” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

၎င်းတို့၏ တွေ့ဆုံမှုမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အာရှ-ပစိဖိတ် စီးပွားရေးပူပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးတွင် သီးခြားတွေ့ဆုံခဲ့ပြီး အချိန် နှစ်လကျော်အကြာတွင် တွေ့ဆုံခြင်းဖြစ်သည်။

 

ဘိုင်ဒန်နှင့် ရှီတို့က သမ္မတချင်း အရေးပေါ်ဆက်သွယ်ရေးလိုင်း ဖွင့်လှစ်ရန်၊ စစ်တပ်အချင်းချင်း ဆက်သွယ်ရေး ပြန်လည်စတင်ရန်၊ fentanyl ထုတ်လုပ်မှု တားဆီးရန်တို့ကို သဘောတူခဲ့ကြသည်။

 

တရုတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်းတို့၏ နယ်မြေအဖြစ် တောင်းဆိုထားပြီး မကြာသေးခင်နှစ်များအတွင်း ထိုင်ဝမ်မှ နိုင်ငံရေးလှုပ်ရှားမှုများကို မနှစ်သက်ကြောင်း ပြသသည့်အနေဖြင့် စစ်လေယာဉ်များနှင့် သင်္ဘောများ စေလွှတ်ခဲ့သည်။

 

ထိုင်ဝမ်သမ္မတအသစ်အဖြစ် Lai Ching-te ကို ရွေးကောက်ခဲ့ပြီး နောက်ရက်များတွင် တရုတ်က မိုးပျံလေဘောလုံး ခြောက်ခု ကျွန်းပေါ် ပျံသန်းခဲ့ခြင်း၊ မြောက်ပိုင်းဝေဟင်ကို ဖြတ်သန်းခြင်း ပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ်က ပြောသည်။ Lai ၏ Democratic Progressive Party က ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ လူမှုတရားမျှတရေးနှင့် တရုတ်ခြိမ်းခြောက်မှုများကို ငြင်းပယ်ခြင်းတို့ဖြင့် အကြီးအကျယ် မဲဆွယ်စည်းရုံးခဲ့သည်။

 

ဆွေးနွေးပွဲတွင် နှစ်ဘက်လုံးက လုံခြုံရေး၊ သန့်စင်သော စွမ်းအင်၊ ကုန်သွယ်မှုနှင့် မြန်မာအကျပ်အတည်းတို့ကို ဆွေးနွေးခဲ့သည်ဟုလည်း Reuters တွင် ဖော်ပြထားသည်။

 

ကိုးကား - ABC News, AP, Reuters

 ပုံစာ - အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့၏ ဓာတ်ပုံများပေါင်းစပ်ဖော်ပြမှု။ (Photo:AP Photo, File)

 

 Burma Associated Press

တရုတ်
စစ်ပွဲ
ထိုင်ဝမ်

Share With
bap-logo