bap-logo
Editorial

သတိ မပိုစေ ၊ မလိုပါစေနှင့်

kLKwu8yXzVEejbpMl-DGJ-image

လွန်ခဲ့သော ၂ နှစ် က

ယခုလ ဒုတိယပတ်၌ မြန်မာနိုင်ငံသို့ ဆိုက်ကလုန်း မိုကာ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။ မိုး လေ ဝသဌာနများကလည်း မေလ ၁၃ နှင့် ၁၄ ရက်များတွင် မုန်တိုင်းဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။

 

အခြားတစ်ဖက်တွင်လည်း ဆိုက်ကလုန်း မိုကာနှင့်ပတ်သက်၍ လူမှုကွန်ရက်မီဒီယာများတွင် မျှဝေပြောဆိုနေမှု များ ရှိနေသည်။ အများစုသည် ထင်ကြေးပေး ပြောဆိုမှုများသာဖြစ်သည်။ အချက်အလက်အားဖြင့်၊ ပညာရပ်အ ခြေခံအားဖြင့်၊ မုန်တိုင်းသဘာဝအားဖြင့် စိစစ်အကဲဖြတ်၍ တွက်ချက်ပြောဆိုထားသော အချက်အလက်များ ထက် ကိုးကားအတည်ပြုရန် ခက်ခဲသော မိုးလေဝသခန့်မှန်းချက်အက်ပလီကေးရှင်းများ၏ အချက်အလက်များ အပေါ် အခြေခံ၍ ပြောဆိုနေကြခြင်းဖြစ်သည်။

 

ထိုသို့ သင့်လျော်မှန်ကန်သော၊ ယုံကြည်စိတ်ချနိုင်သော သတင်းရင်းမြစ်များကို အသုံးမပြုဘဲ အချက်အလက်မဲ့ ကျိုးအကြောင်းများကို လူမှုကွန်ရက်မီဒီယာတွင် မျှဝေနေခြင်းသည် သတင်းအချက်အလက်ညစ်ညမ်းခြင်းကို ဖြစ်စေသည်။ နောက်ဆက်တွဲအဖြစ် အများပြည်သူ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေသည်။

 

ယင်းသို့သော အကြောင်းကို ယနေ့ကာလကြုံတွေ့ရခြင်းမှာ လွန်ခဲ့သော ၁၅ နှစ်တာကာလတွင် ကြုံခဲ့ရသည့် နာ ဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ်အကျိုး၏ အတွေ့အကြုံများကြောင့်သာဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကို ကြုံ တွေ့ရချိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အာဏာရှင်လက်ထက်တွင်ဖြစ်သည်။ ထိုကာလတွင် စစ်အာဏာရှင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုနိုင်ရန်သာ ကြိုးပမ်းနေခဲ့သည်။

 

မုန်တိုင်းဝင်ရောက်နိုင်ကြောင်း အသိပေးခြင်းအပါအဝင် မုန်တိုင်းနှင့်ပတ်သက်သည့် မိုးလေဝသသတင်း အချက် အလက်များကို ပြည်သူလူထုထံ ထုတ်ပြန်အသိပေးရန် ပျက်ကွက်ခဲ့သည်။ မုန်တိုင်းဖြစ်ပေါ်သက်ရောက်လာနိုင်မှု တင်း အချက်အလက်များကို ထိန်ချန်ခဲ့သည်။ ထို့အတွက် ပြည်သူ သိန်းချီ သေဆုံးခဲ့ရသည်။ ထို့ပြင် နာဂစ် မုန်တိုင်း ဘေးသင့်ခဲ့သူများအတွက် လုံလောက်သည့် အကူအညီရရှိရန် ထောက်ပံ့ပေးမှုများကို ကန့်သတ်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကောင်းစွာမပြုလုပ်ပေးနိုင်သည့်အပြင် နိုင်ငံတကာက ဝင်ရောက်လာမည့် ကူညီထောက်ပံ့မှုများကိုပါ ဟန့်တားပိတ်ပင်ခဲ့သည်။ ပြည်သူချင်း စာနာထောက်ထား ကူညီ သူများကို ဖမ်းဆီး ထောင်ချခဲ့သည်။ ပြည်သူလူထုသည် နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ်တွင် အသက် ပေါင်းများစွာ၊ ဘဝပေါင်းများစွာ၊ စည်းစိမ်ဥစ္စာပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ဘေးသင့်ခြင်းနှင့်အတူ အာဏာရှင်၏ ဘေးအန္တရာယ်ဆိုးဒဏ်ကို ကြုံတွေ့ခံစားခဲ့ကြရသည်။

 

ထို့အတွက်ကြောင့် ယနေ့ကဲ့သို့ အာဏာရှင်တကြော့ပြန်ကာလတွင်လည်း ဆိုက်ကလုန်း မုန်တိုင်းဒဏ်ကို ပြန် လည်ကြုံတွေ့ရမည်ကို စိုးရိမ်ကြောက်ရွံ့လာကြသသည်။ လက်လှမ်းမီရာ အချက်အလက်အပေါ် အခြေခံ၍ စိုးရိမ် စိတ်လွန်ကဲစွာဖြင့် သတင်းအချက်အလက်အမှန် ချင့်ချိန်နိုင်မှုအားနည်းစွာ ဖြန့်ဝေပြောဆိုနေမှုများ ရှိနေခဲ့သည်။ ဤသည်ကပင် သတင်းအချက်အလက်မှားယွင်းခြင်း၊ လုပ်ကြံသတင်းဖြစ်ခြင်းနှင့် အကြောက် တရား ဖြစ်ပေါ်စေခြင်းစသည့် အခြေအနေဆိုးများ၊ မှားယွင်းသော သတင်းအချက်အလက်များကြောင့် အများ ပြည်သူ၏အကျိုးစီးပွား ထိခိုက်စေသည့် ဆုံးဖြတ်ချက်များကို အစောတလျင် ချမိတတ်ကြသည်။ ထိုသို့ မှားယွင်း ချမှတ်မိပါက သင့်လျော်မှန်ကန်သော အမှန်တရားဖြင့် ဝေးကွာသွားနိုင်သည်။

 

ထို့ကြောင့် လာမည့် မေလ ၁၃ ရက် ဝန်းကျင်၌ ကြုံတွေ့ရနိုင်သည့်ဆိုက်ကလုန်းမိုကာ'အတွက် ယုံကြည်စိတ်ချ ရသော သတင်းရင်းမြစ်များကို စောင့်ကြည့်သင့်သည်။ မုန်တိုင်းဒဏ်ကြိုတင်ကာကွယ်ရေးအတွက် သင့်လျော်မှန် ကန်သော လမ်းညွှန်ချက်များကို လေးစားလိုက်နာသင့်သည်။ အစိုးရိမ်လွန်ခြင်း အစွန်းထွက်မှုနှင့် အစိုးရိမ်မဲ့ခြင်း အစွန်းထွက်မှုဆိုသော အစွန်းနှစ်ဖက်ရောက်ခြင်းများကို ဆင်ခြင်၍ သတိမှုသင့်သည်များကို သတိမှုအပ်ပါသည်။

 

အများပြည်သူ၏ အကျိုးစီးပွားကို ရှေ့ရှုသည့် အစုအဖွဲ့၊ အဖွဲ့အစည်းအသီးသီးကလည်းဆိုက်ကလုန်းမိုကာ'နှင့် ပတ်သက်၍ မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသင့်သည်။ အများ ပြည်သူ သိရှိလိုက်နာအပ်သော အချက်အလက်များကို အသိပညာပေးမျှဝေပေးသင့်သည်။ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သော သတင်းအမှား၊ သတင်းအတုနှင့် လုပ်ကြံသတင်းများကို ချေဖျက်ပေးသင့်သည်။ မုန်တိုင်းမတိုင်မီ ကာလနှင့် မုန်တိုင်းအပြီးကာလ တွေ့ကြုံရနိုင်သည့် ဖြစ်တန်ခြေများကို မှန်းဆ တွက်ချက်၍ ကြိုတင်ပြင်ဆင်မှုများကို ကောင်းမွန်စွာ စီမံဆောင်ရွက်ထားသင့်သည်။

 

အထူးသတိပြုသင့်သည်မှာ အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အလေးထားတတ်ပြီး လူသားချင်းစာနာ ခြင်း၊ လူ့အခွင့်အရေး လေးစားလိုက်နာခြင်းနှင့် အများပြည်သူ့အကျိုးစီးပွားအား ကြည့်ရှု့တတ်ခြင်း မရှိတတ် သည်ပင်ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်အား ခုခံတွန်းလှန်နေစဉ်ကာလ ကြုံတွေ့လာရသည့် အခြားသော သဘာဝဘေးအန္တရာယ်များအတွက် ကိုယ့်အချင်းချင်းသာ ကျောချင်းကပ်၍ ရိုင်းပင်နိုင်မှသာ ခုသာ၊ ခံသာမည် ဖြစ်ပါသည်။

 

Burma Associated Press

အာဏာသိမ်း
မြန်မာ

Share With
bap-logo